သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, January 30, 2021

ဘဒ္ဒါကုဏ္ဍလကေသီ

အချစ်မှာမျက်စိမရှိတဲ့ ကာမဘုံသားတို့ရဲ့  ဘဝအစိတ်အပိုင်း တစ်ခုမှာ ဒီစိတ်ခံစားချက် ဖြစ်ခဲ့ကောင်းဖြစ်ခဲ့ဖူးမှာပါ 


မဂဓတိုင်း ရာဇဂြိုလ်ပြည်ရဲ့ သူဌေးသမီးတစ်ယောက်ပေါ့

သူမရဲ့ အမည်ရင်းကတော့ ဘဒ္ဒါပါ

ကုဏ္ဍလကေသီ ဆိုတာကတော့ လောက က ပညတ်တဲ့ အမည်ပါ


သေဒါဏ်ကျခံရမယ့် ခိုးသားဓားပြကို ကွက်မျက်ဖို့ သုသာန်အပို့မှာ ပြတင်းဝကအကြည့် စွဲငြိသွားသတဲ့လေ


ဒီနေရာမှာ စဉ်းစားစရာပေါ်လာတယ် 

အဲ့့ဒီခေတ်အခါက ပဒေသရာဇ် မင်းရာဇာတွေဟာ ပြစ်ဒဏ်ကျခံရမယ့် အပြစ်သားကို တိတ်တဆိတ် အပြစ်ပေးတာမျိုးမဟုတ်ဘဲ မြို့တွင်းရွာတွင်း တမင်ပြသလေသလားပေါ့ 


နောင်နောင် ဒီပြစ်မှုမျိုး မကျူးလွန်အောင် ရည်ရွယ်ချက်နဲ့လား 

ဒါမှမဟုတ် အာဏာရှင်ရဲ့ ပါဝါပြခန်းလည်း ဖြစ်နိုင်ပါတယ်


စွဲငြိနေလေတော့ အမိအဖကို ပူဇာတယ် ဘယ်သဘောတူလိမ့်မလည်းဗျာ 

ဒီတော့ဒီခေတ်ဒီအခါအတိုင်း အစာငတ်ခံဆန္ဒပြသလားတော့မသိ သဘောတူလိုက်ရတယ်


ဖခင်ဖြစ်သူက သုသာန်သူသတ်ကုန်း လိုက်သွားပြီး ကွက်မျက်မယ့် အာဏာပါးကွက်သားတွေကို တစိုးလက်ဆောင်ပေးပြီး ရွေးထုတ် သမီးအတွက် လင်လုပ်စေသတဲ့


ခေတ်ကာလတွေ ဘယ်လောက်ခြားခြား  လူသားတိုင်းရဲ့ လောဘ ဒေါသကတော့ အတူတူပါဘဲ


သူ့ကိုသတ်ဖို့ကြံတဲ့  လင်သားကို တောင်ကမ်းပါးက တွန်းချပြီး မြို့ကိုလည်း မပြန်လိုတော့ဘူး မိဘသဘောမတူတဲ့ကြားက ဇွတ်ရယူခဲ့တဲ့လင်သားကို ပြန်သတ်ပြစ်တဲ့ မိန်းမအဖြစ် လောကအပြစ်ဆိုဖွယ်ရာမဟုတ်လား


တကယ်လို့သာ  မြို့ထဲပြန်ဝင်ခဲ့ရင် မြတ်ဗုဒ္ဓ နဲ့ တွေ့ကောင်းတွေ့နိုင်ရဲ့


ဂျိန်းတို့ရဲ့ ဂိုဏ်းမှာ ပရဗိုဇ်အဖြစ်  ခံယူဝင်ရောက်တယ် 

သူတို့ရဲ့ဝါဒ ၁၀၀၀ ကို ၇ ရက်အတွင်းအပြီးသင်ယူခဲ့တယ် 


ဒီတော့ အရပ်ရပ်အပြည်ပြည် ဘာသာတရားပြန့်ပွားစေဖို့ လှည့်လည်စေတယ် ဝါဒချင်းယှဉ်ပြိုင်ပြီး ရှုံးနိမ့်သူ ခြေရင်းအလုပ်အကျွေးပြုရမယ်ဆိုတဲ့ အလောင်းအစားနဲ့ပါ


ဒီလိုနဲ့ တိုင်းကြီးလေးတိုင်းလှည့်လည်ပြီးရာ ယခုတော့ ကောသလတိုင်း  သာဝတ္ထိပြည်အတွင်း ဝင်ရောက်လာခဲ့တယ် မြို့အဝင်မှာပဲ သဲပုံသပြေစိုက်ပြီး ကြွေးကျော်တယ် သူနဲ့ဝါဒယှဉ်ပြိုင်ဝံ့သူမှ ဒီသပြေခက်ကိုနှုတ် ဒီသဲပုံကိုဖျက်ခွင့်ရှိတယ်ဆိုပြီးပေါ့


တွေ့မယ်တွေ့တော့ မြတ်ဗုဒ္ဓရဲ့ လက်ယာတော်ရံ ပညာဧတဒဂ်ရ ရှင်သာရိပုတ္တရာ နဲ့မှ ပညာပြိုင်ဖို့ဖြစ်လာတယ် သူမေးတဲ့ ဝါဒ ၁၀၀၀ ကို မထေရ်မြတ်ကြီးက လွယ်လင့်တကူ ဖြေနိုင်ပေမယ့် မထေရ်မြတ်ကြီးမေးတဲ့ ပထမဆုံး မေးခွန်းကိုပဲ သူမ မဖြေနိုင်ခဲ့လေတော့ အလောင်းအစားပြုရာအတိုင်း ခြေရင်းအလုပ်အကျွေးပြုပါမည်အကြောင်း လျှောက်ထားတော့ မထေရ်မြတ်ကြီးက ငါ့ဆရာကိုသာ အလုပ်အကျွေးပြု ဖို့ မိန့်တော်မူတယ် 


မြတ်ဗုဒ္ဓဆီအရောက်မှာ မြတ်ဗုဒ္ဓဟာ သူမဟာ ကဿဖမြတ်စွာဘုရား လက်ထက်တော်အခါက ကိကီမင်းကြီးရဲ့ သမီး ၇ ယောက်အနက် တစ်ယောက်ဖြစ်ခဲ့ပြီး ကာမဂုဏ်တရားတို့ ဖယ်ခွာပြီး ကုမ္မာရီ အကျင့်ကို သက်ဆုံးတိုင် ကျင့်ခဲ့သည်ကို သိသည့်အလျှောက် 


ချစ်ခြင်းကြောင့် ဆင်းရဲခြင်းဖြစ်သည် 

 ဆင်းရဲခြင်းကင်းလိုလျှင်   မချစ်ဖို့ကျိုးစားပါ


 ဆိုတဲ့ အဓိပ္ပါယ်ရ တစ်ပုဒ်တည်းသောဂါထာကို နာကြား နှလုံးသွင်းယုံနဲ့ ရဟန္တာဖြစ်တော်မူတယ် 


ဒါ့ကြောင့် တရားတော်ကို လျှင်မြန်စွာ နှလုံးသွင်းနိုင်သော

 အဂ္ဂ ခိပ္ပါဘိည ဧတဒဂ် ရတော်မူတယ်


မြတ်ဗုဒ္ဓ ဟောကြားသည့် ဂါထာတော်


ချစ်ခြင်း ~ သမုဒယသစ္စာ

ဆင်းရဲခြင်း     ~ ဒုက္ခသစ္စာ

ဆင်းရဲခြင်းကင်းကြောင်းအကျင့် ~ မဂ္ဂသစ္စာ

ဆင်းရဲခြင်းကင်းရာ ~ နိဂြောဓသစ္စာ


~~~~~~~~~~~~~~~~~~~~~~~~~~~


သတ္တဝါအပေါင်း ဆင်းရဲကင်းကြပါစေ....


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း


Friday, January 29, 2021

မြန်မာ့နှစ်ကူးသတ်မှတ်ရက်နဲ့ သိမှတ်စရာ



 မြန်မာ လ ကတော့ *လဗဟိုပြုစနစ်* ကို အသုံးပြု သတ်မှတ်ထားပါတယ်


 လဟာ ကမ္ဘာကို ပတ်မိဖို့ သာမန်အားဖြင့် ရက် ၃၀ ကြာတယ်လို့ ထင်ရပေမယ့် မဟုတ်ပါဘူး ၂၉ ရက်နဲ့ ၁၂ နာရီ (ဝါ) ၅၉ ရက်မှာ လဟာ ကမ္ဘာကို နှစ်ပတ် ပတ်ပါတယ်


       တန်ခူးဟာရက်မစုံ ၂၉ ကဆုန်ဟာ ရက်စုံ ၃၀ နယုန်ဟာ ရက်မစုံ ၂၉ ဒီလို ရက်စုံ ရက်မစုံ တလှည့်စီကြာပါတယ် 


ဒါကြောင့် သာမန်အားဖြင့် မြန်မာလတွေဟာ ရက်စုံ ၃၀ ရက် ၆ လရှိပြီး ရက်မဆုံ ၂၉ ရက်က ၆ လရှိပါတယ် 


 အဲ့ဒီရက်စုံ ၆ လနဲ့ ရက်မစုံ ၆ လကို ပေါင်းလိုက်တော့ ၃၀×၆=၁၈၀

                                                    ၂၉×၆=၁၇၄

       ၁၈၀+၁၇၄ = ၃၅၄ ရက်ပဲရပါတယ် 


မြန်မာသက္ကရာဇ် ရဲ့ ၃၆၅ ရက် ၆ နာရီ တစ်နှစ်တာစံနှုမ်းကို မှီဖို့ ၁၁ ရက်ကျော်လိုသေးတာပေါ့ ဒီတော့ အဲ့ဒီရက်တွေကို စုပေါင်းပြီး ဝါထပ်ပေးရတာပါ ။ 


 ဝါထပ်တယ်ဆိုရာမှာလည်း ဝါကြီးထပ် ဝါငယ်ထပ်ဆိုပြီးရှိပါတယ် ။


 ဝါကြီးထပ်တယ်ဆိုတာကတော့ ကဆုန် ရက်စုံ နယုန် ရက်မစုံမှ ရက်စုံ ပထမဝါဆို ရက်စုံ ဒုတိယဝါဆို ရက်စုံ ဒီလိုရက်စုံ လေးလ ထပ်တဲ့ နှစ်ကို ဝါကြီးထပ်လို့ခေါ်ပါတယ် ။ 


ဝါငယ်ထပ်ဆိုတာကတော့ နယုန်လ ကိုပုံမှန်အတိုင်း ရက်မစုံ အဖြစ်သတ်မှတ်ပြီး ကျန်သုံးလကိုပဲ ရက်စုံ အဖြစ်သတ်မှတ်တဲ့ နှစ်တွေကိုခေါ်တာပါ 


       မြန်မာ့နှစ်ကူး သတ်မှတ်မှုဟာ  *နေဗဟိုပြုစနစ်* ကို အခြေပြု သတ်မှတ်ထားပါတယ် ။


     ခရစ်နှစ်သတ်မှတ်မှုဟာ နေကိုအခြေပြု နေကို ကမ္ဘာက တစ်ပတ်ပတ်မိတဲ့အချိန်ကို ယူပါတယ်

  * နေဗဟိုပြု * စနစ်ပေါ့

 နေကို ပတ်မိဖို့အတွက် ၃၆၅ ရက် နဲ့ ၆ နာရီ ကြာပါတယ် ။ 


၃၆၅ ရက်ကို တစ်နှစ်လို့သတ်မှတ်တဲ့အတွက် ပိုနေတဲ့ ၆ နာရီကို ပေါင်းလိုက်တော့ လေးနှစ်အပြည့်မှာ ၁ ရက်စာ ပိုထွက်လာပါတယ် ။ 


အဲ့ဒီလိုနှစ်မှာ ဖေဖော်ဝါရီလရဲ့ ရက်ကို တစ်ရက်တိုးပြီး ဖေဖော်ဝါရီ ၂၉ ရက်ဆိုပြီးဖြစ်လာတာပါ ။


 ဖေဖော်ဝါရီလမှာ ရက်တိုးမယ့်နှစ်ကို ကိုယ့်ဖာသာ တွက်ယူနိုင်ပါတယ် ခရစ်နှစ်ကို တည်ပြီး ၄ နဲ့စားလိုက်တာနဲ့ အကြွင်း သုံညနှစ်တွေဟာ ရက်တိုးမယ့်နှစ်တွေပါ လေးနှစ်ပြည့်ပြီးတိုင်း တစ်ရက်တိုးတယ်လို့လည်း မှတ်ယူနိုင်ပါတယ် 


    ဒီလိုဒီလိုကြောင်းကြောင်းတွေကြောင့် မြန်မာ့နှစ်ကူ အတာသင်္ကြန်အချိန်တွေဟာ ပုံမှန် ခရစ်နှစ်ရဲ့ ဧပြီ လထဲမှာ အမြဲကျရောက်ပြီး မြန်မာလတွေထဲမှာတော့ တစ်ခါတစ်ရံ တန်ခူးလမှာ မကျပဲ ကဆုန်လ မှာ ကျတာပါ


♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ 


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Tuesday, January 26, 2021

ဆရာ​အောင်သင်း၏ကဗျာ



သင်္ကြန်ခါ ရေကစားလျှင်ဖြင့်
ငြင်းဆန်ကာ မေတစ်ပါးရယ်က
ရွှေအားကို သပ်သပ်​ပြေး​လေမှ
မြတ်မြတ်က​လေး လိုက်ပက်ချင်

ဆုတ်စမ်း​နော်လို့ နှုတ်ခမ်း​တော် တကယ်စူ​တော့ 
စံပယ်ဖြူစကားဝါ သ​ပြေပန်း​တွေနဲ့
ရွယ်တူကို အသာအယာ​ရေမဖြန်းချင်ဘူး
မှန်းမလွဲ နှုတ်ခမ်းကွဲ​လောက်​အောင်
ဗွမ်းကနဲ့ပက်လိုက်ရင်

ဟဲ့....ပလုတ်တုတ်​သေနာ​ကောင်လို့
တကယ်မဟုတ်တရုတ်​ဖြေကာ​ယောင်မှ
ကြောင်​တောင်​တောင်စပ်ဖြီးဖြီးနဲ့ 
အဟီး...လို့ရယ်ကာပင်
ပျော်ရွင်မိစိတ်ဝမ်း..

Monday, January 25, 2021

လွမ်းရာသီ


အဓိက ကတော့

သတိရတာပါပဲ ညို...


တောင်ဆီမှာ မှောင်ရီသမ်းပြန်တော့

လွမ်းတယ်လို့ငို


ထီးတစ်လက်နှစ်ယောက်ခို

တစ်ယောက်စိုမှာတစ်ယောက်စိုး


သစ်ရိပ်အောက်နှစ်ယောက်ဝင်

တစ်ယောက်ရင်ခွင်တစ်ယောက်တိုး


သြော်  အခုတော့

အဖော်ပြုစရာညိုမရှိပြီမို့

ငိုမိတယ် မိုး....


ကိုလေး အင်းဝဂုဏ်ရည်

အလွမ်း ဦးထွန်းလွင် (မိုးဇလ)


အချစ်ရေ ..... 

မင်းပြန်သွားပြီးကတည်းက

တံခါးကို အသာခေါက်ပါလို့

ဧည့်သည်တစ်ယောက်ရောက်လာတယ် 


လူခြေတိတ်ချိန်

အများအိပ်ချိန်မှ

ကိုဧည့်သည်

လာပုံထူးတာကြောင့်

မင်းဘယ်သူတုန်းလို့

မောင်က မေးတော့

သူဖြေပုံ တကယ်ဆန်းတယ်ကွယ်

"  အလွမ်း " တဲ့လေး..... 

ဦးထွန်းလွင် ( မိုးဇလ)

Saturday, January 23, 2021

မောင်မလုပ်န

မောင် ။ ။စပါးထောင်းကူ၊ လူလိုဝူးရော။

မယ် ။ ။မောင်မထောင်းန၊ ခါးညောင်းတတ်လယ်
မယ်ထောင်းမယ်

စပါးပလာလဲ၊ မောင်မပလာန
လက်ဝါးနု သွေးဥတတ်လယ်
မယ်ပလာမယ်

ထမန်းစားလဲ၊ မောင်မစားန
အံယားတတ်လယ်၊ မယ်စားမယ်။
.................
တောင်ရိုးဓနု ကျေးလက်တေး

ကျွန်​တော်တို့ ညီကိုတိုင်းရင်းသား​တွေရဲ့ 
အနုပညာဖွဲ့​တွေကလည်း လေးစားချီးကျူးမိပါတယ်

မောင်းမ​ထောင်းနဲ့
စပါးမပြာနဲ့ဆိုတုန်းက 
သြော် အမျိုးသမီး​လေးနှယ် သူ့ချစ်သူ​လေးကို ချစ်လိုက်တာ ဒီ​တေး​လေးက ပျိုရွယ်သူတို့ရဲ့ ချစ်ခြင်းဖွဲ့​လေးဖြစ်ဟန်တူတယ်  အာခံတွင်းများ ငုံထား​လေမလားလို့​တောင် တွေးမိစရှိ​​​သေးတယ် 

ထမင်းစားလည်း မောင်မစားနဲ့ဆို​တော့
လောကမှာ အလုပ်မလုပ်ဘဲနေရင် ထမင်းလည်းမစားနဲ့ဆိုတဲ့
ပညာ​ပေးစာသားအုပ်ထည့်လိုက်တာ 

ကျေးလက်​တေးဆို​ပေမယ့် ပြည့်စုံကြွယ်ဝတဲ့ အဓိပ္ပါယ်တွေနဲ့
တန်ဆာဆင်ထားတာ လေးစား​လောက်တယ် 
ဇာတ်လမ်းက​လေးနဲ့ အ​ပြောအဆိုက​လေးနဲ့
အနုပညာထဲမှာ အသိပညာကို ခပ်ရဲရဲ​လေး ဌာပနာထားတယ်

အလုပ်ဟူသမျှ ဂုဏ်ရှိစွ
အလုပ်ဟူသည် လူ့တန်ဖိုးတို့လို ဆောင်ပုဒ်ကြီး​​တွေလည်း မ​ကောင်းဘူးလို့ မဆိုလို​ပေမယ့် ကြွေး​ကြော်သံဆန်​နေ​တော့ ကျွန်​တော်တို့ နှလုံးသားထဲ သိပ်မ​ရောက်လှဘူးမဟုတ်လား

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Friday, January 22, 2021

ကမ္ဘာဦးကလူသားများအ​ကြောင်း

ကမ္ဘာဦးကလူသားများအ​ကြောင်း (အဂ္ဂညသုတ္တန်) ပါ​မောက္ခချုပ်ဆရာ​တော် ဒေါက်တာနန္ဒမာလာဘိဝံသ ကမ္ဘာဖြစ်တည်ပုံ ပျက်စီးပုံနှင့် ကမ္ဘာဦးအစမှာလူသားများမည်သို့ဖြစ်​ပေါ်လာသည် မည်သို့ မွေးဖွားလာသည်ကို ဗုဒ္ဓကျမ်းဂမ်နည်းကျ ဟောကြားတော်မူထားပါသည်

Sunday, January 17, 2021

ခွေးနဲ့​ခေး

တစ်ခါက အင်မတန်ဂုဏ်သတင်းကျော်စောပြီး
တပည့်တပန်းများစွာကို သင်ကြားပေးနေတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်

တစ်နေ့ သူ့ခြံဝင်းထဲ ခွေးဝင်လာတော့ မောင်းထုတ်တာ
ဟဲ့ ခေး ဟဲ့ ခေး တဲ့

ဒါကို သူ့မိန်းမကကြားတော့ တော့်နှယ်တော်
ဆရာကြီးလုပ်နေပြီး ခွေးတောင် အသံထွက်မမှန်ဘူး
ဘေးအိမ်​တွေကြားရင် ရှက်စရာဆို​တော့

ဟ မိန်းမရ ဝင်လာတဲ့ခွေးကို သေချာကြည့်စမ်း အထီးလားအမလား

ခွေးမ​လေဆို​တော့

အဲ့ဒါကြောင့်ငါက ဝဆွဲ မထည့်တာ
ဘာမှလည်းမသိပဲနဲ့ဆိုပြီး ပြန်​တောင်​ဟောက်လိုက်​သေးတယ်

ဒီလိုပါပဲ အမှားကိုဝန်မခံပဲ မှန်သ​ယောင် ဆင်​ခြေအချို့နဲ့
ဝေ့လည်ကြောင်ပတ် ရှက်ရမ်းရမ်းတတ်တာ  လူ့သဘာဝမဟုတ်လား

••••••••••••••••••••••••••••••••••••••••••••••

 သန်းထွန်း​လေး (အင်းတဲရွာ) အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း 


Wednesday, January 13, 2021

မော်ဒန်


ဒီက​နေ့​ခေတ်ကို မော်ဒန်​ခေတ်လို့ ပြောကြပါစို့

သရုပ်ခွဲရရင် ဘာဖြစ်မလဲ
သူ့ဖက်က​လူ​တွေကတော့ ယေဘူယျသ​ဘောတရားတဲ့ 

သူငါသရုပ် ချစ်မုန်းစိတ်ခံစားချက်​တွေကို တိကျကျ ဖော်ပြတာမျိုးမဟုတ်ဘဲ အရိပ်အ​ယောင်မျှသာ ပြတယ် ယေဘူယျသ​ဘောကိုသာပြတယ် ကျန်တာက ခံစားသူကိစ္စသာဖြစ်တယ်တဲ့

ဒါ​ကြောင့် သူဟာ ဒါပါဒီလိုပါလို့မူမရှိဘူး ခံစားသူရဲ့ စိတ်ကူးအ​တွေးအ​ခေါ်ပေါ်မှာ မူတည်တယ် ကောင်းခြင်းဆိုးခြင်း တန်ဖိုးကြီးခြင်းနိမ့်ခြင်းက​ပေါ့

အရင်တစ်​ခေတ်က ပန်းချီဆိုရင် တော​တောင်​ရေ​မြေစသည်ဖြင့်၄င်း ပုဂ္ဂိုလ်သတ္တဝါစသည်ဖြင့်၄င်း သာမန်လူကစလို့ ဒါဘာပုံ ဒါဘယ်သူ့ပုံ စသည်ဖြင့်​သိ​စေနိုင်ရန် ရေးဆွဲကြတယ် အပြင်ကတကယ့်သဏ္ဍာန်နဲ့တူ​အောင် အပ်ကျမတ်ကျဆွဲနိုင်သူ​တွေကိုမှ ချီးချီးကျူးကျူး ဂုဏ်ပြုကြတယ်

ကဗျာ​တွေ စာ​တွေဆိုရင်လည်း ရည်ရွယ်ရာကို တိုက်ရိုက်အားဖြင့် ထိမိတဲ့ စကားလုံး​တွေ ပုံပမာ​တွေနဲ့ ရေးဖွဲ့ကြတယ်

မော်ဒန်မှာ​တော့ ဒီသ​ဘော​တွေကနဲ့ လုံးဝဆန့်ကျင်တယ်လိုထင်တယ် ပန်းချီရေးဆွဲရာမှာလည်း ရည်ရွယ်ရာကို ဗဟိုပြုလို့ အ​ရောင်​တွေ မျဥ်းမတ်​တွေ လွန်ကဲတဲ့ အ​ကွေးအညွှတ်​တွေနဲ့ သရုပ်​ဖော်ကြတယ် ဒါ​တွေက​နေ ရေးဖွဲ့သူရဲ့ ရည်ရွယ်ချက် စိတ်ကူး အ​တွေအ​ခေါ်ကို လှမ်းပြီး မှန်းဆရနိုင်သလို ကိုယ့်ရဲ့ ခံစား​တွေး​ခေါ်နိုင်စွမ်းလည်း ပိုပြီးမြင့်လာနိုင်တယ်လို့ ယူဆကြတယ်

ဒီအ​တွေးအ​ခေါ် အယူအဆက လက်​တွေ့ဘဝမှာပါ လွှမ်းမိုးလာတယ် ဒါ​ကြောင့် မော်ဒန်​ခေတ်လို့ ဆိုချင်တာပါ

လုပ်ငန်း ယုံကြည်ချက် အ​တွေးအ​ခေါ်စတာ​​တွေအားလုံး ခိုင်မာတဲ့တည်မြဲတဲ့ ပုံစံမျိုးမဟုတ်ဘဲ ထောက်တည်ရာမဲ့​​နေတယ် 

ကိုယ်ယုံကြည်ရာကို တရား​သေဆုပ်ကိုင်ထားတာထက် သူ့ဖက်ကအ​တွေး သူ့စိတ်ကူး​တွေကို လှမ်းပြီး​တွေး​ခေါ်ကြံဆပြီး ပြင်ဆင်​နေရတာမျိုး​ပေါ့

ပန်းချီဆရာကလည်း ဒါဘယ်သူ့ပုံပါဆိုတာထက် သရုပ်​လောက်သာပြတယ် ကြည့်သူက တွေး​ခေါ်ကြံဆယူရတယ် ကဗျာ စာ စတာ​တွေလည်း အတူတူပါပဲ

ဒီက​နေ့ သင်မှန်တယ် ကောင်းမွန်တယ်လို့ ယုံကြည်စွဲကိုင်ထားတဲ့ အရာက မနက်ဖြန်မှာ ပုံစံတစ်မျိုး​ပြောင်းလဲနေနိုင်ပါတယ် စိတ်ညစ်ငြူးစရာအဖြစ်​ပေါ့

သင်​ကော မော်ဒန်ကို ဘယ်လိုယူဆလဲဗျ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Thursday, January 7, 2021

ပညာ

ခြေလှမ်းတိုင်းက မညီ 

အများအတိုင်းပေါ့ လျှောက်ခဲ့

ဘာ့ကြောင့်ကျန်ခဲ့တာလဲ


မှန်းကြည့်တော့မှ

ဂဏန်း ဂဏန်း 

လမ်းဆုံးလဲရွာမတွေ့

သွားပါများလည်းခရီးမရောက်

သူတစ်​ယောက်တည်း အများ​နောက်

လုံးလထက်မှာပညာ​စောင့်


သန်းထွန်​လေး (အင်းတဲရွာ)

Wednesday, January 6, 2021

အလုပ်အကိုင် နှင့် စီးပွားရေး


 ရုပ်ဝတ္ထုတွေတွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာ ငွေဟာအရင်ကထက်ပိုပိုပြီး လိုအပ်လာတယ် ရှာလို့မဆုံးနိုင်အောင်ပါပဲ 


ကျွန်တော်တို့ငယ်ငယ်က မိသားတစ်စုမှာ အမိအဖသာအလုပ်လုပ်ရင် သားသမီးတွေ ဝမ်းဝခါးလှနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ အိမ်ရှိလူကုန်နီးပါလုပ်ကိုင်တာတောင်မှ ပြေလည်ရုံသာရှိပါတော့တယ်


အကြောင်းအရာများစွာထဲက တစ်ခုကတော့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဆွဲဆောင်မှုနောက်ကို  မလွန်ဆန်နိုင်ပဲ ကောက်ကောက်ပါအောင်လိုက်မိရာက အစပြုတာပါ


ဒီဇိုင်းမျိုးစုံ ထွက်ပေါ်လာတဲ့ အဝတ်အစားတွေ အသစ်အသစ်ဖြစ်လာတဲ့ လူသုံးကုန်ပစ္စည်းတွေပေါ့


နည်းပညာတွေ တိုးတက်လာတာသိပ်ကောင်းပါတယ် ဟိုးအရင်က ရပ်ဝေးမြေခြားမိတ်ဆွေတွေကို တွေ့ဖို့ဆုံဖို့ သာကြောင်းမာကြောင်းဆိုဖို့ အချိန်များစွာယူရပေမယ့် ဒီနေ့ခေတ်မှာတော့ ခလုတ်တစ်ချက်သာ နှိုပ်ဖို့လိုပါတယ်


ဒီတော့အဝေးကို သိပ်ကြည့်လွန်းတော့ အနီးနားကပ်နေတာတွေကျ မမြင်မိတတ်တာမျိုး ဖြစ်သွားတတ်တယ် မီးခွက်ထွန်းရင် ပတ်ဝန်းကျင်မှာ အလင်းအားနဲ့ ထင်ထင်လင်းလင်းမြင်နိုင်ပေမယ့် မီးခွက်အောက်တည့်တည့်မှာ မှောင်နေတာမျိုးပေါ့


နိုင်ငံနဲ့အဝှမ်းဘာတွေဖြစ်နေလည်း သိနိုင်ပေမယ့် ကိုယ့်အနီးဝန်းကျင် ဘာတွေဖြစ်နေလည်း သတိမမူမိတာမျိုး ဖြစ်သွားတတ်တယ်


ထားပါတော့ ဆိုလိုရင်နဲ့ လမ်းလွဲသွားမှာစိုးလို့


စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်ရင်း စားလိုက်ကုန်လိုက်နဲ့ စုမိဆောင်းမိတာမျိုးမဟုတ်ပဲ တစ်နှစ်နေလည်းဒါ နောက်တစ်နှစ်လည်း သိပ်ထူးမခြားနားတဲ့ အလုပ်မျိုးကို အလုပ်အကိုင်လို့ပဲ ခေါ်ထိုက်ပါတယ် 


ကျွန်တော်တို့ပြောဆိုနေကြသလိုပေါ့ စီးပွားရေး ကြီးပွားရေးတဲ့

စီးပွားရေးဆိုတဲ့နောက်မှာ ကြီးပွားရေးဆိုတာ ရှိနေတယ် ကိုယ်လုပ်တဲ့အလုပ်အကိုင်မှာ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကြီးပွားဖို့မျှော်လင့်နိုင်တဲ့ အခြေအနေမျိုးရှိရပါမယ် 


ဒီလိုဆိုလိုက်တော့ လုပ်ငန်းအောင်မြင်မှ ငွေများများဝင်တာမျိုးကိုမှ ကြီးပွားတယ်လို့ အထင်ရောက်သွားမှာလည်းစိုးမိပါတယ်


တရားဒေသနာတွေနဲ့ မွေ့လျော်သူတွေ စာပေပညာသင်ယူနေသူတွေ အတတ်ပညာစီးပူးနေသူတွေမှာလည်း သူ့ရဲ့အလုပ်ကိုကျိုးစားအားထုတ်ပြီး အသိဉာဏ်ပညာ တိုးတက်ဖို့လိုတယ်လေ 


မြတ်ဗုဒ္ဓဒေသနာတော်ဖြစ်တဲ့ ၃၈ဖြာသောမင်္ဂလာမှာ ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေတဲ့ အဲ့ဒီသုံးပါးမှာ တစ်ပါးပါးကြီးပွားတိုးတက်နေမယ်ဆိုရင်တောင် နေထိုက်တဲ့ နေပျော်သင့်တဲ့အရပ်ပါ


သန်းထွန်းလေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Sunday, January 3, 2021

ရနံ့

ဘဝမှာ ဘာမှသိပ်ပြီးစွဲစွဲလန်းလန်း မရှိလှ​ပေမယ့် ကြုံတိုင်းဆုံတိုင်းမှာ လွမ်း​မော​စေ​အောင် ဖြစ်​စေတဲ့ ရနံ့​လေးတခုရှိတယ် နွေလယ်​ရောက်​တိုင်း အသက်​မွေးဝမ်းပြုရာကခွာလို့လှမ်းလာဖြစ်တိုင်းမှာ ပထမဆုံးစီးကြိုတတ်တာသူ​ပေါ့  


ကျွန်​တော်က အညာသား

ဒီထက်ပိုတာက ကျွန်​တော်တို့အရပ်က ဖုတ်ထူရာအရပ် တော်ရုံလမ်းအ​လျှောက်ကြမ်းသူတစ်​ယောက် ဖြတ်​လျှောက်ရင်ကို နောက်မှာ တလုံးလုံးနဲ့လိုက်ထ​နေတဲ့အထိကို ဖုတ်ထူတာ လှည်းများဖြတ်​မောင်းရင် ဆိုဖွယ်မရှိ​ပေါ့ 


နောက်တယ် ပိုပိုသာသာ​ပြောတယ်လို့ ထင်နိုင်​ပေမယ့် ပန်းမြိုင်လယ်ကဥယျာဥ်မှူးဇာတ်ကားမှာ ကျော်ဟိန်းကြီး လမ်း​လျှောက်တာကို ကြည့်နိုင်ပါတယ်  


ဂျပန်ဒါရိုက်တာတစ်​ယောက် မြန်မာပြည်မှာဇာတ်ကားလာရိုက်​တော့ သူတို့ဂျပန်​တွေ တပ်အဆုတ်မှာ ဖုတ်လုံး​တွေတလိပ်လိပ်နဲ့ လွမ်းဆွေးဖွယ်သရုပ်ပြချင်လို့ ကား​နောက်မြီးမှာ သစ်ကိုင်း​တွေဆွဲပြီး အရင်​မောင်းခိုင်းတယ်တဲ့ ဂျပန်မှာ ဖုတ်ရှားဟန်တူတယ် 


သူတို့​ဒေသရဲ့ နှင်းပွင့်က​လေး​တွေကို ကျွန်​တော်တို့​ လှမ်းပြီးသ​ဘောကျသလို ကျွန်​တော်တို့ရဲ့ ဖုတ်လုံး​တွေကို သူတို့က ပြန်သ​ဘောကျ​နေတာလည်း ဖြစ်နိုင်တယ်


မြို့ကြီးပြကြီး​တွေမှာ​တော့ လမ်းသားအပြည့် ကတ္တရာ​တွေ ကွန်ကရစ်​တွေ ခင်းကျ​တော့ ဖုတ်ဆိုတာ​ဝေးလို့ ဖုန်​တောင်ခပ်ရှားရှားမဟုတ်လား


တောင်​ပေါ်​​ဒေသမှာဆိုရင် သဲ​တောင်မရှိတော့ ကိုယ့်ဒေသရဲ့ တန်ဖိုးကို ပိုနားလည်လာတာ 

သဲဆိုတာက မြေလပ်​ဒေသ ချောင်း​တွေရိုး​တွေတစ်​လျှောက် ပေါမှ​ပေါ​ပေါ့

ဖုန်ဆိုတာက သဲ​လို ဖြူဖြူလွလွမဟုတ် ပိုပြီးနုညက်​ပေမယ့် ညစ်​ထေး​ထေးအဆင်းရှိတယ်

ဖုတ်ဆိုတာက​တော့ အနုညက်ဆုံး​ပေါ့ တော်ရုံ​လေ​လေးတစ်ချက်​ဝှေ့ရုံတင်ကို လေမှာဝဲပျံ​စေ​လောက်တဲ့အထိကို နုတာ​ပေါ့တာမျိုးပေါ့


အဲ့ဒီဖုတ်က​လေး​တွေက ကျွန်​တော်တို့​လို မိုးနည်းဒေသမှာ အခါမ​ရွေးရှိတတ်​ပေမယ့် နွေမှာတော့ အများဆုံး​ပေါ့ 


ကျွန်​တော်တို့​ဒေသက နွေလယ်မှာလည်း ထစ်ချုန်းမိုးရွာတတ်တယ် ဒီအခါမှာ အဲ့ဒီဖုတ်က​လေး​တွေပေါ်ကို မိုးစက်​လေး​တွေ စတင်ကျချိန်မှာ မိုးစက်​လေးတစ်​ပေါက်ကျလိုက် ဖုတ်က​လေး​တွေက တလွင့်လွင့်တက်လာလိုက်ပေါ့ 


အဲ့ဒီမှာ ရနံ့​လေးတစ်ခုကလည်း တွဲလျက်အထက်ကို သင်းပျံ့လာပါတယ် 


မြေသင်းနံ့​ပေါ့....



သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Saturday, January 2, 2021

မြန်မာ့စံအတိုင်းအတာများ



ရွာမှာအရင်က တောင်သူကြီး​တွေရဲ့ အိမ်တိုင်းမှာ ကျီ​တွေ ကျ​တွေ ရှိတယ်ဗျ သို​လှောင်ချိန်လည်း သို​လှောင်ကြ သို​လှောင်စရာ မရှိချိန်လည်း လူတက်​နေကြတာ​ပေါ့ ငယ်ငယ်တုန်းကတော့ ကျ လို့​ခေါ်မှန်မသိဘူး ကြံ့လို့ပဲ ခေါ်ဖူးတာ သူငယ်ချင်းဖြစ်တဲ့ ဆရာ​​ကျောက်တို့ရဲ့ အိမ်မှာ ကျ ရှိတယ်လို့ထင်တယ်  


အိမ်တိုင်းမှာ​ ပုတ်​တွေ​တော့ရှိတယ် ဒါ​တွေကို အချိန်အတွယ်အတိအကျနဲ့ ပြုလုပ်ထားမှန်း တကယ်သတိမပြုမိခဲ့ပါဘူး


ပြီး​တော့ တစ်​ယောက်နဲ့တစ်​ယောက် ပြောဆိုကြရာမှာ လှည်းဘယ်နှစီးတိုက် ပြောဆိုသံလည်း ကြားဖူးပါတယ် ခန့်မှန်း​ချေ​ပြောကြတယ်ပဲ ထင်ခဲ့တာပါ


လေ့လာကြည့်ပါအုံး...


စပါးတစ်နှံ အ​စေ့ ၂၀၀

အ​စေ့ ၂၀၀ ၁ လက်စွန်း

၂ လက်စွန်း ၁ လက်ဆုပ်

၂ လက်ဆုပ် ၁ လက်ပက်

၂ လက်ပက် ၁ လက်ခုတ်

၂ လက်ခုတ် ၁ လမြူ

၂ လမြူ ၁ လမျက်

၂ လမျက် ၁ လမယ်

၂ လမယ်  ၁ စလယ်

၂ စလယ် ၁ ခွက်

၂ ခွက်  ၁ ပြည်

၂ပြည် ၁ စရွတ်

၂ စရွတ် ၁ စိတ်

၂ စိတ် ၁ ခွဲ

၂ ခွဲ ၁ တင်း

၄ တင်း ၁ တို့ 

၄ တို့ ၁ ပုတ်

၄ ပုတ် ၁ ကက်

၄ ကက် ၁ ကျ

၄ ကျ ၁ ကျီ


လှည်း ၁ စီးတိုက် တို့ ၂၀


၁၀-ဆံခြည်မျှင် တစ်နှမ်း၊

၆-နှမ်း တစ်မုယော၊

၄-မုယော တစ်လက်သစ်၊

၈ လက်သစ် တစ်မိုက်၊

၃-မိုက် တစ်တောင်၊

၄-တောင် တစ်လံ၊

၇-တောင် တစ်တာ၊

၂၀-တာ တစ်ဥသဘ၊

၂၀-ဥသဘ တစ်ကောသ၊

၄-ကောသ တစ်ဂါဝုတ်၊

၄-ဂါဝုတ် တစ်ယူဇနာ၊

တာ(၁၀၀၀)တစ်ထောင် တစ်တိုင်


မျက်စိ ၁ မှိတ် ၁ ခဏ

၁၀ ခဏ လယ

၁၀ လယ ခရာ

၁၀ ခရာ ပြဏ်

ပြဏ် ဗီဇနာ

၁၅ ဗီဇနာ ပါဒ်

ပါဒ် နာရီ

နာရီခွဲ ဗဟိုရ်

ဗဟိုရ် နေ့/ည

၆၀ နာရီ ရက်


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...