သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, November 19, 2018

သူ့မယား ဆရာဇော်ဂျီ


------------------

(၁)

ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။

မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။

မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။

ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။

သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။

“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာ စကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့” ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ “မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရ ပေတယ်” ဟု တွေးမိသည်။

တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမား တစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် “မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ” ဟု တွေးမိပြန်သည်။

မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ “ထဘီနား ခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် “အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ “ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။

မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။

ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။

(၂)

အနာကျက်သော နေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။

မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင် အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာ ထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။

လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုး တည်ရမည် ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်း ဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။

ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်း နေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍ စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။

ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။

ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။

“နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။

“ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကို တာစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။

မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-

“ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ”
“ဟို ကမ်းနားမှာ”
“အကျိုးနည်းကုန် ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်”

ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။

ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့ သည် အမေကို ကွယ်နေကြသည်။ “ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ် သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျေွးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။

“အမေ့ ကျောကို တံတောင်နဲ့ ကြိတ်စမ်း” ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။

ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ “ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။

(၃)

ပြောစဉ်က တစ်လလောက် သင်္ကန်း ဝတ်လိုကြောင်း ပြော၍ သင်္ကန်း ဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော် ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက “ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ” ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွက်၍ တာရားဟောလေ တော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် “ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး” ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါ နှစ်ခါ လျှောက်ကြည့်ပါ၏။ တရား အဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီး။ ဒွေးလေးကလည်း နားပူလှပြီ။

ကြံရာ မရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။

(၄)

ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင် ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အကျႌ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့် အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။

ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း “ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ” ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။

အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ “ထူးခြားလှပါကလား” ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း”မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ “ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။

ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ “အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား” ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် “ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့် လိုက်သည်။

ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား “မဖော့တို့ ဘာများ လုပ်ကြမှာတုံး” ဟု မေးသည်။

“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။ “ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေ ကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့”

မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-

“ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘာဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုက စပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေး ဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျှောက်၏။

“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။

မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ...”

“ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။

မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။

------------
ဇော်ဂျီ
ဂနၴလောက၊ အောက်တိုဘာ၊ ၁၉၃၇။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...