သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, September 24, 2015

အန် တို နီ ယို ဗ လင် စီ ယာ


မန်ယူအသင်းရဲ့ အီကွေဒေါတောင်ပံကစားသမား ဗလင်စီယာကို သူ့ရဲ့ငယ်ဘ၀ အကြောင်း ပြန်ပြောင်းပြောပြပါလို့ တောင်းဆိုလာခဲ့ရင် သူ့ရဲ့ မျက်လုံးထဲမှာ တောင်ပုံယာပုံရှိနေတဲ့ ပုလင်းခွံအလွတ်တွေ၊ ဗူးခွံအလွတ်တွေက နေရာယူနေပါလိမ့်မယ်။
အီကွေဒေါနိုင်ငံက လာဂိုအက်ဂ်ရီယိုဆိုတဲ့မြို့လေးဟာ တောင်အမေရိကတိုက်က နာမည်ကြီးထင်ရှားတဲ့ အမေဇုန် အမြဲစိမ်းသစ်တောအစပ်မှာတည်ရှိနေတဲ့ မြို့လေးပါ။ ဒီမြို့မှာ အန်တိုနီယိုဗလင်စီယာအပါအ၀င် ညီအစ်ကို(၆)ယောက်နဲ့ ညီမ(၁)ယောက်ကို သူတို့ရဲ့မိဘတွေက မွေးဖွားခဲ့ပါတယ်။
မိသားစုရဲ့အဓိကစီးပွားရေးက လာဂိုအက်ဂ်ရီယိုမြို့ခံဘောလုံးအသင်းရဲ့
အိမ်ကွင်းပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူက ဒီကွင်းရှေ့မှာ ဘောလုံးပွဲလာကြည့်တဲ့ ပရိသတ်တွေကို အအေးရောင်းပါတယ်။ ဗလင်စီယာတို့ ညီအစ်ကိုတစ်သိုက်ရဲ့ အလုပ်က ဘောလုံးပွဲပြီးချိန်မှာ ပရိသတ်တွေ သောက်သုံးပြီး လွှင့်ပစ်ခဲ့တဲ့ အအေးပုလင်းခွံတွေ၊ ဗူးခွံတွေကို
အိတ်တစ်လုံးစီလွယ်ပြီး လိုက်ကောက်ရတာပါ။ ကောက်လို့ရတဲ့ အအေးပုလင်းခွံ၊ ဗူးခွံတွေကို သူတို့အိမ်နားမှာရှိတဲ့ မြေကွက်လပ်မှာ စုပုံထားပါတယ်။ ပုလင်းခွံ၊ ဗူးခွံတွေ တော်တော်များများစုမိလာပြီး တောင်ပုံယာပုံဖြစ်လာပြီဆိုရင်တော့ သူတို့ရဲ့ဖခင်က ကားတစ်စီးနဲ့တင်ပြီး အီကွေဒေါနိုင်ငံ၊ မြို့တော် ကွီတိုမြို့ကို သွားသွင်းပါတယ်။ ကွီတိုကနေ သူတို့ဖခင်ပြန်လာတဲ့အချိန်ကတော့ ဗလင်စီယာတို့ညီအစ်ကိုတစ်သိုက် အပျော်ဆုံးအချိန်ပေါ့။ သူတို့မိသားစုရဲ့ ငွေအရွှင်ဆုံးအချိန်ဖြစ်ပြီး စားစရာသောက်စရာလေးတွေ စုံစုံလင်လင်ပါလာတတ်ပါတယ်။
ဘောလုံးကွင်းနားမှာနေပြီး အလုပ်လုပ်ရတာကြောင့် ဗလင်စီယာတို့ညီအစ်ကိုတစ်သိုက် ဘောလုံးကို ဝါသနာထုံပြီး ကွင်းနားက ဖုန်တထောင်းထောင်းထနေတဲ့မြေကွက်လပ်မှာ အမြဲလိုလို ကစားတတ်ကြပါတယ်။ ညီအစ်ကိုတွေအားလုံး ဘောလုံးကို ဝါသနာပါပေမယ့် ပိုပြီး ရူးသွပ်တာကတော့ (၃)နှစ်ကြီးတဲ့ အစ်ကို အယ်လ်ဒါဗလင်စီယာနဲ့ ညီဖြစ်သူ အန်တိုနီယိုဗလင်စီယာတို့ပါပဲ။
တစ်ရက် သူတို့ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေ ဘောလုံးကစားတာကို အေးဂျင့်တစ်ဦးဖြစ်သူ ပတ်ဒရိုပါပီက လာကြည့်ခဲ့ပြီး အရည်အသွေးရှိတဲ့ ဗလင်စီယာကို Sucumbíos ဆိုတဲ့ ဒေသခံအသင်းမှာ လေ့ကျင့်ကစားဖို့ ပို့ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဗလင်စီယာရဲ့အသက်က (၁၁)နှစ်ပါ။ အသက်(၁၆)နှစ်အရွယ်ကိုရောက်လာချိန်မှာတော့ ဗလင်စီယာအတွက် အိပ်မက်လိုဖြစ်ခဲ့ရတဲ့ ကမ်းလှမ်းမှုတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အီကွေဒေါနာမည်ကျော်ကလပ် El Nacional အသင်းက သူတို့ဆီမှာ လူငယ်ကစားသမားအဖြစ် နေထိုင်ပြီးကစားဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကို သူ့အဖေက လက်မခံဘဲပယ်ချမယ်ဆိုတာ ဗလင်စီယာ သိနေပါတယ်။
ဒါကြောင့် မိသားစုထဲ ဘယ်သူ့ကိုမှအသိမပေးဘဲ သူအချစ်ဆုံး မိခင်ဖြစ်သူနဲ့ သူ့ကို နာမည်ကျော်တစ်ဦးဖြစ်စေချင်တဲ့ အစ်ကိုကြီးဖြစ်သူ ကားလို့စ်အယ်လ်ဖရက်ဒိုတို့ကိုပဲ တိတ်တဆိတ်အသိပေးပြီး (၈)နာရီကြာခရီးနှင်ရတဲ့ ကွီတိုမြို့က El Nacional အသင်းကို ထွက်လာခဲ့ပါတယ်။ ခရီးထွက်လာချိန်မှာ ဗလင်စီယာလက်ထဲ ငွေကြေးဗလာဖြစ်ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ကားလို့စ်က ခရီးစရိတ်ကို ရှာဖွေပေးခဲ့ရတာဖြစ်ပါတယ်။ El Nacional အသင်းမှာတော့ တစ်လကို လစာငွေ (၅၀)ဒေါ်လာစရခဲ့ပြီး တဖြည်းဖြည်းနဲ့ ခြေစွမ်းပြကစားလာခဲ့ရာမှာ လစာငွေလည်း တိုးမြင့်လာခဲ့ပါတယ်။
ငယ်စဉ်က အန်တိုနီယိုဗလင်စီယာနဲ့ကစားဖက် အယ်လ်ဒါဗလင်စီယာလည်း နောက်(၃)နှစ်အကြာမှာ El Nacional အသင်းကိုရောက်ရှိလာခဲ့ပြီး ဗလင်စီယာနဲ့ ကစားဖက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဒါကတော့ သူ့ရဲ့ကစားသမားဘ၀ကို အီကွေဒေါပြည်တွင်းကလပ်အသင်းတွေမှာသာ ကစားရင်း ကုန်ဆုံးခဲ့ပြီး ဗလင်စီယာကတော့ ဥရောပကိုရောက်လာကာ နာမည်ကျော်ကစားသမားတစ်ဦးဘ၀ကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဗီလာရီးယဲယ်၊ ရီခရီယေးတီးဗို၊ ၀ီဂန်အသင်းတွေမှာ ကစားခဲ့တဲ့ ဗလင်စီယာဟာ မန်ယူအသင်းမှာ အရှက်အကြောက်ကြီးသူ တစ်ဦးလို့ နည်းပြဟောင်းဖာဂူဆန်က သတ်မှတ်တာခံရဖူးသူဖြစ်ပါတယ်။ ။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...