သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, January 3, 2016

ဒါန

#လှူတော့လှူပါရဲ့
••••••••••••••••••••••••••••••••••••••••••••••
ဒါနတောဘောဂဝါ-
လှူရင်ချမ်းသာမယ် တဲ့။ လှူလိုက်တယ်။ အကျိုးဆက်ကြောင့်ချမ်းသာတယ်။ ဒါပေမယ့်ချမ်းသာခြင်းနဲ့အတူပြည့်စုံမှုအားလုံးကို ဘာကြောင့်ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။

လှပခြင်း၊ သြဇာကြီးခြင်း၊လိုတရခြင်း၊ရောဂါကင်းပြီး ကောင်းတာတွေကိုစိတ်တိုင်းကျသုံးဆောင်ရခြင်း၊ ရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်း ဒါတွေမပြည့်စုံဘဲနဲ့ရောမိမိရဲ့ချမ်းသာကြွယ်ဝမှုကအဓိပ္ပါယ်ရှိမှာလား။

ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေကင်းကွာနေရင်ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ကိုယ့်မှာမရှိတာတွေ သူများမှာရှိနေတာကိုမြင်ပြီး(ငွေနဲ့ဝယ်မရတဲ့ အရာတွေကို)၀ယ်ယူဖို့ကြိုးစားရင်းဣဿာတွေ ထိန်းမရဖြစ်ပြီးတော့အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။
ဒီတော့မိမိတို့ပုထုဇဉ်တွေ မကင်းနိုင်သေးလို့သံသရာခရီးကိုလျှောက်ရတဲ့အခါ ကျော့ကျော့လေးဖြတ်သန်းနိုင်ဖို့ချမ်းသာပြည့်စုံခြင်းရဲ့ အကြောင်းတရားတွေရှာကြည့်ရအောင်။

(၁)ချမ်းတော့ချမ်းသာပါရဲ့ရုပ်ကဆိုးနေတာ ဘာကြောင့်ပါလိမ့်?
သဒ္ဓါတရားနဲ့မလှူခဲ့လို့ပါ တဲ့။ သဒ္ဓါယဒါနံဒေတိ=ဘုရား၊တရား၊သံဃာနဲ့ကံ၊ ကံရဲ့အကျိုးတွေကိုယုံယုံကြည်ကြည်သဒ္ဓါတရားနဲ့ လှူခဲ့မယ်ဆိုရင်...(ယတြာချေသလိုလှူတာ မဟုတ်ဘူးဆိုရင်)ဥစ္စာပေါရုပ်ချော ဖြစ်ပါလိမ့်မယ်တဲ့။

(၂)ချမ်းတော့ချမ်းသာပါရဲ့ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို ပြောမနိုင်ဆိုမနိုင်ဖြစ်နေရတာဘာကြောင့်ပါလိမ့်? ရိုရိုသေသေမလှူခဲ့လို့ပါ တဲ့။ သက္ကစ္စံဒါနံဒေတိ=အလှူခံပုဂ္ဂိုလ်တွေကို ရိုရိုသေသေလှူခဲ့မယ်ဆိုရင်...ကိုယ်ပြောသမျှ အောင်မြင်ပြီးဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် သြဇာငြောင်းပါသတဲ့။

(၃)ချမ်းတော့ချမ်းသာပါရဲ့လိုတာမရရတာမလို ဖြစ်နေရတာ(ငွေပေးဝယ်လို့မရတာ) ဘာကြောင့်ပါလိမ့်?
ကာလဒါနမပြုခဲ့လို့ပါ တဲ့။ ကာလေနဒါနံဒေတိ=လိုတဲ့အချိန်မှာလိုတဲ့ပစ္စည်းကို လိုသလိုလှူခဲ့မယ်ဆိုရင်...ကိုယ်လိုတာကိုလည်း လိုတဲ့အချိန်မှာလိုသလိုရပါလိမ့်မယ်တဲ့။

(၄)ချမ်းတော့ချမ်းသာပါရဲ့ကောင်းတာတွေနဲ့မတဲ့တာ (သွေးတိုးရှိလို့၊ဆီးချိုရှိလို့ဟိုဟာမတဲ့၊ဒီဟာမတဲ့ ဖြစ်ရတာ)ဘာကြောင့်ပါလိမ့်?
မကောင်းတတ်လို့ဆိုပြီးလှူခဲ့ကြလို့ပါ တဲ့။

အနုဂ္ဂဟိတစိတ္တေနဒါနံဒေတိ=အလှူခံပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုအာရုံပြုပြီးချီးမြှောက်လိုသောစိတ်နဲ့၊ မငြိကပ်ဘဲလှူခဲ့မယ်ဆိုရင်...ကိုယ်စားချင်တာ၊ ကောင်းတာတွေနဲ့တည့်ပြီးကောင်းတာတွေ သုံးဆောင်ရပါသတဲ့။

(၅)ချမ်းတော့ချမ်းသာပါရဲ့ရန်သူမျိုးငါးပါးရန်က မလွတ်ကင်းတာဘာကြောင့်ပါလိမ့်? ဂုဏ်တုဂုဏ်ပြိုင်လုပ်လှူခဲ့လို့ပါ တဲ့။

အတ္တာနဉ္စ၊ပရဉ္စအနုပါဟစ္စံဒါနံဒေတိ=မိမိဂုဏ်ကိုလည်းမဖော်၊သူတစ်ပါးကိုလည်းမနှိမ့်ချ၊ ဘယ်သူ့ကိုမှမထိခိုက်ဘဲမာနကင်းကင်းနဲ့ လှူခဲ့မယ်ဆိုရင်...ရေ,မီး,မင်း,ခိုးသူ, အမွေခံဆိုးတို့ရဲ့ရန်ကကင်းပါသတဲ့။

ဒါကြောင့်...

ချမ်းချမ်းသာသာ၊

လှလှပပ၊

သြဇာတိက္ကမ၊ကြီးလွန်းလှ၍၊

လိုရာရပြန်၊အကောင်းမှန်သမျှ၊ သုံးဆောင်ရသည့်ကင်းပရန်သူ ဖြစ်ရန်မူကား....

ကြည်လင်သဒ္ဓါရိုသေစွာဖြင့် လိုရာကိုရွေးချီးမြှောက်ပေးကာ ငါမှလှူနိုင်ဂုဏ်မပြိုင်ဘဲ ဉာဏ်ဖြင့်စွဲလျက်၊ကျိုးရင်းဆက်ကို၊ သိလျက်ရွှင်လန်းနိဗ္ဗာန်မှန်းကာ လှူပါစေသောဝ်လှူစေသောဝ်....။

Dhamma Yanant

ဓမ္မရတနာ Page မှတစ်ဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်။

ဓမ္မမိတ်ဆွေသူတော်ကောင်းများ ကြည်သာရွှင်လန်း အေးချမ်းခြင်း ရှိကြပါစေ။

မေတ္တာဖြင့် Ko Lin.


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...