ဇာတ်ကောင်တွေကို အဆင့်ခွဲကြည့်ရင်
ဆရာတွတ် က ၁
ဗိုက်ကလေး က ၂
မသေးမျှင်က ၂.၅
သူကြီးဘစီ အာနိုးလှမိုး ဆရာလေးကိုကြည်နိုင် ဦးဧရာချမ်းတို့က ၃ ဆိုပါစို့
ဒီမြိုင်ရာဇာတွတ်ပီဇာတ်လမ်းတွေမှာ စောကြီးရဲ့အရေးပါမှုက ၂.၂ လောက်အထိပေးရမယ်ထင်တယ်
တာယာပွကြီးတို့ထဲကလိုဆိုရင် သန်းဇော်လို့ပေါ့
အများအားဖြင့် မိတ်ဖက်ဆိုပေမယ့် ရံခါမှာ အပြိုင်ဖြစ်ဖြစ်သွားတတ်တာကိုး
ကြုံတိုင်းနယ်မှ ကျားသောင်းကျန်း' ဆိုတဲ့စာအုပ်ကိုရှုပါ
။
။
ဗိုက်ကလေးအကြောင်းရေးတုန်းက ညွှန်းချင်စိတ်နဲ့ လက်တွေ့မကျတာ လူသားမဆန်တာတွေပါသွားတယ်ဗျ
ဘာလဲဆိုတော့ ဗိုက်ကလေးက ရံခါပြောက်နေတတ်တယ်
လူသူကင်းဆိတ်ရာနေနေတတ်တာဖြစ်တန်ကောင်းရဲ့လို့ ရေးလိုက်မိတာပါ
အမှန်တော့ အိမ်သိပ်မကပ်တာပဲရှိတာပါ
ရပ်ထဲရွာထဲသင့်ရာနေရာမှာရှိနေတတ်သလို ရံခါလည်း အပေါင်းအပါတွေနဲ့ ဖားရှာငါးရှာမှိုရှာမျှစ်ချိုး သွားလာနေတတ်တာကိုး
ဒါကြောင့် တတ်နိုင်သမျှ ဆန္ဒဆွဲကင်းကင်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရပါတယ်
။
။
စောကြီးကို ဋီကာချဲ့ကြည့်ရင် သိပ်များများစားစားမတွေ့နိုင်ဘူး အလုပ်အကိုင် စည်းစိမ်ဥစ္စာ စတာတွေကလည်း သာမန်မျှသာ
ဒါပေမယ့် အနုစိတ်ထပ်မံအားစိုက်ကြည့်ရင်တော့
နှစ်လိုဖွယ်စိတ်နေစိတ်ထားကို ရိုးတိုးရိပ်တိပ်မြင်ရတယ်
သူက မိတ်ဆွေကောင်းတဦးလို့ဆိုနိုင်တယ်
ဆရာတွတ်တို့ရဲ့ မိသားစုအရေးကိစ္စကြုံလာတိုင်းမှာ သာမန်ကာလျှံကာထက်ပိုလို့ အားသွန်ခွန်စိုက်ကို ကူညီပေးတတ်တယ်
ဒီအကြောင်းကို ငွေပင်မှာနားသော်လည်း' ဆိုတဲ့စာအုပ်မှာတွေ့နိုင်တယ်
သူဌေးဖြစ်တော့မည်'တို့ စာအုပ်မှာဆိုရင်လည်း ဆရာတွတ်တို့ခွေးလေးဆေးခန်းပြဖို့ မြိုင်သာကိုလှည့်နဲ့လိုက်ပို့ရာ သူ့ခမျာ လှည်းမှောက်လို့ ဒုက္ခရောက်သည်အထိ
။
။
သံယောဇဉ်ဇာတ်လမ်းတပုဒ်'ဆိုတဲ့ စာအုပ်အဖွင့်မှာတော့ ဆရာကသူပင်တိုင်အသုံးပြုတဲ့ဇာတ်ကောင်တွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားတယ်
ဒီမှာ စောကြီးကို အသက် ၃၀ ဝန်းကျင် အပျိုမှန်သမျှပိုးပမ်းတတ်ပေမယ့် ဂေါ်မစွံဖြစ်နေသူလို့ပြထားတယ်
အသက်အရွယ်မတိမ်းမယိမ်းဖြစ်တဲ့ ဗိုက်ကလေးနဲ့ မြာမှန်သမျှ အစွံထုတ်နိုင်ဖို့ ဂေါ်ရေးဖွင့်ကြရင်း အကြံတူရန်သူဖြစ်ကြရသည်ကလည်း ခဏခဏ
ဒါက ဇာတ်ရုပ်ငြိမ်ပြီးနောက်ပိုင်းကာလတွေမှာ တည်မြဲသွားတဲ့ စောကြီးရဲ့ကာရိုက်တာပါ
ဆရာ့ရဲ့အစောပိုင်းလက်ရာဖြစ်တဲ့ အောက်မေ့ဖွယ်မိုးရက်များ'ဆိုတဲ့ စာအုပ်မှာတော့ စောကြီးက ဆရာတွတ်နဲ့ အသက်သိပ်အများကြီးကွာခြားဟန်မရှိဘူး
သုံးစွဲတဲ့ဝေါဟာရအရကော
အကြံပေးစကားရဲ့ အသွားအလာအရရောကြောင့်ပါ
။
။
စောကြီးက ရခိုင်လူမျိုးဗျ
ဒီနေရာမှာ ကြုံတိုင်းဇာတိရခိုင်လူမျိုးလား
ရခိုင်တိုင်းမှာဖွားရာကနေ ကြုံတိုင်းမှာလာအခြေချတာလား စဥ်စားစရာဖြစ်လာတယ်
စာအုပ်အများစုမှာတော့ ဗိုက်ကလေးကသာ ကြုံတိုင်းသားမဟုတ်တာ သူကဒီရွာသားစစ်စစ်ဆိုတယ်
စာအုပ်အချို့မှာတော့ စောကြီးက ရခိုင်မို့ ဆရာတွတ်တို့ထက် ရေကူးပိုကျွမ်းတယ်လို့ ပြထားတယ်
ဒီလိုဆိုရင်ရခိုင်ဖြစ်တာနဲ့ ရေကူးကျွမ်းသွားရောလာလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်
မြစ်နားချောင်းနား ပင်လယ်နားနေသူ တံငါအလုပ်နဲ့အသက်မွေးသူတို့သာ ရေကူးကျွမ်းမှာမဟုတ်လား
သူကဒီအလုပ်နဲ့အသက်မွေးသူလားဆိုတော့လည်းမဟုတ်ပြန်ဘူး
ကြုံတိုင်းရွာအနီးမှာ ရွှေတဆင်ချောင်းရှိပေမယ့် တံငါလုပ်ငန်းရယ်လို့ သတ်သတ်မှတ်အသက်မွေးရလောက်အောင်ထိတော့မကျယ်ပြန့်လောက်ဘူး
တော့ဓလေ့အတိုင်း ရာသီစာ ဖားရှာငါးရှာတာတော့ရှိမယ်ပေါ့
ဒီလိုဆိုရင် ကြုံတိုင်းဇာတိဖြစ်ရိုးမှန်ရင် ဆရာတွတ်တို့ ဗိုက်ကလေးတို့နည်းတူသာပဲ ရေးကူးတတ်ဖွယ်ရာ
မျိုးရိုးဗီဇစိတ်ကြောင့် ရေမကြောက်တာသာဖြစ်ပြီး
သိပ်ကွာတာမဟုတ်ဘဲ နည်းနည်းပိုကျွမ်းတာလို့ဆိုရင် ဘဝင်ကျတန်ကောင်းရဲ့
။
။
တို့ရွာထဲမှလူများစွာ ချမ်းသာကိုစိတ်အမြဲပါစေ'ဆိုတဲ့စာအုပ်မှာတော့ ဗီလိန်ဆန်ဆန်ချယ်မှုံးထားတာ မြင်ပြင်ကပ်စရာဖြစ်သလောက်
ထမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ ' ဆိုတဲ့စာအုပ်မှာ တရားလွန်အားနာတတ်သူကြီးအဖြစ် ချစ်စရာကောင်းနေပြန်ရော
။
။
စောကြီးလို့ဆိုလိုက်ရင် အမေ ဒေါ်မလှခိုင်နဲ့နှမမေသိန်း စက်ချုပ်စာထိုင်စားလို့ ဘဝကိုအပူအပင်မဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတယောက်အဖြစ် အလွယ်တကူမြင်နိုင်ပါလိမ့်မယ်
ပထမဆုံးအနေနဲ့ စောကြီးမှာ ဘာကြောင့်မယ်မယ်ရရအလုပ်မရှိရသလဲလို့ဆိုရင် နေသာလို့ လို့ပဲပြောရမှာပဲ
မလုပ်လည်းဖြစ်တာကို ဖိအားမရှိ ကြောင်းကြမှုမရှိ တာဝန်မှမရှိပဲကို
တိုးတက်ရေးဆရာတို့ဆိုကြသလိုပြောရရင် comfort zone ထဲ ရောက်နေတာမျိုးပေါ့
ဒီလို အလုပ်အကိုင်မယ်မယ်ရရပြစရာမရှိတာကိုပဲတည်လို့ လူစွမ်းလူစမဲ့တယ်လို့လည်းမဆိုနိုင်ပါဘူး ပြသခွင့်မကြုံတာလို့ဘဲ အလွယ်ဆိုရမယ်ထင်ပါတယ်
။
။
သန္တာကျွန်း'ဆိုတဲ့စာအုပ်မှာ လှေပျက်ပြီးကျွန်းပေါ်ရောက်သွားကြတော့ စောကြီးကြိုးကြိုးစားစား အလုပ်လုပ်နေတာမြင်တော့ ဆရာတွတ်က
ဒါပဲကွစောကြီး လူဆိုတာ အကျဉ်းအကြပ်ကြုံမှ ဉာဏ်ရည်နဲ့လုံးလတို့ ပေါ်လာတတ်တာ လို့ပြောရာမှာ
ဟုတ်တယ်ဆရာတွတ်ရေ ကျွန်တော်လည်း ဒီလိုဒုက္ခကြုံမှ လူ့ဘဝရပ်တည်မှုဆိုတာကို သဘောပေါက်လာတယ်တဲ့
။
။
လူပျိုကြီးများဒုက္ခဆိုတဲ့စာအုပ်မှာဆိုရင်လည်း
စပါးပွဲစားလုပ်တော့ အတော့်ကိုအဆင်ပြေပုံပဲ
ဝယ်မယ့်ကုန်ပစ္စည်းနဲ့ပတ်သက်လို့ အရည်အသွေးဆုံးဖြတ်နိုင်တာတွေ သာမန်ရိုးရိုးရောင်းတာဝယ်တာမျိုးတင်မဟုတ်ဘဲ ကြိုတင်ရင်းနှီးမြှပ်နှံတာတွေနဲ့ဟန်ကျနေခဲ့တာရယ်
နောက်ပိုင်း မ'ကိစ္စဖက်မှသာ ပျက်သွားရတာကိုး 😄
ဒါကိုကြည့်ခြင်းအားဖြင့် စောကြီးကို လူစွမ်းလူစညံ့သူရယ်လို့ မုချသတ်မှတ်လို့မရပြန်ဘူး
မလုပ်တာ လုပ်ဖို့လိုအပ်တယ်လို့မခံယူလို့ ဝီရိယလျော့တာလို့ပဲယူဆရမယ်ထင်တယ်
။
။
သူယှဉ်တွဲနေတဲ့ ရယ်စရာလေးတွေကလည်းအများသား
ရွာကကောင်မလေးတွေများပြောက်သွားရင် အထင်ခံရနည်းလားဆိုပြီး ဖျာလိပ်ထဲဝင်ကပုန်းလိုပုန်း
မနက်စောစောအပျိုချောတို့အိမ်ရှေ့ မျက်နှာသွားသစ်ကာ ထိုအိမ်မှာအိပ်ခဲ့သယောင် ဟန်ဆောင်လိုဆောင်ရယ် 😄
။
။
ဒီထက်ပိုပြီးသူ့ကို သတိတရရှိနေကြမယ့်အရာကတော့ နောက်ဆုံးရူးကြောင်ကြောင်တောင်ဖြစ်သွားတဲ့
သီတင်းကျွတ်တော့မည်'စာအုပ်မှာပေါ့
မိန်းမသွားတောင်းချိန် ယောက္ခမလောင်းကြီးက ငွေမျက်နှာကြည့်မယ်လို့ထင်ရကား မန်ဟန်အပြည့်နဲ့ရင်ကိုချီလို့ မတ်တပ်ရပ်ကာ ဝဲဖက်ရင်ဘတ်ကိုပုတ်လို့ ပြောလိုက်တဲ့ စကားတခွန်းပါ
ဗိုက်ကလေးက ကြမ်းကြားကနေ ပုဆိုးစဆွဲထားတာမို့
ကွင်းလုံးကျွတ်ကျနေတာမသိပဲ
'ကျွန်တော့မှာတော့ ရွှေမရှိဘူး ငွေမရှိဘူး
ဒါပဲရှိတယ်ဗျ ဒါပဲရှိတယ်' 😄 လို့
ပုဆိုးမပါပဲ မာန်ပါပါ မော့ကာကော့ကာပြနေတော့ကား
စကားလည်းဆုံးရော ယောက္ခမလောင်းကြီးကဓါးနဲ့လိုက်ခုတ်လို့ သူကြီးတူစီးမယ့် မိုးပျံဗူဖောင်းကြီးတက်စီးကာ ပြေးလိုက်ရတာ ရွှေတဆင်ချောင်းရောက်မှ ခုန်ချရသည့်အဖြစ်
။
။
ခုညွှန်းဆိုခဲ့တဲ့စာအုပ်အားလုံးကို အမောင်နွားကျောင်းသားဖတ်ပြတဲ့ ဒို့ခေတ်ယူကျုချန်နယ်မှာ သွားရောက်နားစဉ်လို့ တော်လှန်ရေးမှာတတပ်တအားပါဝင်နိုင်သလို
စာအုပ်ဝယ်ဖတ်မယ်ဆိုရင်လည်း မူရင်းဖန်တီးသူရဲ့မိသားစုမျိုးဆက်တို့အတွက် အသီးအပွင့်ခံစားရစေမှာပါလို့
။
။
အဲဗျ ပြောဖို့မေ့နေတယ်
ဒီသူငယ်ချင်းပန်းချီဆရာစောတင်မောင်'ကို ကျီစယ်ပြီးဆွဲထားတဲ့ ဒီလူပျိုကြီးစောတင်မောင်ဟာ
ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ဇာတ်လမ်းတွေထဲမှာ ကြံဖန်အသည်းကွဲ လွဲနေတတ်ပေမယ့် အပြင်လောက လက်တွေ့ဘဝမှာတော့ ဗိုက်ကလေးရဲ့ ဝမ်းကွဲနှမနဲ့ ဖူးစာဆုံဆိုပဲဗျ
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment