လူဖြစ်ရတဲ့ဒုက္ခ
။
ဘာသာတရားတွေမှာ လူဟာဘုရားကတိုက်ရိုက်ဖန်ဆင်းတယ် အသိဉာဏ်အရှိဆုံးသတ္တဝါရယ်လို့ မည်မျှပင်ချီးချီးပပဆိုဆို အခြားသတ္တဝါဘုံသားတွေထက်ပိုလို့ မတောင်းဆိုရဘဲ ဇွတ်အတင်းဘယ်သူထည့်ပေးလိုက်လည်းမသိတဲ့ လူဖြစ်မှ ခံစားရတဲ့ဒုက္ခကြီးလို သီးသီးခြားခြား အပိုဆုကြီးတခုကပါရှိပြီးဖြစ်ပါတယ်
နတ်တို့ ဗြဟ္မာတို့ ဆိုပါတော့ နေစရာအတွက်က ကံအားလျှော်စွာ ပေါ်ပေါက်လာတာမို့မကြောင့်ကြရ စားစရာ ဝတ်စရာတို့လည်းထိုနည်း၎င်း
အပယ်ဘုံသားလို့ခေါ်တဲ့ ငရဲသားတွေဆိုရင်လည်း ဒုက္ခခံနေရသည်ဆိုစေ နေဖို့ရယ်ကြောင့်ကြစရမလို ပြိတ္တာတို့များကျပြန်တော့လည်း သစ်ပင်သစ်ကိုင်းအိမ်အိုဇရပ်ပျက်နေကောင်းနေရမယ် လူ့စွန့်ပြစ်အညစ်အကြေးတွေကို စားကောင်းစားရမယ် အငတ်ငတ်အပြတ်ပြတ်ဖြစ်ကောင်းဖြစ်နေမယ် သူတို့တာဝန်က တောင်းဆိုနေဖို့ ရှာနေဖို့သက်သက်သာရှိတယ်ဟုတ်
အဟိတ်တိရစ္ဆာန်တွေဆိုရင်လည်းကြည့်လေ နေဖို့အိမ်ကို ကိုယ်တိုင်တည်ဆောက်ရတဲ့ တိရိစ္ဆာန်မျိုးစိတ်အချို့ရှိမယ် စားဖို့ သက်စွန့်ဆံဖျားကြိုးစားရတဲ့ တိရစ္ဆာန်မျိုးစိတ်အချို့ရှိမယ်ဆိုပေမယ့် လူလောက်တော့ ဘာဟိရတယ်မများလှဘူး
စဉ်းစားကြည့်လေ
သတ္တလောကမှာ ဘယ်သတ္တဝါက သူတို့မျိုးတူတွေဝတ်ဆင်ဖို့ အဝတ်အစားဖန်တီးထုတ်လုပ်ရတာမျိုးရှိလို့တုန်း
စားဖို့ဆိုရင်ပိုတောင်ကသီသေးတယ် ဘယ်တိရစ္ဆာန်က သူတို့အစားအစာအတွက် စိုက်ပျိုးမွေးမြူရတယ်ကြားဖူးလို့တုန်း စာလာရင်သဘာဝအားလျှော်စွာဖြစ်ပေါ်နေတဲ့ စားစရာကိုရှာဖွေရုံပါပဲ အားစိုက်ရတာချင်းတော့ကွာတာပေါ့
လူတွေများမတော့သိပ်ခက်တယ်
ထူးကဲတဲ့ဉာဏ်ရည်ကြောင့်ပဲလားမသိ လူသားတွေအတွက် နေဖို့စားဖို့ဝတ်ဖို့ကို သဘာဝအလျှောက်ဖန်တီးပေးထားတာတွေက လုံလောက်မှုမရှိဘူး မတင်းတိမ်စေဘူး ပိုပိုပြီးကောင်းတာ ပြည့်စုံတာကို လိုလားရှာဖွေကြရင်း ရှာဖွေကြရင်း ပြည့်သည်မရှိ လိုမြဲလိုစဲ
ကဲ.. ဒီတော့အထူးထည့်ပေးလိုက်ပါတယ်ဆိုတဲ့ ဉာဏ်ပညာကြီးက ကိုယ်ပိုင်စားကျက်ကို ဖန်တီးထိမ်းသိမ်းစောင့်လျှောက်ကာကွယ်လို့ တိုးတက်အောင်အစဉ်ကြိုးစားအားထုတ်ဖို့ ဒီအတွက်လုံးပန်းဖို့သာအသုံးပြုနေရတယ်ဟုတ်
ဒီတော့ပြောစမ်းပါ
လူဖြစ်ရတဲ့ဒုက္ခက သေးသလားကိုယ့်လူတို့ ...
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ










