သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, January 15, 2016

ဂိုးသမား

ဘောလုံးကွင်းတွင်းမှ အမေ့လျော့ခံ သံမဏိလက်ပိုင်ရှင်များ
(ပရိသတ်ထံမှ ပေးစာ/ ရေးသားသူ- စိုးနေ့သစ်)
==================================
ကမ္ဘာတစ်လွှားမှာ တစ်ပတ်လုံး ပင်ပန်းခဲ့ပြီးတဲ့နောက် စနေ တနင်္ဂနွေ အားလပ်ရပ်တွေရဲ့ ညနေခင်းတွေမှာ ဘောလုံးပွဲတွေနဲ့အတူ အပန်းဖြေကြတဲ့သူတွေ အများအပြားရှိပါတယ်။အကြိတ်အနယ်ယှဉ် ပြိုင်ရတဲ့ ဘောလုံးပွဲတွေရဲ့ ဖျော်ဖြေမှု အပြည့်ပေးတဲ့ ကစားပုံက ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို အပန်းဖြေစေတယ်လေ။ ဒီလိုဘောလုံးပွဲတွေမှာ ဆိုရင် တိုက်စစ်မှူးတစ်ယောက်ရဲ့ လိမ်ခေါက် ဂိုးသွင်းပုံတွေ၊ကွင်းလယ်ဖန်တီးရှင်တွေရဲ့ ထိုးထွင်းဖန်တီးမှုတွေ၊ ခံစစ်သမားတွေရဲ့ ပါးပါးနပ်နပ် ဖျက်ထုတ်မှုတွေက ပရိတ်သတ်တွေဆီက လက်ခုပ်သံတွေကို အပြည့်အဝ ရယူထားလေ့ရှိပါတယ်။ ဒါပေမယ့် ဂိုးသမားတွေရဲ့ အခန်းကဏ္ဍနဲ့ ကစားပုံကိုတော့ တော်ရုံပရိတ်သတ်က လက်ခုတ်တီးပေးဖို့ မေ့လျော့နေတတ်ပါတယ်။ဒါ့အပြင်  ဂိုးသမားဆိုတာ ခံစစ်မှာ နောက်ဆုံးလူဆိုတော့ သူတို့အမှားလုပ်မိရင် အသင်းဟာ ဂိုးသေချာပေါက် ပေးရမှာ ဖြစ်လို့ ဖိအားပိုများသလို ပိုပြီးလည်း ဝေဖန် ခံရတတ်ပါတယ်။

ပရိတ်သတ်တွေရဲ့ မြင်ကွင်းမှာ ဂိုးသမားဆိုတာ ပယ်နယ်တီစည်းထဲမှာ ကျောက်ချနေပြီး  မိမိဂိုးပေါက်ဆီ ပြိုင်ဘက်က ကန်သွင်းလာတဲ့ ဘောလုံးမှန်သမျှကို ပုတ်ထုတ်ကာကွယ်ရတဲ့  ဂိတ်မှူးတစ်ယောက်ဆိုတာထက် မပိုပါဘူး။ မှန်ပါတယ်.. ဒါဟာ ဂိုးသမားတစ်ယောက်ရဲ့ အဓိက တာဝန်ပါ။ ဒါပေမယ့် ဂိုးသမားကောင်းတစ်ယောက်မှာ ပရိတ်သတ် သတိမထားမိတဲ့ အခြား တာဝန်တွေ များစွာ ရှိပါတယ်။ ဥပမာဆိုရင် မိမိခံစစ်ကြောင်းကိုပြိုင်ဘက်တွေ ခပ်လွယ်လွယ် မထိုးဖေါက်နိုင်အောင် နောက်ခံလူတွေကို  အော်ဟစ် ညွန်ကြားရတာ ဂိုးသမားတွေရဲ့ အလုပ်ပါ။ ဒါ့အပြင် ပြိုင်ဘက်ရဲ့ ကော်နာတွေ၊ ဖရီးကစ်တွေမကန်ခင်မှာ ဘယ်ကစားသမားကို ဘယ်လိုလူကပ်ရမယ်၊ ဘယ်လို wlll ကာရမလဲ ဆိုတာတွေကိုလည်း မိမိ ခံစစ်မှူးတွေကို ညွှန် ကြားရသေးပါတယ်။တစ်ချို့ဂိုးသမားတွေဆိုရင် အသင်းခေါင်းဆောင် လက်ပတ်နဲ့ တစ်သင်းလုံးကို ညွန် ကြား ပဲ့ကိုင်ရတဲ့ တာဝန်ကို ထမ်းဆောင်ရပါသေးတယ်။

ဒါတင်မကသေးပဲ ဂိုးသမားတစ်ယောက်ဟာ မိမိလက်နဲ့ ဘောလုံးကိုင်ခွင့်ရှိတဲ့ ပယ်နယ်တီဧရိယာထဲမှာသာမကပဲ မိမိနောက်ခံလူတွေ ပြိုင်ဘက်ရဲ့ တန် ပြန်တိုက်စစ်ကို မတားဆီးနိုင်ပဲ ကျွံထွက်လာတဲ့ဘောလုံးတွေကိုလည်း ပယ်နယ်တီ စည်းအပြင်ထိ လိုက်လံ ဖျက်ထုတ်ပေးရပါတယ်။ လက်ရှိ ဘိုင်ယန်ဂိုးသမား နူအာအနေနဲ့ ပယ်နယ်တီ စည်းအပြင်ထိ ဘောလုံးတွေကို လိုက်လံ ဖျက်ထုတ်ရင်း sweeper တစ်ယောက်လို မိမိရဲ့ ခံစစ်ကို ကာကွယ်လေ့ ရှိပါတယ်။ပြီးတော့ ဂိုးသမားတွေအနေနဲ့  ဘောလုံးဖမ်းပြီးတာနဲ့ လွတ်နေတဲ့ ကစားဖေါ်ဆီဘောလုံးကို ခပ်မြန်မြန်နဲ့တိတိကျကျ ကန်တင်ပေးရင်း အသင်း တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ တိုက်စစ်ကိုလည်း ကူညီပုံပိုး ရပါတယ်။

ချီလာဗတ်တို့လို ဂိုးသမားမျိုးကျတော့ ဖရီးကစ်တွေ၊ပယ်နယ်တီတွေကို ကိုယ်တိုင် ကန်သွင်းရင်း ဂိုးသွင်းတဲ့ တာဝန်ပါ ယူလေ့ရှိပါတယ်။ထို့ အတူ ဂိုးသမားတော်တော်များများဟာ နောက်ဆုံးမိနစ်တွေမှာ မိမိအသင်း အရေးနိမ့်နေချိန် ကော်နာရတဲ့အခါ ပြိုင်ဘက်ဂိုးအထိ စွန့်စွန့်စားစား တက်ပြီး ချေပဂိုးသွင်းယူဖို့ ကြိုးပမ်းလေ့ ရှိပါတယ်။(၂၀၀၃) ခုနှစ်က  အင်တာ-ဂျူဗီ တစ်ဂိုးစီ သရေကျသွားတဲ့ပွဲမှာ ပွဲချိန်နောက်ဆုံးကော်နာကနေ အင်တာဂိုးသမား တော်လ်ဒို ချေပဂိုး သွင်းပေးခဲ့သလို မျိုးပေါ့။ ပီတာရှမိုက်ကယ်၊ပါလော့ တို့ လည်း ကော်နာကနေတစ်ဆင့် ဂိုးသွင်ယူဖူးတဲ့ ဂိုးသမားတွေပါ။

အခုလိုမျိုး ဂိုးသမားတစ်ယောက်ရဲ့တာဝန်နဲ့ အခန်းကဏ္ဍဟာ ဘောလုံးပွဲတစ်ပွဲမှာ ကျယ်ကျယ် ပြန့်ပြန့်နေရာယူထားပေမယ့် သူတို့ ဟာ ပရိတ်သတ်ရဲ့ အသိအမှတ် ပြုမှုကို အခြားနေရာက ကစားသမားတွေလောက် မရသလို ကလပ်အသင်းတွေကိုယ်တိုင်ကလည်း သိပ်အလေးမထားပါဘူး။ (၂၀၀၁) ခုနှစ်က ပြင်သစ် ကွင်းလယ်ဖန်တီးရှင် ဇီဒန်းဟာ ဂျူဗီကနေ ရီးယဲလ်ကို ပေါင် (၄၆) သန်းနဲ့ ပြောင်းသွားခဲ့ပြီး အဲ့ဒီအချိန်က ကစားသမားတစ်ယောက်အတွက် ကမ္ဘာ့အမြင့်ဆုံး ပြောင်းရွှေ့ ကြေး စံချိန်တင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ဂျူဗီကအီတလီဂိုးသမား ဘူဖွန်ကို ပါးမားကနေ ဂိုးသမားတစ်ယောက်အတွက် စံချိန်တင် ပြောင်းရွှေ့ ကြေးပေါင် (၃၃) သန်းနဲ့ ခေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဇီဒန်းရဲ့ ပြောင်းရွှေ့ ကြေးစံချိန်ကို ကာကာ၊ဒိုလေးနဲ့ ဘေးလ်တို့က  ချိုးဖျက်နိုင်ခဲ့ပြီး ဘေးလ်ရဲ့ပြောင်းရွှေ့ ကြေး(ပေါင် ၈၅သန်း)ဟာဆိုရင် ဇီဒန်းရဲ့ စံချိန်ထက် နှစ်ဆနီးပါးလောက် ရှိနေပါပြီ။ ဒါပေမယ့် ဘူဖွန်ရဲ့ စံချိန်ကိုတော့ ဘယ်ဂိုးသမားမှ မချိုးဖျက်နိုင်သေးပဲ (၁၅) နှစ်ကြာ တည်တန့်နေပါသေးတယ်။ ဆိုရရင် ကလပ်အသင်းတွေဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူးတွေတင်မကပဲ နောက်ခံလူတစ်ယောက် ကိုတောင် ယူရို သန်း ၅၀လောက် ပေးဝယ်ဖို့ ဝန်မလေးပေမယ့် ဂိုးသမားတစ်ယောက်အတွက်တော့  ၁၀ သန်းလောက်တောင် မသုံးချင်ကြပါဘူး။

ဂိုးသမားတွေဟာ ပရိတ်သတ်တွေနဲ့ ဘောလုံးကလပ်တွေရဲ့ အမေ့လျော့ခံ ဖြစ်နေသလို  ဖီဖာရဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရှင် စာရင်းမှာလည်း အပယ်ခံ နေရာမှာပဲ ရှိနေပါတယ်။ (၁၉၉၁) ခုနှစ်က  စတင် ချီးမြှင့်တဲ့ ဖီဖာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရှေ့ ၊လယ်၊နောက် နေရာအသီးသီးက ကစာားသမားတွေ ရထားပါတယ်။ ဒါပေမယ့် ကလပ်အသင်းတွေမှာ အောင် မြင်မှုတွေ မရေမတွက်နိုင်အောင် ရထားပြီး အီတလီ၊စပိန်၊ဂျာမနီစတဲ့ နိုင်ငံအသင်းတွေကိုလည်း ကမ္ဘာ့ ဖလားရအောင် စွမ်းစွမ်းတမံ အစွမ်းပြခဲ့တဲ့ ဘူဖွန်၊ကာဆီးလက်စ်နဲ့ နူအာတို့လို ဂိုးသမားတွေကတော့  ခုချိန်ထိဒီဆုနဲ့ အလှမ်းဝေးနေဆဲပါ။
……………………………………………
ကွင်းလယ် ဖန်တီးရှင် ခင်းပေးတဲ့ဘောလုံးကို တိုက်စစ်မှူးက လှလှပပအဆုံးသတ်ရင်း မြက်ခင်းပြင်ပေါ်မှာ လျောထိုး အောင်ပွဲခံလိုက်ပါတယ်။ကွင်းထဲက ပရိတ်သတ်တွေကလည်း ထောင်သောင်းချီတဲ့ လက်ခုတ်သံတွေနဲ့ ဂုဏ် ပြုရင်း သူ့နာမည်ပါတဲ့ ဂျာစီတွေကို ဝှေ့ယမ်းကာ သူနဲ့အတူ အောင်ပွဲခံလိုက်ပါတယ်။ ဒီဂိုးဟာ လပေါင်းများစွာ မီဒီယာတွေထက်မှာချီးကျူးထောပနာပြု ခံရမှာဖြစ် ပြီး အလှပဆုံးနဲ့ ဂန္ထဝင်အဆန်ဆုံး ဂိုးမှတ်တမ်းတွေမှာလည်း ပါကောင်းပါနိုင်ပါသေးတယ်။ ပြိုင်ဘက်ကစားသမား အပိုင်ကန်သွင်းလိုက်တဲ့၊  သေချာပေါက်ဂိုးနိုင်တဲ့ ဘောလုံးကို ဂိုးသမားတစ်ယောက်က မဖြစ်နိုင်တဲ့အနေအထားကနေ ခက်ခက်ခဲခဲ ပုတ်ထုတ်ကာကွယ်လိုက်တဲ့ အခိုက်အတန့်ကတော့ ကျိုးတိုးကျဲတဲ လက်ခုတ်သံတစ်ချို့နဲ့သာ အဆုံးသတ်သွားပြီး ပွဲပြီးရင် ဘယ်သူမှ သတိရကြတော့မှာ မဟုတ်ပါဘူး။အခုလို အားလုံးရဲ့ အမေ့လျော့ခံဖြစ်နေပေမယ့်  ဂိုးသမားတွေကတော့ အသင်းအတွက် မထင်မရှားနေရာကနေ အကောင်းဆုံးပေးဆပ်နေမှာပါ ။ ဘောလုံးပွဲတွေ ရှင်သန်နေသ၍ မိမိအသင်း ဂိုးမပေးရအောင် စိတ်ချရတဲ့သံမဏိလက်တွေနဲ့ ဂိုးပေါက်ကို တာဝန်အကျေဆုံးစောင့်လျောက်ကာကွယ်ရင်း ပရိတ်သတ်တွေဆီက  သူတို့အတွက် ရှားရှားပါးပါး ချီးမြှင့်ပေးမယ့် လက်ခုတ်သံတစ်ချို့ကိုလည်း မသိစိတ်က မျှော်လင့်နေအုံးမှာပါ။


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

တရားရှိတဲ့နေရာ

 တရားဘယ်မှာရှိလဲတော့မသိဘူး ... ဘုရားမှာပဲ ဖိနပ်ပြောက်တာပါ လကွဖက်ရည်ဆိုင်မှာ ကျန်ခဲ့တဲ့ထီးက တပတ်ကြာမှသွားယူလည်းရတယ် . #အရေးတော်ပုံအောင်တော့မည...