သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, June 12, 2016

သံသယ သုဘဒ္ဒ





   မယုံဘူးဗျာ လောကမှာ နာမည်ခံ သက်သက်လူတွေကြီးပဲ အနှစ်သာရ ဘာမှ မရှိကြဘူး စိတ်ပျက်စရာကြီးဗျာ
  စဉ်းစားသာ ကြည့်ကြပါတော့ မကောင်းမှု ကင်းစင်သူတဲ့လေ ချဉ်းကပ်မိပါရဲ့ အာ့လားလား မကောင်းမှုတွေ ပရပွပဲ
  အရာရာကို ပယ်စွန့်နိုင်သူတဲ့ ချဉ်းကပ်မိပါရဲ့ လိုချင်ရမက် ကြီးလိုက်တာဗျာ မပြောပါနဲ့တော့
  လာပြန်ပြီ လောကရဲ့ အမှန်တရားကို ဟောကြားနိုင်သူတဲ့ ဝေးပါသေးဗျာ သရက်ပင်ကို ပိန္နဲပင်ပါလို့ ဆိုသလို အမေးတခြား အဖြေတလွဲကြီးပါ
   ဒါကြောင့် ကျုပ်ကဘယ်သူ့ကိုမှ မယုံတာပါ ကျုပ်မပြစ်လား လောကကြီးဟာ နာမည်ခံ ဟန်ဆောင်နေတဲ့ လောကတစ်ခုရယ်သာပါ

    အဲ စစခြင်း ဘီလူးဆိုင်းတီး ထွက်လာတော့ လန့်သွားကြမယ်ထင်တယ် မလန့့်ကြပါနဲ့အုံးဗျာ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေအုံး
    ကျုပ်က နယ်နယ်ရရ ဟုတ်ရိုးလားဗျာ လောကအစ လူသားကမ္ဘာကို ဗြဟ္မာကြီးတွေက ဖန်ဆင်းတယ်လို့ မိရိုးဖလာ ယုံကြည်မှု ရှိခဲ့တယ် မဟုတ်လား
   ကျုပ်က ဗြဟ္မာကြီးရဲ့ ဦးခေါင်းက ဖွားတဲ့ ဗြဟ္မဏ မဟာပါလ ဆိုတဲ့ ဗေဒင်သုံးဖုံ အာဂုံဆောင်တဲ့ မန္တန် မန္တရား ရွတ်ဖတ်ရတဲ့ လောက လူမျိုးထဲက အမြင့်ဆုံး အမြတ်ဆုံးဆိုတဲ့ ဗြဟ္မဏ မျိုးနွယ်ပါ
    အရွယ်ရောက်လာတော့ အရပ်ထဲ ဈေးထဲ အလုပ်ထဲမှာ သတင်းစကား သဲ့သဲ့ကြားမိရဲ့ လောကမှာ ဘုရားဆိုတာ ပေါ်နေပြီ ပွင့်နေပြီတဲ့လေ ကျုပ်ဖြင့်ဗျာ ဘုရားကို တွေ့ချင် ဖူးချင် ဟောကြားမှုတွေကို နာယူချင်စိတ်တွေ ဖြစ်လိုက်တာမှဗျာ မပြောပါနဲ့တော့
     အဲ့ဒါကြောင့် ကျုပ် လူဝတ်ကြောင် ဘဝ လောက ရှုပ်ထွေးမှုတွေက ဝေးရာ တောအရပ်မှာ မှီတည်းပြီး ဘုရားရှာဖို့ အလို့ငှါ ထွက်လာခဲ့သပေါ့
     ဒါပေမယ့်ဗျာ ဒါပေမယ့် ကျုပ်ဆိုတဲ့ ရှာတဲ့သူသာ အသက်တွေကြီးရော့ ကျုပ်ရင်ထဲမှာ ရှုပ်ထွေးနေတဲ့ မေးခွန်းတွေကို ရှင်းလင်းသွားအောင် လုပ်ပေးနိုင်သူ လမ်းပြပေးနိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ရိုး အမှန်ပါဗျာ

ဒီည အတော်ထူးဆန်းတယ်ဗျ ဒီ နေရဉ္စရာ မြစ်တစ်ဖက် ကျုပ်မှေးစက်လာခဲ့တာ ကြာခဲ့ပါပကော ဒီလိုညမျိုး တစ်ခါဆို တစ်ခါမှကို မကြုံခဲ့ဖူးရိုး အမှန်ပါ
မိုးခြိမ့်သံတွေ အတော်ကျယ်ကျယ်လောင်လောင် ကြားရတယ် ပြီးတော့ ငလျင်လည်းလှုပ်တယ်ထင်တယ် ဒါပေမယ့် ငလျင်သာဆိုပါတယ်ဗျာ ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာ လေးနဲ့ သိမ့်သိမ့်လေး လှုပ်တာမျိုးပေါ့ ပြီးတော့ ကောင်းကင်တစ်ခွင်မှာ သီဆိုသံ လိုလို တီးမှုတ်သံလိုလို ပျော်ရွင်မြူးတူး နေတဲ့ အသံလိုလို ကြားမိတယ်
ဒီည အတော်ထူးခြားနေပါလား ဘာ့ကြောင့်များလဲ အတွေးနယ်ချဲ့ရင်း အိပ်မပျော်နိုင်ပဲ မိုးသောက်ယံ နီးမှ မှေးခနဲ့ မှေးစက်မိတယ်
 
   ကျုပ်အတွက် ဝမ်းရေးအလိုငှါ လူနေအိမ်ခြေတွေဖက် အလှူခံဖို့ထွက်အလာ လမ်းမှာ အမျိုးသမီးတစ်စု တီးတိုးပြောဆို နေသံ ကြားမိတယ် ဘာတဲ့ လောကမှာ ဘုရား အမှန်တကယ် ပွင့်ပြီတဲ့ ဟော ဟိုးနားက မြင်းလှည်းသမားတွေလည်း ဒါပဲပြောဆိုနေကြပါလား တစ်ကယ်ပဲ ဘုရားပွင့်နေပြီလား အိုကွာ သွားစမ်းပါ ဒါမျိုး ခဏခဏ ငါကြုံဖူးသားပဲ ဘာတဲ့ မကောင်းမှုတွေ ပရပွ နဲ့ လူကြီးက မကောင်းမှုကင်းစင်သူ ဆိုပြီး နာမည်ယူနေတာ လောက အမှန်တရား သိပါတယ် ဆိုတဲ့သူက အရှေ့အရပ်ကို မေးတာ အနောက်ဘက် ညွှန်ပြနေသလို ပုဂိ္ဂုလ်တွေ ခုလည်းကြည့်စမ်း သိဒ္ဓတၳ ဟာ ဘုရားလို့ ဆိုနေပြန်ပြီ ထားပါတော့ အမျိုးဇာတ် ကြည့်ပြန်တော့လည်း ခတ္တိယတဲ့လေ ဇာတ်နိမ့်မျိုး အသက်ကလည်း ငယ်သေးဗျာ ၃၅ နှစ်တဲ့ ရှင်းရှင်းပဲ ကျုပ်ကတော့ မယုံရေးချမယုံ ဒါပေမယ့်လေ သူ့ရဲ့ မနီးမဝေးကနေ သူဟောကြားမယ့် အမှန်တရား ဆိုတာတွေကိုတော့ မပြတ်နားစွင့်ထားအုံးမှပါ

     ကျုပ်ရဲ့ သံသယ နဲ့ မာန စိတ် လွန်ဆွဲနေတာ ၄၅ နှစ်တောင် ကြာခဲ့ပါပကော ဒီညကုန်လို့ နောက်နေ့မနက် အရှေ့အရပ်က နေဝန်းနီထွက်ချိန်မှာ ဘုရားဆိုတဲ့ သိဒ္ဓတၳ ဟာ သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရာကို အရောက်လှမ်းတော့မယ်တဲ့ ငါ့အပြစ်ပါ ဒီစကားကို ဟိုးလွန်ခဲ့တဲ့ သုံးလ ကတည်းက ဟောကြားခဲ့တာ ငါအသိသားပဲ ငါဟာ သံသယစိတ် အားကြီးလွန်းလို့ ဇာတိပုည ဂုဏ်မာန ဆိုတဲ့ တစ်လွဲဆံကောင်း အသိခေါက်ခက် အဝင်နက်ခဲ့လို့ မရောက်ဖြစ်ခဲ့တာ မတွေ့ဖြစ်ခဲ့တာ မဖူးဖြစ်ခဲ့တာ
     ခုတော့ နောက်ဆုံးအခွင့်အရေးပဲ ခုတစ်ခါမှ ငါဟာ သိဒ္ဓတၳ ဂေါတမ ကို မဖူးရင် နောက်နောင် ဘယ်သောအခါမှ ဖူးမျှော်ခွင့်ရတော့မှာမဟုတ်ဘူး ဟုတ်ပြီ ဖူးမယ် တွေ့မယ် ငါ့ရင်ထဲက မငြိမ်းနိုင်တဲ့ ရှင်းမထုတ်နိုင်တဲ့ ပြဿနာ တွေကို မေးရမယ် လျှောက်ထားရမယ်

   ကုသိဏာရုံ အင်ကြင်းတော ငါရောက်လာပြီပဲ ဘုရားဘုရား ငါမှီပါအုံးမလား ကောင်းကင်ကို မော့ကြည့်မိတော့လည်း ခုနှစ်စင်ကြယ်တန်းကလည်း အမြှီးထောင်နေပြီ

ဟောရှေ့မှာတွေ့ပြီ အင်ကြင်းပင်ရဲ့ အရိပ် ညောင်စောင်း ကုတင်ထက် မှာ မြောက်ဖက် ခေါင်းပြုပြီး ညာခြေမှာ ဘယ်ခြေထပ်လို့ လျောင်းဆက်နေတဲ့ ဂေါတမဗုဒ္ဓကို

အို မနည်းပါလား သူတို့ ဘုရားရဲ့ ငြိမ်းချမ်းရာကို အသွားခရီး နောက်ဆုံး တရားတော်ကို နာယူနေကြတဲ့ ဗုဒ္ဓ ရဲ့ သာဝကတွေ စိတ်မှန်းနဲ့ တွက်ကြည့့်ရ ခုနှစ်သိန်းတောင် ကျော်လိမ့်မယ်ထင်တယ်
     ကျုပ်လည်း ဒီအချိန်မှာ လေးဖင့်နေလို့ မဖြစ်တော့ဘူး နည်းနည်း နည်းနည်းစီ လမ်းတောင်းလို့ ဘုရားအနား နီးနိုင်သမျှ နီးအောင်ကပ်လာ နိုင်ဖို့ လိုရင်းမဟုတ်လား

   တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ တွေ့ရမယ်ဆိုပြန်တော့လည်း အနည်းငယ်ဇောချွေးပျံမိတာအမှန်
လက်ဝဲတော်ရံနဲ့ လက်ယာတော်ရံ တပည့်သာဝက ကြီးတွေကတော့ ၆ လစောပြီး ငြိမ်းချမ်းရာကို လျှောက်လှမ်းနှင့်ကြပြီတဲ့ နောက်သာဝကကြီး တစ်ပါးဖြစ်တဲ့ အရှင်မဟာကဿပ ကိုယ်တော်ကြီးလဲ မတွေ့မိပါလား

အကဲခတ်ရသလောက်တော့ ဘုရားရဲ့ ညာဖက်က တည်ငြိမ်သော မျက်နှာနဲ့ သာဝက က အရှင်အနုရုဒ္ဓါ ဆိုတဲ့ ရဟန္တာ မထေရ်ကြီး ဖြစ်လိမ့့်မယ် ဘယ်ဖက်က တစ်ယောက်ကတော့ အနည်းငယ် ပူဆွေးဟန်တော့ ပေါ်နေရဲ့ ဘုရားနဲ့လည်း ခပ်ဆင်ဆင်ဆိုတော့ အလုပ်အကျွေးပြုတဲ့ ညီတော် အာနန္ဒာ ဆိုတာပဲ ဖြစ်မယ်
  ဂေါတမ ဗုဒ္ဓ ကို ဖူးမျှော် တွေ့ဆုံ ခွင့်ရဖို့ သူဆီမှာ ခွင့်တောင်းမှပဲလေ
  အရှင် အာနန္ဒာ ဗုဒ္ဓ နဲ့တွေ့ဆုံပါစေ
အချိန်အားဖြင့်သော်လည်းကောင်း ကာလအားဖြင့်သော် လည်းကောင်း အခြေအားဖြင့်သော် လည်းကောင်း တွေ့ဖို့မသင့်တော်ပါဘူးတဲ့ သူက ပြန်ပြောတယ် မလုပ်ပါနဲ့ အရှင် ကျွနု်ပ်ဟာ ဒီအချိန် ဒီအခြေအနေကို ရဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော် ကာလပတ်လုံး သံသယ နဲ့ မာန လွန်ဆွဲ နေခဲ့ရသူပါ ဒီတစ်ချိန်တစ်ခါတော့ အခွင့်အရေးပေးပါ ပေးပါ အရှင် ကျွန်ုပ် အနူးအညွှတ် တောင်းပန် လျှောက်ထားပါတယ်
  ကျွန်ုပ်ရဲ့ တိုရှိုးတောင်းပန်သံ အနည်းငယ် ကျယ်လောင်သွားလေရော့ သလား ဂေါတမ ဗုဒ္ဓ ရဲ့ မျက်လုံးတော် အစုံဟာ ပွင့်လာတယ် နှုတ်ခမ်းတော်ကလည်း ငါ့ရှင် အာနန္ဒာ ခွင့်ပြုပါလေတဲ့

  အို ပျော်လိုက်ပါဘိတော့ ကျွနု်ပ် နှစ်ပေါင်းများစွာ ထမ်းပိုးခဲ့ရတဲ့ မာနတွေ သံသယတွေ ရှင်းလင်းဟောကြားသွားတာ ရင်ထဲမှာ သိမ့်ခနဲ့ တုန်အောင်ကို ကျေနပ်ရပါတယ် ပီတိလွှမ်းရပါတယ်

    အိုး လောကမှာ သိဒ္ဓတၳ ဆိုတဲ့ မင်းသားဘဝ မှ ဂေါတမ ဗုဒ္ဓ ဟာ အမြင့်ဆုံး အမြတ်ဆုံး လောကမှာ အတုမရှိတဲ့ တစ်ဦးတည်းသော ပုဂိ္ဂုလ် ရယ်ပါလား

   အရဟံ သမ္မာသမ္ဗုဒေ္ဓါ ဝိဇ္ဇာစရဏ သမ္ဗနေ္နာ သုဂတော လောကဝိဒူ အနုတ္တရော ပုရိသ ဓမ္မသာရထိ သတ္တာဒေဝ မနုဿာနံ ဗုဒေ္ဓါ ဘဂဝါ


သုဘဒ္ဒသုတ္တန်

ဖတ်ဖူး နာဖူးသမျှထဲက ထုတ်နှုတ်ပြီး ရေးသားထားတာပါ
ကျွန်တော့်ရဲ့ အာဘော် သက်သက်သာ ဖြစ်တဲ့အတွက် မှားယွင်းမှုရှိပါက ကျွန်တော့် တာဝန်သာပါ

သန်းထွန်လေး
အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...