သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, June 6, 2019

မေမေ့သား တိုက်စစ်မှူး ဘောလုံးသမား (ချစ်ဦးညို)

--------------------

“ဂိုး” ဟူသော တစ်ခဲနက် အော်သံကို ကြားရလျှင်ပင် အမလေး တကာ  အထိတ်တလန့် ဖြစ်သွားတတ်သော ကျွန်မ၌ သားလေး တစ်ယောက်ရှိပြီး ထိုသားလေးမှာလည်း ရှေ့တန်း တိုက်စစ်မှူး ဘောလုံးသမား တစ်ယောက် ဖြစ်နေခြင်းမှာ လောကရဲ့ လှပ ပိရိသော လှည့်စားချက် ပေပဲလား မသိ။

အားကစား ဆိုသော အရာကို ကျွန်မသည် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားရ ကောင်းမှန်းလည်း မသိ။ အာဖရိက တောနက်ထဲမှ ကပ္ပလီ တစ်ဦးသည် မြောက်ဝင်ရိုးစွန်းမှ ပိုလာ ဝက်ဝံတစ်ကောင် အကြောင်း ဘာမှ တွေးမိခြင်း မရှိနိုင်သလို၊ ကျွန်မ၏ အတွေးအကြံ လှုပ်ရှားမှု မှန်သမျှထဲ၌ အားကစား ဆိုသောကဏ္ဍ မပါရှိခဲ့ပေ။ အားကစား စိတ်ဓာတ်၊ အားကစားဖြင့် တိုင်းပြည် လူမျိုးဂုဏ်ကို မြှင့်တင်အံ့ ...အစရှိသော စကားလုံးတွေကို ကြားနေရ သော်လည်း တစ်ချက်လေးမှ ကျွန်မ (စိတ်ဝင်းစားဖို့ မဆိုထားနှင့်) အတွေးစိတ်ကူး သက်ရောက်ခြင်းတောင် မရှိခဲ့ပေ။

အဲဒီလို မိန်းမသား တစ်ဦးမှာမှ ထူးချွန်သော ဘောလုံးသမား သား တစ်ယောက်ကို ရရှိလာခြင်းမှာ အတော့်ကို ခွကျသော ကိစ္စ ဖြစ်လေသည်။

သို့သော် သား၏ အောင်မြင်မှုတွေကို ကျွန်မ အသိအမှတ် မပြုဘဲ မရတော့အောင် ဖြစ်လာ၏။ ဧည့်ခန်းကို ကြက်မွေး တစ်ချောင်းဖြင့် ကျွန်မ ရှင်းလင်း သန့်စင်ရာမှာပင် ရှိုးကေ့စ်ထဲက သား ရထားသော ဆုဖလားများ၊ တံဆိပ်များ၊ နံရံထက်မှ ဘောလုံး ပိုက်ထားသော သား၏ ဓာတ်ပုံများ၊ ဆုတံဆိပ် လက်ခံ ရယူနေသော ဓာတ်ပုံများကို ကျွန်မ အသေအချာ ကိုင်တွယ် သန့်ရှင်း ပေးရတော့သည်။

သား၏ အားကစား ဝတ်စုံများကို လျှော်ဖွပ် မီးပူတိုက်ရာ တွင်လည်း သမီးကြီးနှင့် လွှတ်ပေး မထားတော့ဘဲ ကျွန်မ ကိုယ်တိုင် ဝင်လှုပ်ရှား ဖြစ်သည်။ နံရံကပ် ဗီရိုမှာလည်း ကျွန်မနှင့် အိမ်ဦးနတ်တို့ အတွက် ဆောင်ထားသော အိမ်သုံးဆေးများကို တော်ရာချောင်တွင် ပြောင်းရွှေ့ကာ သားအတွက် အားဆေး၊ လိမ်းဆေး ပုလင်းများ ဘူးများကိုသာ စီရရီ နေရာချပေး ဖြစ်လာသည်။

ထမင်းစား စားပွဲပေါ်မှာလည်း ကျွန်မတို့၏ ထန်းလျက်ပုလင်း၊ စတုမဓူ ပုလင်းများ နေရာမှာ သားအတွက် သစ်သီးဖျော်ရည်၊ မိုင်လို၊ ဟောလစ် ဘူးများက နေရာယူ လာသည်။

တစ်ခုတော့ ဝန်ခံရပါမည်။ ကျွန်မ ဒါတွေကို လုပ်နေခြင်းမှာ သားကို ချစ်သော မိခင်မေတ္တာ အကြောင်းရင်းခံ တစ်ခုတည်း ကြောင့်ပဲ ဖြစ်၏။ သား၏ အားကစားကို ကျွန်မ အားပေး ဖြည့်စွမ်းခြင်း မဟုတ်ရေးချ မဟုတ်ပေ။ ဟို ဟာသ ပုံပြင်လေးထဲက မိန်းမကြီး ပြောသလိုပင် “ဘောလုံးလေးက တစ်လုံးတည်း၊ လူတွေက အယောက် နှစ်ဆယ်လောက် ဝိုင်းလု ကန်နေကြ ရတာကိုး။ တစ်ယောက် တစ်လုံးစီ ပေးလိုက် ပြီးရောကွယ်” ဆိုသော အဆင့်မျိုးထက် ကျွန်မ မပိုပေ။ သည်မျှပင် ကျွန်မသည် အားကစားဆိုတာနှင့် ဝေးကွာသူ ဖြစ်ပေသည်။

“စပို့တ်စ်မင်း စပရစ်” ဆိုသော စကားလုံးကို သိပါသည်။ သို့သော် ဒါကို ဆက်လက် တွေးတောဖို့ ကျွန်မ ဘယ်တုန်းကမှ မကြိုးစားခဲ့။ အားကစား ဆိုတာ လူတစ်ယောက်ရဲ့ ဘဝ ဖြစ်တည် ရှင်သန်ရေးမှာ လိုအပ်သလား။ ဘယ်လောက် အတိုင်းအတာ အထိ လိုအပ်သလဲ။ တိုင်းပြည် လူမျိုး ဂုဏ်ကို အားကစားနဲ့ မြှင့်တင်တယ် ဆိုတာ ဘယ်လိုပါလိမ့်။ ကျွန်မ မတွေးတတ်ရိုး အမှန် ဖြစ်၏။

တစ်ခါ တစ်ခါတော့ သား၏ မိခင် အနေနှင့် ကျွန်မ အစွမ်း ရှိသလောက် တွေးကြည့်မိ လေသည်။ ဂိုးပေါက်ထဲ ဘောလုံးဝင်အောင် သွင်းနိုင်တာ၊ ခရီးဝေးကြီးကို ပြေးပြီး ရှေ့ဆုံးက ပန်းဝင်သွားတာ၊ သံလုံး သံပြား ဆိုတာကို အဝေးကြီး ရောက်အောင် ပစ်နိုင်တာ၊ တုတ်ရှည်ကြီးနဲ့ ထောက်ခုန်ပြီး သစ်သားတန်း အမြင့်ကြီး လွတ်အောင် ခုန်နိုင်တာ၊ ပုံစံ အမျိုးမျိုးနဲ့ ရေကူးနိုင်တာ ... အင်း ... ဒါတွေ လုပ်နိုင်တော့ကော ဘာဖြစ်လာမှာလဲ။

“စစ်မှန်သော ပြိုင်ဆိုင်မှုသည် တိုးတက်မှုကို မွေးဖွားပေး၏” တဲ့။ “လူသားတို့၏ သန္တာန် ကိုယ်နှိုက်က ပင်လျှင် အားပြိုင်မှုကို နှစ်ခြိုက်တတ်၏” တဲ့။ ဒီအဆိုအမိန့်တွေ ကိုလည်း ကျွန်မ စောဒက မတက်ချင်ပါ။ အင်း ... ဒါပေမယ့် ရုပ်ခန္ဓာကြီးကို ရရှိလာပြီး ကတည်းက အတွင်းအပြင် အာယတနတွေနဲ့ ပြိုင်ဆိုင်ကြရပြီ ဖြစ်တဲ့ ဘဝကြီးမှာ အားပြိုင် လွန်ဆွဲမှုတွေကို ထပ်ပြီး ရှာကြဦးမှာတဲ့လား။ ထားပါတော့လေ။

ကျွန်မသည် အားကစားနှင့် ပတ်သက်လာလျှင် နလပိန်းတုံး မိန်းမသား တစ်ယောက်သာ ဖြစ်လေသည်။

အင်း ... ဒီလို မိခင်မျိုးမှာမှ ဒီလိုသား တစ်ယောက် ထွန်းပေါက်လာတယ် ဆိုတာကတော့ ...။

* * *

ရပ်ကွက်အတွင်း၊ လမ်းအတွင်း၊ အပြေးပြိုင်ပွဲ ဘောလုံးပွဲများမှာ သားလေး ဆုတွေ စရပြီ ဆိုကတည်းက ကျွန်မ ရင်ဖိုရတော့၏။

“သားရယ်၊ မတော်တဆ လဲပြုပြီး ကျိုးပဲ့ သွားမှဖြင့်”

ကျွန်မ သိသည်မှာ ဒါပဲ ဖြစ်သည်။

ကျောင်း လက်ရွေးစင်၊ ရပ်ကွက် လက်ရွေးစင်၊ မြို့နယ်၊ ခရိုင် ... စသည်ဖြင့် သားသည် အသက်အရွယ်နှင့် အမျှ တစ်စတစ်စ တက်လာ၏။ သား၏ ဝါသနာနှင့် ထူးချွန်မှုကို မည်သည့် မိခင်က ကန့်လန့်ဖြတ် နိုင်မည်လဲ။ ကျွန်မမှာ စိုးရိမ်စိတ်များကို ပွေ့ပိုက် ထားရင်းကပင် သား၏ ပျော်ရွှင်မှုကို ကြည်နူးခြင်း တစ်ဝက်၊ စိတ်မပါခြင်း တစ်ဝက်ဖြင့် ခွင့်ပြုရတော့၏။

သားတို့ အဖေက ကျွန်မကို ပြောတတ်ပါသည်။ “ဟေ့ မင်းဖတ်နေတဲ့ စာအုပ်ထဲက နတ်သျှင်နောင်ဟာ ကူလီရိုက် ကစားနည်းမှာ ချန်ပီယံ တစ်ယောက်လေကွာ။ မင်းရဲကျော်စွာ ဆိုတာကော ကျည်းသား ရိုက်ရင်းနဲ့ စစ် ထတိုက်ခဲ့တယ် မဟုတ်လား။ ယောက်ျား တစ်ယောက်ရဲ့ ကိုယ် စိတ် ကြံ့ခိုင်မှုမှာ စပို့တစ်စ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကွ”

အစ်ကိုကြီးက ကမ္ဘာကျော်၊ မြန်မာကျော် အားကစားသမား တွေကို တသီကြီး ရွတ်ပြ၏။ ဘောဘီဘိုး၊ အူဆီဘီယို၊ ပီလီ၊ မာရာဒိုနာ၊ ဘက်ဂီယို၊ ဗဟာဒူး၊ အေးမောင်ကြီး၊ လှဌေး၊ စတိုင်လ်၊ ကျော်မင်း မှသည် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ မောင်မောင်ဦး၊ ဝင်းအောင်၊ သန်းဝေ၊ ဇော်ဝင်းနိုင်။

“မိုဟာမက်အလီ ကွာ။ အို ဂျေ ဆင်ပဆင် ကွာ။ပြီးတော့ ရော့ကီ မာစီယာနို၊ မိုက်ကယ်ချန်း၊ မြအေး၊ တင်မောင်နီ၊ ဂျနီဖာတင်လေး၊ ခင်ခင်ထွေး၊ မာမာမင်း”

အစ်ကိုကြီးကို စကားပြိုင်ပြောဖို့ အင်အားလည်း မရှိ။ ဝါသနာလည်း မပါသော ကျွန်မသည် စာစောင်အချို့ကို ထုတ်ပြလိုက်၏။

မိုနီကာဆဲလက်စ် တင်းနစ်ကွင်း ထဲမှာပင် ဓားထိုးခံရခြင်း၊ စတက်ကဖီ ဂရပ်၏ ဖခင်ကြီး အခွန်ရှောင်မှုဖြင့် တရားစွဲ ခံရခြင်း၊ ဘောလုံးသမား အက်စကိုဘာ သေနတ်ပစ် ခံရခြင်း သတင်းများ ထိုစာစောင်များတွင် ပါရှိ၏။

အစ်ကိုကြီးက စာစောင်များကို ဖတ်ပြီး ကျွန်မကို ကြည့်ကာ

“မင်းဟာ နဂို ကတည်းကမှ အားကစားနဲ့ ဒုံးဝေးရတဲ့ အထဲ သားအပေါ် စိုးရိမ်စိတ်တွေက လွန်ကဲ နေတာကိုး။ မင်းအတွက် အားကစား ကြောက်စိတ် ဆိုပြီး ဖိုးဘီးယား ဝေါဟာရ အသစ်တစ်ခု ထွင်ရမလို ဖြစ်နေပြီ” ဟု ဆို၍ သား ထရိန်နင်ဆင်း နေရာသို့ ထွက်သွားတတ် လေသည်။

ကျွန်မကတော့ သား ပြန်လာလျှင် ရေချိုးဖို့ ရေနွေးတည်ရင်း၊ လိမ်းဆေးဘူးတွေ ထုတ်ရင်း၊ နွားနို့ကျိုရင်း ... သားလေး ဘေးမသီ ရန်မခ ရှိပါစေလို့ မေတ္တာပို့ ဆုတောင်း နေမိ၏။

ဆုတောင်း ဆိုလို့သာ ... ကျွန်မ သတိထားမိသည်မှာ သားလေးရဲ့ အဖွဲ့ အသင်း အနိုင်ရပါစေဟု ကျွန်မ တစ်ခါမှ ဆုမတောင်းဖူးကြောင်း အမှတ်ရ လာ၏။ တစ်ဆက်တည်း တွေးမိသည်မှာ သား၏ အောင်မြင်မှု အတွက်လည်း ကျွန်မ တစ်ခါမျှ ဂုဏ်ယူ ဝမ်းမြောက်ခြင်း မရှိခဲ့ ဟူသော အချက်ပင် ဖြစ်၏။

* * *

“အာဆင်နယ်လ် အသင်းက ခြေတက် လာတယ်။ တိုက်စစ်မှူး နှစ်ယောက် အားဖြည့် ထားတယ်နော် ဖေဖေ”

“အေးကွ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အရှိန်အဝါကို သူတို့ အတော် ကြိုးစား ပြိုင်ကြရလိမ့်မယ်။ ယူနိုက်တက် ခံစစ်ဟာ တစ်ချိန်တည်းမှာ ထိုးစစ် အကွက်ကို ဆင်ပေးနိုင်တာ”

“အခုအတိုင်း ကတော့ ပရီမီးယားလိဂ် ပွဲစဉ်မှာ ခြောက်သင်းလောက်က အပြိုင်းအရိုင်းပဲ ဖေဖေရဲ့ ...။ နိုင်တီဆစ် မှာတော့ အဖြေတွေ တစ်မျိုး ထွက်လာမယ် ထင်တယ်”

“ကြည့် ... ကြည့်ထားဟေ့၊ နောက်တန်းလူတွေကို ဖရိုဖရဲ ဖြစ်အောင် လုပ်နေတာ တွေ့လား။ ကွင်းလယ်ကို ပြန်ဆင်းအောင် ပရိယာယ် ဆင်တာပဲ။ ဂိုးရှေ့မှာ ဟင်းလင်းဖြစ် သွားတာနဲ့ နှစ်ဆင့်ပေး လောက်နဲ့ပဲ ဂိုးသွင်းမှာ တွေ့လားကွ၊ သား”

ပရီမီးယားလိဂ် ဘောလုံးပွဲများ လာသော စနေနေ့ နေ့လည်ပိုင်း ဆိုလျှင် တီဗွီရှေ့မှာ သူတို့ သားအဖ နှစ်ယောက် အသံဖြင့် ပွက်လောညံ နေတတ်သည်။ သူကိုယ်တိုင်က အားကစားသမား မဟုတ်သော်လည်း ဘောလုံးပွဲကို အသေအလဲ ကြိုက်တတ်သော ကျွန်မ၏ ခင်ပွန်းသည် တကယ့် ဝါရင့် ပရိသတ် ဖြစ်၏။ သူ၏ ဝါရင့် ပရိသတ် အမြင်သည် သားအတွက် ကြီးစွာသော အထောက်အပံ့ ဖြစ်စေသည် ဟုလည်း သူ ယုံကြည်လေသည်။

အစ်ကိုကြီးသည် သူ၏ ကိုယ်ပိုင် အသုံးစရိတ် များကို လျှော့ချကာ သားအတွက် အားကစား စာစောင်များ၊ အားကစား ပစ္စည်းများ ဝယ်ပေးခြင်း ဖြင့်လည်း တိုက်ရိုက် အားဖြည့်ပေး တတ်၏။ ထိုအခါ ဖခင်ဖြစ်သူ၏ ကိုယ်ရော စိတ်ပါ မြေတောင်မြှောက် အားပေးမှုကို ခံယူသည် ရှိသော သားသည်လည်း ပို၍ ပို၍သာ တက်ကြွ လာတော့သည်။

သူတို့ သားအဖကို ကြည့်ပြီး ကျွန်မမှာသာ ရင်တမမ။

တီဗွီ ဘောလုံးပွဲများ ကြည့်နေကြသည့် သားအဖ အတွက် ကော်ဖီသွား ချပေးစဉ် မျက်နှာ လွှဲထားသည့် ကြားမှ အမှုမဲ့ ကြည့်လိုက်မိသည့် ခဏ။ ဘောလုံးသမား တစ်ယောက် ခွေခနဲ လဲကျ။ ထမ်းစင်နှင့် ထုတ်သွားတာမျိုး မြင်လိုက်ရပြီ ဆိုလျှင်တော့ ကျွန်မ ရင်တုန်ပန်းတုန် ဖြစ်လာကာ သွေးဆေး သွားသောက် ယူရ၏။

သူတို့ သားအဖ ကတော့ ထမ်းစင်ပေါ် ပါသွားသူထံ စိတ်မရောက်။

“ပင်နယ်လ်တီ မပေးသင့်ဘူး ဖေဖေရဲ့”

“ဒါပေါ့ကွာ၊ ဟိုကောင် ဒူးရှေ့ထုတ်ပြီး ခုန်လာတာလည်း ကြည့်ဦးမှပေါ့။ ဘော်ဒီဖို့စ်နဲ့ ကစားကြတာပဲ။ တွေ့လား၊ ကက်ပတိန်က ဒိုင်လူကြီးဆီမှာ ကွန်ပလိန်း တက်နေပြီ”

“ဟော ... ကက်ပတိန်ကို အဝါကဒ် ပြလိုက်ပြီ ဖေဖေ”

“အင်း ... ဘာပဲဖြစ်ဖြစ်၊ ကြည့်ကောင်းပြီပေါ့ကွာ။ အချိန်က ဆယ့်နှစ်မိနစ်ပဲ ကျန်တော့တာကွ”

အစ်ကိုကြီးကို တစ်ခုခုပြောမှ ဖြစ်တော့မည်ဟု ကျွန်မ ဆုံးဖြတ်လိုက် ပါသည်။

* * *

“အာဇာနည် သူရဲကောင်းမိခင် ဆိုတဲ့ ဘွဲ့ကို အမေတွေဟာ မလွှဲသာလို့ ခံယူ လိုက်ရတာပါ အစ်ကိုကြီး။ ဖြစ်နိုင်ရင် အမေတွေဟာ သူတို့ရဲ့ သားတွေကို ရင်အုပ်မကွာဘဲ ထားချင်ကြတာပါ။ ဘယ်မိခင်မှ သူတို့ရဲ့သားကို စစ်မြေပြင် ရှိရာ မလွှတ်ချင် ကြပါဘူး။ အာဇာနည် သူရဲကောင်းရဲ့ မိခင်ဆိုတဲ့ ဘွဲ့ကြီးကိုလည်း သားရဲ့ အသက်သွေးနဲ့ လဲပြီး မပိုင်ဆိုင်ချင် ကြပါဘူး။ မတတ်သာလွန်းလို့ သာပါ”

ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲမှ စကားအချို့ကို ကိုးကား၍ ကျွန်မ ရေရွတ် ပြလိုက်သောအခါ သား၏ ဖေဖေသည် ကျွန်မကို အထူးအဆန်း လုပ်၍ ငေးကြည့်နေ၏။

“မင်း ဘာတွေ ပြောနေတာလဲ”

“သားဟာ အခု မြို့နယ် လက်ရွေးစင် ဖြစ်လာပြီလေ။ ပြီးတော့ ရှေ့တန်း တိုက်စစ်မှူးတဲ့။ ဘောလုံး တစ်သင်းမှာ ဒီလိုနေရာဟာ အင်မတန် အန္တရာယ် ကြီးတယ် မဟုတ်လား။ ပရိသတ် ထောင်သောင်းက သားကို လက်ခုပ် ဩဘာသံတွေနဲ့ အားပေးနေချိန်မှာ ကျွန်မကတော့ သားလေး တစ်ခုခု ထိခိုက်သွားမှာကိုပဲ တစ်ချိန်လုံး ပူပန်နေရတယ်”

စိတ်ပျက်စွာ သူ ကျွန်မကို ကြည့်ပြီး ...

“ကြုံဖူးပေါင်ကွာ၊ ကိုယ့်သားရဲ့ ထူးချွန် ကျော်ကြားမှုကို မမြင်နိုင်ဘဲ တစ်ဖက်က လှည့်တွေးနေတဲ့ မိခင်မျိုး၊ မင့်ဟာ အနိဋ္ဌာရုံ အမြင်ပဲ”

“အနိဋ္ဌာရုံ အမြင်ပဲ ပြောပြော။ အန္တရာယ်တွေ ကြားက ပေါ်ပေါက်လာတဲ့ ထူးချွန် ကျော်ကြားမှုကို ကျွန်မ အရသာ မတွေ့တာ အမှန်ပဲ။ အို ... သားအတွက် ဂုဏ်ယူတာ မယူတာတွေကို ပြောတာ မဟုတ်ဘူး။ သားအတွက် စိုးရိမ်တာ”

“ဟ မိန်းမရဲ့၊ မင့်လိုသာဆိုရင် တိုက်ပွဲတို့၊ အခက်အခဲတို့၊ ယောက်ျားကောင်းတို့ ဆိုတာတွေ ပေါ်လာစရာ မရှိတော့ဘူး။ ခက်ပါ့ကွာ။ ဒီစကားများ သားကို သွားမပြောလိုက် ပါနဲ့။ မင့် အယူအဆက သားရဲ့ တိုးတက်မှုကို နောက်ဆံတင်းအောင် လုပ်သလို ဖြစ်နေပြီ”

“သားကို ချစ်တဲ့ စိတ်နဲ့မို့ ကျွန်မ သားကို မပြောဘဲ အစ်ကိုကြီးကို ပြောပြ နေတာပေါ့။ သားကို သိပ် သိပ် မြှောက်မပေးပါနဲ့လို့”

“အံမာမင့်သားက ငါ မြှောက်ပေးစရာ မလိုဘဲ သူ့ဘာသာသူ ပါရမီ ထူးချွန်တဲ့ ဘောလုံးသမား ဖြစ်နေတာဗျား ...”

အစ်ကိုကြီးက နံရံပေါ်မှ သား ဘောလုံး ပိုက်ထားသော ဓာတ်ပုံကို တစ်ချက် လှမ်းကြည့်ပြီး ပြော၏။

“မင်း အတွေး လွဲနေတယ်၊ အတွေး ခေါင်နေတယ်။ အမှန်က သားရဲ့ တောက်ပြောင်တဲ့ အနာဂတ်အတွက် ငါတို့က တခြား အရေးကြီးတဲ့ အချက်တွေနဲ့ ဆုံးမ သတိပေးရမှာ။ တွေ့နိုင်တဲ့ အန္တရာယ်တွေကို ကြိုတွက် ပြရမှာ။ မင်းပြောတဲ့ အန္တရာယ်မျိုး မဟုတ်ဘူး”

“ဘာအန္တရာယ်တွေလဲ ... ဟင်၊ အစ်ကိုကြီး”

ကျွန်မ ပို၍ စိုးရိမ်သွား၏။

“ထူးချွန်တဲ့ အားကစားသမားတိုင်း လိုလိုမှာ တွေ့ရ၊ ကြုံရတတ်တဲ့ ဟာတွေပေါ့။ ဥပမာ တစ်ကိုယ်ကောင်း ဆန်တာမျိုး၊ ဘဝင်မြင့်တာမျိုး၊ အသင်းအဖွဲ့စိတ် မရှိဘဲ ငါမှငါဆိုတဲ့ အတ္တ ကြီးမား လာတာမျိုး။ ... အင်း နောက်တစ်ခုက လောင်းကစား ဆိုပါတော့”

ဘောလုံးလောကတွင် ရှိတတ်သော လောင်းကစားခြင်းများ၊ လာဘ် အပေးအယူများ အကြောင်း အစ်ကိုကြီးက ဆက်ရှင်းပြသည်။

“ထူးချွန် ကျော်ကြားမှုကို အသုံးချတတ်ကြတဲ့ မသမာသူတွေ ရှိတယ်။ ငွေကြေး၊ စည်းစိမ် အခွင့်အရေးတွေနဲ့ ဖြားယောင်း သွေးဆောင်ကြတယ်။ အဂတိ တရားတွေ ရှိတယ်။ ဒါတွေကို ငါတို့သား ရှောင်ရှားနိုင်အောင်၊ တောင့်ခံနိုင်အောင် သွန်သင်ဆုံးမ ရမယ်။ တကယ့် အန္တရာယ်ဆိုတာ အဲဒါတွေကွ။ အားကစားသမား ကောင်းရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့တကွ ဘဝတစ်ခုလုံး ကိုပါ ဖျက်ဆီးမယ့် ဟာတွေပေါ့။ မင်း စိုးရိမ်သင့်တာ အဲဒီအပိုင်းကွ”

ဘုရား ... ဘုရား ...။ သူ ပြောပြတော့မှပင် သားလေး၏ ရှေ့ခရီးမှာ မမြင်နိုင်သော အန္တရာယ်တွေ ရှိနေသေးကြောင်း ကျွန်မ သိလာ ရတော့သည်။

အစ်ကိုကြီးက အားကစား လောကရှိ လောင်းကစားမှု ကိစ္စများ အကြောင်း ကျွန်မကို အသေအချာ ရှင်းပြ၏။ ပရိသတ် အချင်းချင်း လောင်းကြေး၊ ပရိသတ်နှင့် အားကစားသမား၊ ဒိုင်လူကြီးနှင့် ပရိသတ်၊ အသင်းအဖွဲ့ချင်း နားလည်မှု၊ ဒိုင်လူကြီးနှင့် အားကစားသမား ... အလိုလေးလေး ရှုပ်ထွေး ပွေလီနေသော လမ်းကြောင်းတွေ ... လမ်းကြောင်းတွေ ... များလှပါကလား။

အစ်ကိုကြီးက စကားတစ်ခွန်း လေးနက်စွာ ဆို၍ အဆုံးသတ်သည်။

“တို့သားလေးဟာ အခုဆိုရင် ကိုယ့်အသင်း အတွက် ဂိုးအများဆုံး ရအောင် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ဖြစ်နေတယ်။ ဘောလုံးစကားနဲ့ ပြောရရင် ခြေလဲ ပြင်းတယ်။ ရတဲ့ အခွင့်အရေး ကိုလည်း အသုံးချတတ်တယ်။ ခေါင်းတိုက်လည်း ကောင်းတယ်။ တစ်ဖက်သင်း နောက်တန်းကိုလည်း ထိုးဖောက် မွှေနှောက်နိုင်တယ်။ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ အရည်အသွေးတွေ အတော်များများနဲ့ ပြည့်စုံတယ်ပေါ့ကွ။ အင်း ... တို့များ သူ့ကို သတိပေး ဆုံးမရမှာက တိုက်စစ်မှူး တစ်ယောက် အနေနဲ့ အားကစား လောကရဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ၊ အဖျက်အဆီးတွေကို ဘယ်လို ကာကွယ်၊ ဘယ်လို ဖျက်ထုတ်ရမယ် ဆိုတဲ့ ခံစစ်ပဲ”

အစ်ကိုကြီးစကား အဆုံးတွင် ကျွန်မ ခေါင်းထဲသို့ ရောက်လာသော အတွေးမှာ အဂတိတရား လေးပါး ဟူသော အရာပင် ဖြစ်၏။

ဪ ... “သက်လုံကောင်းခြင်း” ဆိုတဲ့ စကား၏ တကယ့် အနက် အဓိပ္ပါယ်ကို သားလေး သဘောပေါက်အောင် ကျွန်မ ရှင်းပြရဦးပေမည်။

* * *

သားတို့အသင်း အုပ်စု ပထမ ရခဲ့ကာ ဖိုင်နယ်ပွဲများသို့ တက်ခဲ့ပြီဟု ဆို၏။ သားသည် စိတ်ရော ကိုယ်ပါ ဘောလုံး၌ နှစ်မြှုပ်ထားခဲ့၏။ ဖအေလုပ်သူ ကလည်း သားနှင့်အတူ အချိန်ပြည့် လိုက်ပါပေးနေသည်။ ထို့နောက် ရှုံးထွက် ပွဲစဉ် အဆင့်ဆင့်များ တွင်လည်း သားတို့အသင်း အနိုင်ရကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားလေသည်။

ကျွန်မသည် အိမ်မှနေ၍ သူတို့သားအဖ ပြန်ရောက်မည့် အချိန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိ၏။ ထူးဆန်းသည်ကား သားတို့အသင်း ဗိုလ်စွဲပါစေဟု ကျွန်မ ဆုမတောင်းစဖူး ဆုတောင်း နေမိခြင်း ဖြစ်လေသည်။ ကြိုးပမ်း အားထုတ်မှု၏ အသီးအပွင့် ဖြစ်သော အောင်မြင်မှုကို သားလေး ခံစားစေလို ပေသည်။

ဗိုလ်လုပွဲ ဖြစ်သည့်အလျှောက် သူတို့ မီးကုန်ယမ်းကုန် ကစားကြတော့ မည်မှာ သေချာသည်။ သားသည် အကောင်းဆုံး အနေအထားဖြင့် ပွဲဝင်ရန် အသင့် ဖြစ်နေကြောင်း အစ်ကိုကြီးက ပြောပြ၏။ ဘယ်တုန်းကမှနဲ့ မတူအောင် သားသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည်ဟုလည်း ဆို၏။

ဂိုးသွင်း ချန်ပီယံ ဟူသော ပရိသတ်က ပေးသည့်ဘွဲ့ဖြင့် သားလေး ယှဉ်ပြိုင်တော့မည်။ ဘုရား ... ဘုရား ... အစ်ကိုကြီး သတိပေး ဝေဖန်ထား သော်လည်း သားအတွက် ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ပေ။ ရေကုန်ရေခမ်း ကစားကြသည့် ပွဲမျိုးဆိုလျှင် တစ်ဖက်အသင်း ကစားသမား များသည် တိုက်စစ်မှူး ချန်ပီယံကို ဥပဒေဘောင် အတွင်းမှ ဖြစ်စေ၊ ပြင်ပမှ ဖြစ်စေ၊ အနာတရ ဖြစ်အောင် ဆက်မကစား နိုင်အောင် “ချိုး” တတ်ကြသည်ဟု ကျွန်မ ကြားဖူးသည်။ သားလေးသည် သူတို့အတွက် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေသည့် အတွက် သားကို “ချိုး”ဖို့ သူတို့ ...။

ဘုရားရှင်နဲ့ သမ္မာဒေ၀ နတ်မြတ်များ စောင်မတော် မူပါ။ ... သားလေး ဘေးအန္တရာယ် ကင်းရှင်းပါစေ။ သားတို့အသင်း အနိုင်ရပါစေ။

* * *

ညဉ့် ၈ နာရီ လောက်မှ သားအဖ ပြန်ရောက် လာကြသည်။

သားတို့အသင်း ဗိုလ်စွဲကြောင်း၊ နှစ်ဂိုးစီ သရေကျ နေရာမှ အနိုင်ဂိုးကို သားက သွင်းယူခဲ့ကြောင်း သားသည် အကောင်းဆုံး အားကစားသမား ဆုကိုလည်း ရခဲ့ကြောင်း၊ ကျွန်မ ညနေကပင် သတင်းရခဲ့ပြီး ဖြစ်၏။

ဂုဏ်ပြု ဧည့်ခံပွဲ တစ်ခု တက်နေရ၍ သားတို့ ညဉ့်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ဧည့်ခံပွဲမှာ ဘာတွေ ကျွေးမလဲ မသိ။ ကျွန်မကမူ သားအတွက် သူကြိုက်သော ကြက်ပေါင်း မြူစွမ်ပြုတ်နှင့် အစ်ကိုကြီးအတွက် ကော်ဖီ၊ ပေါင်မုန့်ကင်နှင့် ကြက်ဥတို့ကို ပြင်ဆင်ထားပြီး အိမ်ပေါက်မှ ဆီးကြိုခဲ့၏။

သားသည် ဘေးမသီ ရန်မခဘဲ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ပြီ။ ဝမ်းသာ ကြည်နူးမှု၊ ဂုဏ်ယူ အားတက်မှု၊ အို ... သားအတွက် ခံစား နေရသော ပီတိသောမနဿ ဝေဒနာများအတွက် ကျွန်မ စကားလုံး ရှာမရပေ။

“မေမေ” ဟု အော်ခေါ်ကာ သားသည် အသင့် ဖွင့်ထားသော ကျွန်မ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။ ကျစ်လျစ် သန်စွမ်းသော သားကို တစ်ပွေ့ တစ်ပိုက်ကြီး ဖက်ထားရင်း ကျွန်မ မျက်ရည်တွေ လည်လာ၏။

“ကိုင်း မအေကြီးက မျက်ရည်ထိန်း။ စားစရာတွေ လုပ်ဟေ့။ မင့်သားက ဧည့်ခံပွဲမှာ တစ်ချိန်လုံး အိမ်အမြန် ပြန်ချင်လှပြီ။ မေမေ့ကို တွေ့ချင်လှပြီနဲ့ တဖွဖွ ပြောနေတာ။ အဟင်း ... ကိုယ်ကလည်း မင်းဖျော်တဲ့ ကော်ဖီပဲ သတိ ရနေတာကလား”

ထမင်းစား စားပွဲတွင် ကျွန်မတို့ မိသားစု ဝိုင်းထိုင် လိုက်ကြ၏။ သမီးကြီးက သူ့မောင်အတွက် ဂုဏ်ပြု လက်ဆောင်ကို တကူးတကန့် ရွှေစက္ကူ ဖဲပြားဖြင့် ထုတ်ပိုးချည်နှောင် နေသည်။

“ဖေဖေ၊ သား ပြောရတော့မလား”

“အေး ... ပြောတော့လေကွာ”

အတိုင်အဖောက် လုပ်နေသော သားအဖ နှစ်ယောက်ကို နားမလည် နိုင်စွာ ကျွန်မ ကြည့်လိုက်၏။ သားအဖ နှစ်ယောက်စလုံး လေးနက်တည်ကြည် နေကြသည်ဟု ကျွန်မ ထင်ပေသည်။

“မေမေ့ကို သား ပြောစရာ ရှိတယ်”

“မြူစွမ် သောက်လိုက် ပါဦးကွယ်”

“ဟင့်အင်း ... ခုပဲ ပြောမှ ဖြစ်မှာ၊ ဖေဖေ့ကိုတော့ ပွဲပြီးပြီးချင်း သား ပြောပြီးပြီ။ အဲဒါ မေမေ့ကိုလည်း အခု ပြောချင်တယ်”

“နားထောင်လိုက်ဟေ့၊ မအေကြီး ...”

သား၏ နုငယ်ရွှန်းလက် မျက်လုံးအိမ်များ ဣနြေ္ဒရင့်ကျက် နေကြ၏။

“ဒီနေ့ ဖိုင်နယ်ပွဲမှာ နှစ်ဂိုးစီ ဖြစ်နေတုန်း အချိန်ကလည်း ဆယ်မိနစ် လောက်ပဲ ကျန်တော့တယ် မေမေရဲ့။ ဟိုဘက်ကလည်း တစ်သင်းလုံး ခံစစ် ပိတ်ဆို့ထားတယ်။ တစ်ကွင်းလုံးလည်း အသံတွေ ဟိန်းနေတာပဲ။ ဒီအချိန်မှာ သား ဘောလုံး ရလာတယ်”

“သားရေ၊ မင့်မေမေ နားလည်အောင် ပြော”

“ဟုတ်ကဲ့ပါ ဖေဖေ၊ အင်း ... သားက သူတို့လူ နှစ်ယောက်ကို ဖောက်ပြီး ဘောလုံး ဆက်သယ် သွားတယ်။ သူတို့ ဂိုးစည်းများကို ရောက်နေပြီ။ ဘယ်ဘက်ကို သား ဆွဲယူသွားတော့ သူတို့ နောက်တန်းက တစ်ယောက် သားနဲ့ ယှဉ်ပြီး လိုက်တယ်”

ကျွန်မ အတတ်နိုင်ဆုံး ရုပ်ပုံဖော်ကြည့် နေမိသည်။

“အဲဒီလို လိုက်ရင်း၊ ဖျက်ရင်းပေါ့ မေမေရယ်။ အဲဒီ နောက်တန်းက လူဟာ သားထက် လူကောင်လည်း ကြီးတယ်။ အဖျက်လည်း ကောင်းတယ်။ နောက်ဆုံး ဂိုးရှေ့ ရောက်နေတဲ့ သားရဲ့ တွဲဖက် တိုက်စစ်မှူးဆီကို ခေါင်းတိုက်ဖို့ သား ဘောလုံးပေးမယ် အလုပ်မှာ ... သား လဲကျသွားတယ်”

ဘုရား ... ဘုရား၊ သားလေး ဘာများဖြစ် ...။

“သား လဲကျ သွားတာနဲ့ ဒိုင်လူကြီးရဲ့ ခရာသံ ပေါ်လာတယ် မေမေ အဲဒါကို ပြစ်ဒဏ်ဘော သတ်မှတ်တယ်။ ဂိုးစည်း ဧရိယာထဲမှာ ဖြစ်တာမို့ ဒိုင်က ပိုင်နယ်လ်တီ ပေးတယ်။ ဒီ ပိုင်နယ်လ်တီ ဘောကို တည်ပြီး ကန်ရတယ်။ ဂိုးသမားနဲ့ သား နှစ်ယောက်တည်းပေါ့။ သူ့ ဘယ်ဘက်ထောင့်ထဲ သား အေးအေးဆေးဆေးပဲ လှိမ့်ဘော ကန်သွင်း လိုက်တာပဲ။ အဲဒါဟာ အနိုင်ဂိုးပဲ မေမေ”

အနိုင်ဂိုး ရရှိပုံကို ပြန်ပြောရာ၌ အဘယ်ကြောင့် သား၏ မျက်နှာနှင့် လေသံသည် တက်ကြွ ရွှင်လန်းမှု မရှိဘဲ အေးစက် ခြောက်သွေ့ နေသနည်း။

“ကဲ ... ကျန်တာ ငါ ဆက်ပြောမယ်”

အစ်ကိုကြီး ကလည်း အေးစက် ခြောက်သွေ့။

“မင့်သား လဲကျသွားလို့ ရတဲ့ ပိုင်နယ်လ်တီဟာ မရသင့်တဲ့ ပိုင်နယ်လ်တီ ဖြစ်နေတယ်။ တစ်ဖက် နောက်တန်းလူက လျှောထိုးပြီး ဝင်ဖျက်တာပါ။ ဘောလုံးကိုပဲ သူ ဖျက်တာ။ လူကို လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် သူဝင်တဲ့ အရှိန်၊ သား သယ်လာတဲ့ အရှိန်နဲ့ကြောင့် သား လဲကျသွားတာ။ လူချတာ လုံးဝ မဟုတ်ဘူးကွ။ ဒါကို အမှန်အတိုင်း သိသူက သားရယ်၊ ဟို နောက်တန်းသမားလေးရယ်၊ ငါနဲ့ ပရိသတ် အချို့ရယ်၊ အင်း ... ပြီးတော့ ဒိုင်လူကြီးရယ် ...”

တစ်ခုခုကို ကျွန်မ နားလည် လာသလိုလို ခံစားရ၏။

“သားဟာ ပြောပ လောက်အောင်လည်း အနာတရ မရှိခဲ့ဘူး။ လူ အချခံရလို့ ပုံပျက်ပန်းပျက် လိမ့်သွားတာမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမယ့် ဒိုင်ကတော့ ဒါကို ပိုင်နယ်လ်တီ သတ်မှတ်လိုက်တယ်။ ရှင်းရှင်း ပြောရရင် ဒိုင်က ပင်းပေးတဲ့ ဘောလုံးပဲ။ ဒိုင်လူကြီးရဲ့ ခရာသံဟာ မသန့်ရှင်းဘူးလို့ ငါ အသေအချာ ပြောရဲတယ်။ ကဲ သား ဆက်ပြော၊ မင်းမေမေ့ကို မင်းကိုယ်တိုင် ပြောချင်တယ် ဆိုတဲ့ စကားတွေ”

သား၏ မျက်လုံးများ ပကတိ ကြည်လင်နေ၏။

“အနိုင်ဂိုး တစ်လုံးကို သား ကန်သွင်းခဲ့တယ် မေမေ။ ဒါပေမယ့် ဒီဘောလုံးကို မကန်ခင်ကရော၊ ကန်လိုက်စဉ်မှာရော၊ ကန်အပြီး 'ဂိုး' ဆိုတဲ့ အသံကြီး ထွက်လာချိန်မှာရော၊ အို ... အခု မေမေ့ကို ပြန်ပြောပြချိန် အထိ ... ဒီ ဘောလုံးအတွက်၊ ဒီဂိုးအတွက် သား ခြေထောက်တွေကို သား ပြန်ရှက်မိ နေတယ်။ ကျင့်သား ရနေတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ ...”

သားကို ငေးကြည့်ရင်း ကျွန်မ မျက်ရည်တွေ လည်လာပြန်ပေပြီ။

“ဧည့်ခံပွဲမှာလည်း သားဟာ ဒီအကြောင်းကို သူ့အသင်း အုပ်ချုပ်သူ မန်နေဂျာနဲ့ လူကြီးတွေကို ပြောဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့တစ်တွေက ဗိုလ်စွဲလို့ ဝမ်းသာ နေလို့လား၊ ဒါကို ကြားကို မကြားချင်လို့ပဲလား မသိဘူး။ ဘယ်သူကမှ သား ပြောတာကို အရေးတယူ မလုပ်ကြဘူး။ ဂုဏ်ပြု ဆုပေးပွဲတွေ ဆက်လုပ်ဖို့ ဆွေးနွေး နေကြတယ်။ နောက်ဆုံးတော့ ငါက သားကို ဖျောင်းဖျရတယ်။ မင့်မေမေကိုပဲ ပြောပြကွာလို့၊ မင်းမေမေကို ပြောပြခြင်းဟာ ကမ္ဘာလောကကို ပြောပြခြင်းပဲလို့”

အစ်ကိုကြီးကို ကျေးဇူးတင်စွာ ကြည့်မိနေ၏။

သား၏ မျက်နှာလေးကို ပူနွေးဆဲ ကြက်ပေါင်း မြူစွမ် ပန်းကန်၏ တလူလူ လွင့်တက် ခိုးယှက်ဆဲ အငွေ့များ ကြားမှ တွေ့နေရသည်။ ဤ အခိုးအငွေ့များသည် သား၏ ကိုယ်ရောင် ကိုယ်ဝါများဟု ကျွန်မ မှတ်ထင်မိသည်။

မြင့်မြတ် ဖြူစင်သော သား၊ မတရားမှုဖြင့် အနိုင်ရခြင်းကို မလိုချင်သော သား၊ ဒိုင်၏ အဂတိ မကင်းသော ဆုံးဖြတ်ချက်ဖြင့် ရလိုက်သော အခွင့်အရေးနှင့် အနိုင်ရလဒ်ကို မနှစ်မြို့သော သား။

“ကျင့်သားရတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ” တဲ့။

ကျွန်မ၏ သားလေးသည် သူ၏ ကံ ဉာဏ် ဝီရိယ အလျောက် ပို၍ ပို၍ ထင်ရှား ကျော်ကြားသော ဘောလုံးသမား တစ်ယောက် ဖြစ်လာချင်လည်း ဖြစ်လာပေမည်။ မြို့နယ်၊ ပြည်နယ်၊ တိုင်း ... နောက်ဆုံး တိုင်းပြည် လက်ရွေးစင် အထိ ဆိုပါစို့။

သားအတွက် ကျွန်မ ယခင်ကလို စိုးရိမ် ပူပန်ခဲ့ခြင်းများ ယခုအခါ မရှိတော့ပေ။ သားကို အတော်အတန် ကျွန်မ စိတ်ချယုံကြည် နိုင်ခဲ့ပါပြီ။

တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား စိတ်ဓာတ်၊ ဝိညာဉ်၊ မြင့်မြတ်သော နှလုံးသား၊ ယောက်ျားကောင်း နှလုံးသား စသည့် ဝိတ္တရ ဝိသေသများဖြင့် ကျွန်မ မချဲ့ထွင်တတ်ပါ။

ဪ ... မေမေ့သား။

ဘောလုံးကွင်းထဲမှာ သာမက လူ့ဘဝဆိုတဲ့ ကွင်းကြီးထဲမှာပါ ဒီစိတ်ဓာတ်လေးကို သား ... အစဉ်တစိုက် ပွေ့ပိုက် သွားနိုင်ပါစေဟု ကျွန်မ လှိုက်လှဲပြင်းပြ ဆုပေး နေမိပါသည်။

----------
ချစ်ဦးညို
ပန်းဝေသီ၊ ဖေဖော်ဝါရီ၊ ၁၉၉၆။
(ခံစားသူအကြိုက် မဂ္ဂဇင်း ဝတ္ထုတိုများ ၁၉၉၆ အပိုင်း ၁ (ဥတ္တရလမင်း၊ ၁၉၉၆၊ နိုဝင်ဘာ))
(စာမျက်နှာ ၆၇-၈၂)

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...