သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, January 18, 2016

ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်” ကိုသတိထား
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဆင်ခြေထောက်ဆိုသည်မှာ လူတစ်ဦး၏ခြေထောက်သည် ဆင်၏ ခြေထောက်ကဲ့သို့ ကြီးမားလာခြင်းဖြစ်သည်။ ထိုရောဂါသည် ကူးစက်ရောဂါ ဖြစ်၍ သတိထားရမည်ဖြစ်သည်။ ထိုရောဂါဖြစ်ရခြင်းမှာ ကျူးလက်ဟုခေါ်ဆိုသည့် ခြင်တစ်မျိုး အကိုက်ခံရရာမှ ရောဂါကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ ထိုရောဂါပိုးသည် သွေးကြောအတွင်း သန်ကောင်ဖြစ်ပွားပြီးနောက် ဆင်ခြေထောက်ရောဂါရလာခြင်းဖြစ်သည်။
လူအများစုအနေဖြင့် ခြင်ကိုက်ခံရလျှင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါလောက်သာ အသိများသည်။ ဆင်ခြေထောက်ရောဂါကိုမူ မြင်တွေ့ဖူးသူနည်းပါးသဖြင့် ဂရုစိုက်လေ့မရှိချေ။ ထိုရောဂါသုံးမျိုးစလုံးသည် လူကိုကြီးစွာဒုက္ခပေးတတ်သဖြင့် သတိထား၍ ကြိုတင်ကာကွယ်မှုပြုကြရမည်ဖြစ်သည်။ နေရာမရွေး ဖြစ်ပွားတတ်သည်ကို သိရှိထားရမည်ဖြစ်သည်။
ဆင်ခြေထောက်ရောဂါပိုးကို သယ်ဆောင်လာသောခြင်သည် မသန့်ရှင်းသော ရေပုပ်ရေသိုးများရှိရာ ရေမြောင်းများ၊ ရေဆိုးကန်များ၊ ရေပုပ်များရှိသည့် ကျင်းများတွင် ပေါက်ပွားလေ့ရှိသည်။ ထိုခြင်များသည် အိမ်တွင်း၊ အိမ်ပြင် ချုံနွယ်ပိတ်ပေါင်းများ၊ မှောင်ရိပ်ကျသည့်နေရာများတွင် ပုန်းခိုလေ့ရှိသည်။ သွေးလွန်တုပ်ကွေးခြင်မှာ နံနက်ပိုင်းနှင့်ညနေပိုင်းတွင် ကိုက်လေ့ရှိပြီး ဆင်ခြေထောက်ခြင်မှာ ညနေပိုင်းနှင့် ညပိုင်းတွင် ကိုက်လေ့ရှိသည်။
ဆင်ခြေထောက်ရောဂါပိုးခြင် အကိုက်ခံရလျှင် ခြောက်လမှ တစ်နှစ်အထိ ရောဂါလက္ခဏာမပြချေ။ အချိန်ကြာမြင့်စွာယူထားပြီး ၁၀ နှစ်ခန့်ကာလအတွင်းဖြစ်နိုင်သည်။ ရောဂါနုချိန်တွင် ချမ်းခြင်း၊ တုန်ခြင်း၊ ဖျားခြင်း၊ ယားယံ၍ အင်ပြင်ထွက်ခြင်း၊ ငယ်ပါယောင်ယမ်း၍ အောင့်ခြင်း၊ နာခြင်းများခံစားနိုင်သည်။ ရောဂါသက်တမ်းရင့်လာသောအခါ ခြေ၊ လက်၊ ရင်သားများ တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ကြီးလာတတ်သည်။ နောက်ဆုံးတွင် ဆင်ခြေအသွင်ပေါ်လာကြောင်း သိရသည်။
ထိုရောဂါသည် အသက်အရွယ်မရွေး၊ အချိန်ကာလမရွေး ကူးစက်ခံရနိုင်သည်။ ရောဂါဖြစ်ပွားသည်ကို စောစီးစွာ မသိဘဲနောက်ကျပါက ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်သည်။ အသက်မသေဆုံးသော်လည်း ခန္ဓာကိုယ်ပျက်စီးခြင်းကိုဖြစ်စေနိုင်သဖြင့် ပေါ့ပေါ့ဆဆမနေသင့်ချေ။ လူတိုင်းလူတိုင်းဖြစ်ပွားနိုင်သဖြင့် ကြိုတင်ကာကွယ်ကုသခြင်းသည် အကောင်းဆုံးဖြစ်သည်။
ယခုအခါ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်မှ ၁၉ ရက်အထိ ဆင်ခြေထောက်သန်ချဆေးပေါင်း တိုက်ကျွေးနေပြီဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံအပါအဝင် ကိုးနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဆုံးဖြတ်ချက်အရ ၂၀၂၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး ရည်မှန်းချက်ဖြင့် ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ထိုနိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ ယခု သန်ချဆေးပေါင်း တိုက်ကျွေးခြင်းကို ဆက်လက်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိမြို့၊ ရွာများတွင် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးတိုက်ကျွေးမည်ဖြစ်၍ပြည်သူအားလုံး သွားရောက် ဆေးသောက်ကြဖို့လိုပါသည်။
ဆင်ခြေထောက်ရောဂါကင်းဝေးစေရန်အတွက် ကာကွယ်ဆေးနှစ်မျိုးပေါင်းသောက်ရမည်ဖြစ်သည်။ အသက် နှစ်နှစ်မှ ငါးနှစ်အတွင်း နှစ်ပြားနှင့် တစ်ဝက်သာ သောက်ရမည်ဖြစ်ပြီး အသက်အုပ်စုအလိုက် ကွဲပြားခြားနားမှုရှိမည်။ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသည် ဆေးထိုးခြင်းလည်းမဟုတ်၊ ဆေးပြားလေးများကို တစ်ကြိမ်သောက်သုံးခြင်းဖြင့် ဆင်ခြေထောက်ရောဂါကို ကြိုတင်ကာကွယ်ထားနိုင်မည်ဖြစ်၍ အပန်းကြီးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လူတိုင်းလူတိုင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက်ကာကွယ်ဆေးပြားလေးများကို သွားရောက်သောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

Ref - ကြေးမုံသတင်းစာ စာတည်းရှုထောင့် (၁၈-၁-၂၀၁၆)


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...