သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, June 4, 2019

လမ်း


~~~
ခါတိုင်းထက်နောက်ကျပြီးမှ ရောက်တော့ နွေးတယ်ဆိုရုံ ရေနွေးကို ခံတွင်းရှင်းရုံပဲ တကြိုက်သောက်လိုက်တယ် ဒီအချိန်ဆို ဒီဆိုင်လေးက ဒီလိုပဲဆိုတာ သိနေရဲ့နဲ့ လာလာဖြစ်နေတာကလည်း ဒီဆိုင်လေးရဲ့ ဝန်ဆောင်မှု စားကောင်းသောက်ဖွယ်တွေကြောင့်မှ မဟုတ်တာ ရနိုင်တာအားလုံးထက် စွဲလန်းစေတာက ဆိုင်ရှေ့က လမ်းကလေးပါ

တွေ့နေကြအတိုင်းပါပဲ ကတ္တရာ​စေးနည်းနည်း လမ်းသားကျဉ်းကျဉ်းလေးသာရှိပြီး တစ်ဖက်တစ်ဖက် လောဘပြိုင်ရင်းက မယ်မြန်မာလို ခါးသေးရင်ချီ လမ်းကလေးဆိုပါတော့

ကိုယ့်လို လက်​လုပ်​လက်​စား လူတန်​းစားတွေရဲ့ အထွက်လမ်းထိပ်က တစ်ခုတည်းသောဆိုင်လေး

နံနက်မိုးသောက်ကနေ ညနေမိုးချုပ်အထိ လပ်ယားလပ်ယား ပျားပန်းခတ်မျှ သွားသူလာသူတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ လမ်းမဟုတ်ဘူးလေ အလုပ်အသွား အလုပ်ပြန်ချိန်ကလွဲလို့ သွေ့သွေ့ခြောက်ခြောက် လမ်းကလေးပါ

တစ်ချို့က တာဝန်အတွက် တစ်ချို့က မိသားစုအတွက် တစ်ချို့က ရည်​မှန်​းချက်​အတွက် တစ်ချို့က ဘဝအတွက် ဒီလမ်းကလေးပေါ်ကနေ ဖြတ်လျှောက်ကြိုးစားရုန်းကန်နေကြတာမဟုတ်လား

ဒီလမ်းကလေးမှာ နောက်ထပ်စိတ်ဝင်စားစရာက ကျွန်တော်ထိုင်နေကျ ထောင့်ကလေးမှာ လမ်းဆုံလေး ရှိနေတာပဲ

ဦးတည်ရာအတွက် သွားလာကြတဲ့အခါ သူတို့ခြေလှမ်းဟာ တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘူး ကိုယ့်လမ်းကိုယ်သွား ပြတ်​ပြတ်​သားသားပေါ့

တခါတလေ ဝေဝေဝါးဖြစ်နေသူတွေကိုလည်း တွေ့ရတယ် လမ်းဆုံမှာရပ်လို့ ဘယ်လှမ်းရမလို ညာလှမ်းရမလို အနေထားမျိုး စိတ်မရှည်တဲ့ ဆိုင်ကယ်က ဟွန်းတီးလိုက်မှ လန့်ဖြန့်ပြီး ခြေဦးတည့်ရာ ဇွတ်မှိတ်ပြီးလျှောက်လှမ်းလိုက်ရာက ရွေးချယ်မိသား လမ်းပေါ်မှာပဲ လျှောက်လှမ်းသွားတာမျိုး

လမ်းဆုံလမ်းခွတိုင်းမှာ ဖြစ်နေကြ သဘာဝမဟုတ်လား

~~~~~~~~~~~~~~~~~~~~~~~~~

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...