သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, September 30, 2020

ပြောင်းလဲခြင်းများ

လွန်ခဲ့တဲ့ရာစုနှစ်အစောပိုင်းကာလက တစ်ဦးတစ်ယောက် ဒေသတစ်ခုကို ဆက်သွယ်ဖို့ အင်မတန်ခက်ခဲခဲ့တယ် 

သုံးလေးမိုင်ခရီးကို တစ်နာရီဝန်းကျင် မောင်းနှင်ရတဲ့ နွားလှည်းတွေအသုံးပြုကြတယ်

တစ်ရပ်တစ်ပါးကိုရောက်ဖူးသူဟာ သူ့ရပ်သူ့ရွာမှာ အတော်လူရေလည်သူဖြစ်တယ်

ဒေသအခြားက မိတ်ဆွေ​တစ်ယောက်ရဲ့ သာကြောင်းမာကြောင်း သတင်းသိရဖို့ နှစ်ပေါက်မှ တစ်ယောက်လောက်သာရှိတဲ့ လူကျုံကို မျှော်ရတယ်

ကာလသားလေးက မိန်းမပျိုလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် သုံးနှစ်သုံးမိုးမက ကြာတယ် နာမည်လေးသိရဖို့ လပေါင်းများစွာကြာတယ်

သံစဥ်နုတ်တွေဟာလည်း ခပ်ကြကြဲနဲ့ လေးလေးလံလံ ဆွဲဆွဲငင်ငင် သီဆိုရတာမျိုးပေါ့ တိုင်ပင်ကြဲတယ် ခေါ်မလားပဲ

လေးလံထိုင်းမှိုင်းတဲ့ကာလ တွေးရင်းဆွေးရင်းငေးရင်းနဲ့ ပျော်ရွှင်စွာနေထိုင်ကြတဲ့ကာလလို့ သတ်မှတ်ရမယ်ထင်တယ်

ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အ​ရာအားလုံးခြားနားသွားတယ်

သုံးလေးမိုင်ခရီးကို ဆယ်မိနစ်ဆယ့်ငါးမိနစ်လောက်သာ အချိန်ယူရတဲ့ ယာဥ်တွေပေါ်လာတယ် 

တစ်ရပ်တစ်ပါးသာမက နိုင်ငံရပ်ခြားအထိပါ ဝမ်းရေးအတွက် သွားလာလုပ်ကိုင်လာရတယ်

သူတို့အကြောင်းသိရဖို့လည်း သိပ်မခက်ပြန်ပါဘူး လက်ဖဝါးပေါ်က စက်ကရိယာလေးကို  တစ်ချက်တောက်ကြည့်ရုံနဲ့ သာကြောင်းမာကြောင်းသာမက ဘယ်သွားတယ်ဘာလုပ်တယ် ဘယ်အချိန်-ျီးပါတယ်ကအစ သိနိုင်သွားပြီ

သုံးစက္ကန့်အတွင်းမှာပဲ ကိုယ်စိတ်ဝင်စားသူရဲ့ အချက်အလက်တစ်ချို့ကို ရယူနိုင်လာတယ်

လျှင်မြန်လာတဲ့ ခေတ်ရေစီးနဲ့အတူ သံစဥ်နုတ်တွေဟာလည်း နောက်ကျမကျန်ခဲ့ပါဘူး ခပ်မြန်မြန် ခပ်သွက်သွက် ဘိအစိတ်တွေ​နဲ့ မြန်လာတယ် 

နည်းပညာတွေရဲ့ အကျိုးကျေးဇူးလို့ပဲ ပြောရမလား အရာအားလုံးရဲ့ လျှင်မြန်မှုဟာ မထင်မှတ်အောင်ပါပဲ ဒီကြောင့်ပဲ ဆိုးကျိုးတစ်ချို့ကလည်း ရှိနေပြန်ရော

အလွန်အလျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ လိုက်ပါစီးဆင်းနေတော့ အချိုးအကွေ့တွေ ခလုပ်ကန်သင်းတွေ အပြောင်းအလဲတွေကို အရင်လို ကြိုမမြင်ကြရ​တော့ဘူး ကြိုသိရဖို့လည်း အချိန်မပေးနိုင်ကြဘူး မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ လှုပ်ရှားရုံးကန်မှ ပြေလည်ကြတာမျိုးပေါ့

ရောက်လာမှဘွားခနဲ့ ရင်ဆိုင်ကြရတယ် ဖြေရှင်းကြရတယ် ဒီတော့ လဲသူလဲကွဲသူကွဲ 

လျှင်မြန်မှုကို ကျွန်တော်လည်း ကြိုက်ပါတယ် 

ဥပမာ ဆိုင်ကယ်စီးတယ်ဆိုပါတော့ လိုရာခရီးကို မပင်မပန်း အချိန်မကြာပဲ ရောက်နိုင်တာမဟုတ်လား 
ဒါပေမယ့် မလိုရာခရီးကိုလည်း သာသာယာယာ အချိန်မကြာပဲ ဆွဲခေါ်သွားတတ်တယ်ဆိုတာ သတိချပ်စေဖို့ပါ 

လွန်သွားမှ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပဲ လဲလဲကွဲကွဲဖြစ်နေနိုင်တာမို့...

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Tuesday, September 29, 2020

ဥပနိဿယ ပစ္စယော




ဗုဒ္ဓဘာသာဝင်တိုင်း အလွတ်မရတောင် ကြားဖူးနားဝရှိပြီးသား စကားလုံးပါ
ပဋ္ဌာန်းပါဠိတော်မှာပါတဲ့ ပစ္စယ​တစ်ခုပေါ့

ငယ်ငယ်ကတည်းကတော့ ရွတ်ဆိုခဲ့တာပဲ 
ကုသိုလ်ရတယ် အန္တရာယ်ကင်းတယ် စသည်ဖြင့် အတွေးမျိုးစုံနဲ့ပေါ့.....

တိုက်ရိုက်အားဖြင့်အန္တရာယ်ကင်းစေတဲ့ ကုသိုလ်ရစေတဲ့ စာသားမျိုးမပါဝင်သလို ဒီသဘောနဲ့ရွတ်ဆိုရတဲ့ ဂါထာမျိုးလည်းမဟုတ်ဘူးလို့ ထင်ပါတယ် 

အန္တရာယ်ကင်းလိုလျှင် လူချစ်နတ်ချစ် ဖြစ်စေလိုလျှင် ဒီအတွက် မြတ်စွာဘုရားဟောကြာထားတဲ့  ရတနာ့သုတ်တို့ မေတ္တာသုတ်တို့လို ပရိတ်ကြီး ၁၁ သုတ်ရှိပါတယ်

ပရိတ်ဆိုတာရဲ့ အဓိပ္ပါယ်ကိုက အရံအတားလို့ ဆိုပါတယ်
မကောင်းတာတွေကို တားမြစ်ပေးခြင်း ကောင်းတာတွေကို ယူ​ဆောင်ပေးခြင်း သဘောပေါ့

ပဋ္ဌာန်းဒေသနာတော်ကတော့ ဆင်ခြင်နှလုံးသွင်းရမယ့် အကျိုးအကြောင်းပြ လမ်းစဥ်လို့ မှတ်ယူမိပါတယ်ကိုယ်နဲ့စိတ်ရဲ့ ဖြစ်တည်လာခြင်း ပျက်ခြင်းသဘောကို အနုစိတ်အသေးစိတ် သရုပ်ခွဲပြထားတာလို့ပဲ ကျွန်တော်ယူဆပါတယ်

ဒီလိုဆိုလို့ အန္တရာယ်ကင်းမဟုတ်ဘူး ကုသိုလ်မရဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော် 
ကောင်းမွန်မှန်ကန်တဲ့ ဓမ္မကို ရွတ်ဖတ်ပူဇော်နေခြင်းအတွက် ကိုယ်ကိုယ်တိုင်က အဓိပ္ပာယ်ကို နားမလည်သည်ထားအုံး နားလည်တဲ့သူတွေအဖို့ နှလုံးသွင်းဆင်​​ခြင်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေလို့ ကိုယ့်မှာကုသိုလ်ရနိုင်သလို

ကိုယ်မမြင်နိုင်တဲ့ နတ်ကောင်းနတ်မြတ်တွေ လာရောက်နာယူလျှင်လည်း သူတို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကို မကောင်းတဲ့ သတ္တဝါတွေ နတ်တွေ မလာရောက်နိုင်ဘူး ဒုက္ခမပေးနိုင်ဘူး ဒီလိုနည်းနဲ့ အန္တရာယ်ကင်းနိုင်ပါတယ် 

        ဥပ                 နိဿယ         ပစ္စယော      
အားကြီးသော         မှီရာ         ကျေးဇူးပြုခြင်း
လို့ ဖွင့်ရမယ်ထင်တယ်

ပစ္စယနိဒေသမှာ သူ့အကြောင်းဖွင့်ချက်တွေထဲက အချို့ကို ကောက်နှုတ်ကြည့်ရင်
ကုသိုလ်ကနေ ကုသိုလ်ကို အားကြီးတဲ့မှီရာအဖြစ် ကျေးဇူးပြုတာမျိုးရှိသလို ဖြစ်စေတာမျိုးရှိသလို အကုသိုလ်ကိုလည်း ဖြစ်စေတတ်တယ် ကျေးဇူးပြုတတ်တယ်

ဥပမာအားဖြင့် ကိုယ်က  ရဟန်းတစ်ပါးကို လှူဒါန်း ပေးကမ်းလိုက်တယ် ဒါပေမယ့် နောက်တစ်ခါတွေ့တော့ အဲ့ဒီရဟန်းဟာ ရဟန်းအစစ်မဟုတ်ဘဲ ရဟန်းဝတ်နဲ့ လိုက်လိမ်စားနေသူတစ်ယောက်ဆိုပါစို့

ပထမတွေ့လိုက်တုံးက အမှန်တကယ် စိတ်ကောင်းစေတနာကောင်းနဲ့ ပေးကမ်းလှူဒါန်းလိုက်တဲ့အတွက် အဲ့ဒီအခိုက်မှာ ကုသိုလ်ရတယ်

ဒါပေမယ့် ဒုတိယတစ်ခေါက်တွေ့ချိန်မှာ ငါ့နယ်နော် ဒီလိုလူလိမ်ကိုမှ ပေးမိလိုက်လေခြင်းလို့ ကိုယ့်ရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ် စိတ်ကွက်သွားမယ်ဆိုရင် ပေးကမ်းခဲ့ခြင်းဆိုတဲ့ ဒါနကုသိုလ်အပေါ် အခြေခံပြီး ကိုယ့်စိတ်မှာ ညစ်ညူးတဲ့ အကုသိုလ်စိတ်ဝင်စေတာမျိုးပါ

မကောင်းမှုကိုအခြေခံပြီးလည်း ကောင်းမှုဖြစ်တတ်ပါသေးတယ်
ထားပါတော့

ပြောချင်တာက အောက်ဆုံးနှစ်ပိုဒ်ပါ
ဥတု ဘောဇဥ် နဲ့ ပုဂ္ဂိုလ်ဟာလည်း ကြီးမားတဲ့အကြောင်းအထောက်အပံ့ကို ဖြစ်စေတတ်တယ်ဆိုတာပါ

ဥပမာ ပူလောင်အိုက်စပ်တဲ့နေရာမျိုးမှာ စိတ်လက်ကြည်ရွှင်မှာမဟုတ်သလို အနံ့အသက် အရသာမကောင်းတဲ့အရာကို စားသောက်ရချိန်မှာလည်း ကိုယ်စိတ်ချမ်း​မြေ့မှာမဟုတ်ပါဘူး

ပုဂ္ဂိုလ်အနေနဲ့ဆိုရင် ပိုရှင်းပါတယ် အမှီကောင်းရင် ပိုပြီးလုပ်ရကိုင်ရလွယ်ကူပါတယ် 
စီးပွားရေးအတွက်ဆိုပါတော့ ကိုယ့်ရဲ့ မိဘ ညီအစ်ကိုမောင်နှမ ဆွေမျိုး သူငယ်ချင်းတွေက ငွေကြေးပြည့်စုံရင် အဆက်အသွယ်ကောင်းရင် ထိုသူတို့ကို မှီပြီး ကိုယ့်မှာ ကြီးပွားဖို့ ဖြစ်စေနိုင်တယ်လေ

တရားစီရင်ရေးဆိုပါစို့ အမှုတစ်ခုဖြစ်တယ် ကိုယ်က ရာထူးကြီးတဲ့သူတွေနဲ့ သိတယ်ကျွမ်းတယ်ဆိုရင် ကိုယ့်အမှုက ကြီးနေရင်ပေါ့သွားအောင်စီမံနိုင်သလို သေးငယ်ရင်လည်း ပပြောက်သွားအောင်လုပ်နိုင်တယ် ဒီသဘောကိုပြောတာပါ

ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုပေမယ့် မကောင်းတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရသူအတွက် သူ့ပတ်ဝန်းကျင်ကပေးတာဟာ မကောင်းတဲ့အထောက်အပံ့တွေကြီးပဲမို့ သူကိုယ်တိုင်က အသိဉာဏ်မခိုင်မာရင် အားကြီးတဲ့ ပတ်ဝန်းကျင်ရဲ့ စွဲဆောင်ရာနောက်ပဲ ပါသွားတတ်တာမျိုးပါ

ဥပမာ အသောက်အစားလောင်းကစားမှာ ပျော်မွေ့သူနဲ့ အကျွမ်းတဝင်ပေါင်းသင်းနေသူဟာ အသောက်အစားလောင်းကစားမှာ မွေ့လျော်လာတတ်ပါတယ် 

ဒါကြောင့်ပဲ အသိဉာဏ်မခိုင်မာသေးတဲ့ လူငယ်တွေကို လူကြီးတွေက ဘယ်သူနဲ့မပေါင်းနဲ့ ဘယ်ဝါနဲ့မပေါင်းနဲ့ဆိုပြီး ပြောဆိုဆုံးမကြတာပါ အလကားနေ ချုပ်ချယ်နေတာလို့ မထင်မှတ်စေချင်ပါဘူးလို့ ညီငယ်ညီမငယ်တွေကို ပြောပရစေ

ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့  မျိုးဆက်တွေကို ချစ်သူခင်သူတွေကို ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ စီမံဖို့လိုအပ်ကြောင်း သတိချပ်စေလိုရင်း.....

သန်းထွန်းလေး အင်းတဲရွာ 

ဒါဟာ ကျွန်တော့်ပုဂ္ဂလအတွေးအမြင်မျှသာ ဖြစ်ပါတယ် 
မမှားအယွင်းရှိခဲ့ရင်လည်း တည့်မတ်ပေးဖို့ တောင်းဆိုပါရစေ....

Monday, September 28, 2020

အဒိန္နာဒါနနှင့်အတွေးများ




ကျွန်တော်တို့ နေ့တိုင်းရွတ်ဆိုနေကြပဲ သိတာပေါ့

အဒိန္နဒါနာ ဝေဒမဏိ သိက္ခာပဒံ သမ္မာဒိယာမိ

သူ့ဥစ္စာခိုးခြင်းမှ ​ရှောင်ကျဥ်ပါ၏


ရုတ်တရက်ဆိုရင် ခိုးခြင်းဖြစ်ဖို့ သူ့ဥစ္စာရယ် ကိုယ်ရယ် ရယူခြင်းရယ်ဆိုပြီး သုံးမျိုးပြားတဲ့အတွက် ဖြစ်ဖို့ သိပ်မလွယ်လှဘူးလို့ ထင်စရာရှိတယ်ဗျ 


သမန်ကာရှန်ကာမျှတွေးရင်တော့ ဒီလောက်ပဲဆိုပေမယ့် တကယ်သုံးသပ်တော့ ဖြစ်ဖို့ရာသိပ်လွယ်ကူတဲ့ အကြောင်းအရာများစွာရှိပြီး ​ရှောင်ကျဥ်နိုင်ဖို့ကလည်း သိပ်တော့မလွယ်လှဘူး


အတန်တဆ စျေးတင်ခြင်းဟာလည်း  ခိုးခြင်းမှာ အကြုံးဝင်ပါတယ်


အချိန်အတွယ်မပြည့်မီခြင်း ကလည်း ခိုးယူခြင်းသဘောပါပဲ

ဘာကြောင့်လည်းဆိုတော့ တကယ်ရသင့်ရထိုက်တာထက် ထိုက်တန်တဲ့ ပမာဏထက် တစ်ဖက်သူဆီက ရယူခြင်တဲ့သဘောမဟုတ်လား


ကံစမ်းမဲတွေမှာလည်း အမှန်တကယ်မပေးတဲ့ ဆုမဲတွေနဲ့ လှည့်ဖြားသွေးဆောင်ပြီး အသုံးပြုသူတွေကို ဆွဲဆောင်ခြင်းဟာလည်း ခိုးယူခြင်းပါပဲ 


အရည်အသွေးမပြည့်မီခြင်း ကလည်း ခိုးယူခြင်းပါပဲ

 ဒီကုန်ဒီပစ္စည်းဟာ ဒီလိုဒီလို ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားပါတယ်ပြောပြီး တကယ်မပါတာမျိုး ဆောက်လုပ်ရေးကိစ္စမှာလည်း ဘယ်လိုအရည်အသွေးနဲ့ဆောက်လုပ်ပါမယ်ပြောပြီး အရည်အသွေးနိမ့်တာသုံးတာမျိုးတွေလည်း အကြုံးဝင်ပါတယ် 


ကိုယ့်ကို  ဆယ်ကျပ်တန်ရာထူးနဲ့ ခန့်အပ်ထားတယ်ဆိုပါစို့ ကိုယ်က ငါးကျပ်လောက်သာ ကျိုးစားအားထုတ်ခြင်းဟာလည်း ခိုးယူခြင်းပါပဲ 


ငါးနာရီနဲ့ ပြီးနိုင်တဲ့အလုပ်ကို ကိုယ်ကလုပ်ခ ဆယ်နာရီစာလိုချင်တဲ့အတွက် တမင်အချိန်ဆွဲပြီး ဆယ်နာရီလုပ် ဆယ်နာရီစာလုပ်ခရယူခြင်းဟာလည်း ခိုးယူခြင်းပါပဲ


ကိုယ့်အလုပ်ရှင်က တရားဝင်ပေးတာမဟုတ်ပဲ လှည့်စားရယူတာမျိုးဟာလည်း ခိုးခြင်းပါပဲ

ဒီခေတ်မှာအပြောများတယ် လစာကတော့ ဘယ်လောက်ပါပဲ အောက်ဆိုဒ်နဲ့ဆိုရင် ဘလောက်စသည်ဖြင့်ပေါ့


အချိန်နဲ့သတ်တမှတ်ထားတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်အတွက် ဖဲ့ယူသုံးစွဲခြင်းကလည်း ခိုးယူခြင်းပါပဲ

အလုပ်ချိန် ဘယ်နှနာရီမှဘယ်နှနာရီအထိဆိုတဲ့ စည်းမျဥ်းသတ်မှတ်ချက်နဲ့ ကိုယ့်ကို အလုပ်ခန့်ထားတယ်ဆိုပါစို့  အလုပ်အချိန်မီမရောက်တာ စောပြီးအလုပ်သိမ်းတာ အလုပ်ချိန်အတွင်း ကိုယ့်ရဲ့ ပုဂ္ဂလကိစ္စတွေအတွက် အသုံးပြုတာ  စတာတွေအပါအဝင်ပေါ့


စသည်စသည်ဖြင့်.........


အင်မတန်မှ ဖြစ်တတ်လွယ်တဲ့အတွက်

ဉာဏ်အသိဖြင့် သတိကပ်စင်ကျဥ်နိုင်ပါစေကြောင်း ရည်ရွယ်ရင်း....


သန်းထွန်းလေး (အင်းတဲရွာ)



Friday, September 25, 2020

မိမိအောင် (အင်္ဂါဂြိုလ်ပေါ်မှာ ပျံဝဲမယ့် မြန်မာအမျိုးသမီး)



သူမကို ၁၉၆၈ ခုနှစ်တွင် မွေးဖွားသည်


 အမေရိကန် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နာဆာမှ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး စေလွှတ်မည့် ဟယ်လီကော်ပတာ တည်ဆောက်ရေး ပရောဂျက်၏ ဦးဆောင် အင်ဂျင်နီယာ တစ်ဦးလည်းဖြစ်သည်။


အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားပြီး အသက်နှစ်နှစ်ခွဲသား အရွယ်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွေ့ခဲ့သည်။


သူမ၏ မိခင်သည် မြန်မာနိုင်ငံတွင် သင်္ချာ ပါရဂူဘွဲ့ ရှိခဲ့သော ပထမဦးဆုံး အမျိုးသမီး တစ်ဦး လည်းဖြစ်သည်။


 သူမသည် အာကာသသိပ္ပံ ကို ငယ်ရွယ်စဉ် ဗြိတိန်အထက်တန်းကျောင်းသူ ဘဝ ကပင် စတင် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။ 


 အသက် (၁၆)နှစ် အရွယ်တွင် သူမ၏ ပညာရေးအတွက် အမေရိကန်ပြည်ထောင်စုကို တစ်ဦးတည်း ပြောင်းရွေ့လာခဲ့သည်။


 သူမသည် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို အာဘာသား ရှန်ပိန်း အီလီနှိုက်စ် တက္ကသိုလ် မှ ၁၉၈၈ခုနှစ် တွင် ရရှိခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့ကို ၁၉၉၀ခုနှစ်တွင် ရရှိခဲ့သည်


သူမ၏ မဟာဘွဲ့ စာတမ်းအတွက် အချက်ပြလုပ်ငန်းစဉ်နှင့် ဆက်သွယ်ရေးဆိုင်ရာ အကြောင်းများ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်


ကိုး ဝိကိပိဒိယ

#သန်းထွန်းလေး

Tuesday, September 22, 2020

ဆွယ်


 

ဒီစကားလုံးလေးက မျက်မှောက်ခေတ်မှာ အင်မတန်အသုံးများတယ် 

တစ်ဖက်မှာ ရှိသူတွေကို ကိုယ့်ဖက်ပါလာအောင် ပြုလုပ်ခြင်းလို့ပဲ အဓိပ္ပာယ်ဖော်ရမယ်ထင်တယ်


အိမ်ရှေ့ကြည့်လိုက်ပြန်တော့လည်း လူအုပ်စုကြီးတွေ တစ်အုပ်ကြီးနဲ့ 

အလံကိုင်းကိုင်လို့ ကြွေးကြော်သံတွေညံလို့ 


ပြီးတော့ နောက်တစ်အုပ် အရောင်မတူပေမယ့် ကြွေး​ကြော်သံ​​ခြင်းကတော့ ခပ်စင်စင်


သူတို့ရွတ်ဆိုနေတာ ဗိုင်းရပ်ပြေးစေတဲ့ အစွမ်းထက်ဂါထာများလား

သူတို့မှာ ဗိုင်းရပ်မမြင်နိုင်တဲ့ ကိုယ်ပြောက်ဝတ်စုံဆင်မြန်ထားတာလား

သူတို့ရဲ့အရောင်ဟာ ဗိုင်းရပ်ကို ချောက်လှန့် မောင်းထုတ်နိုင်လို့ပဲလား

ဗိုင်ရပ်ထက် ကူးစက်လွယ်တဲ့ အရာတခုပဲ ရင်ဝယ်ပိုက်ထားကြလို့လား


သို့တည်းမဟုတ် 


တစ်ဖက်မှာရှိသူကို ကိုယ့်ဖက်ပါလာအောင် ဆွယ်ခြင်းလား

သူ့တို့အတွက်လိုအပ်တဲ့ အရာကို လူတွေက ပေးမှပေးပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို သံသယစိတ်နဲ့လား


သို့တည်းမဟုတ် 


လူပိုများများနဲ့ လှည့်လည်နိုင်ခဲ့ရင်အနိုင်လို့  ဆိုရိုးရှိလို့များလား

လူများတဲ့ဖက်ကို လူအများက ပိုနှစ်သက်လိမ့်မယ်လို့ ယုံကြည်ချက်ကြောင့်ပဲလား

ဝမ်းရေးအတွက်လား

ခိုင်းစေချက်ကြောင့်လား

ယုံကြည်ချက်ကြောင့်လား.....


ဉာဏ်တိမ်တဲ့ကိုယ့်အတွက်တော့ စဥ်းစာရခက်တာတော့ အမှန်ပဲ

တစ်ခုခုတော့ တစ်ခုခုပဲလို့သာ မှတ်ယူလိုက်ရတယ်

ဘာမှန်းတော့ အသေအချာမသိပါဘူး...


သန်းထွန်းလေး အင်းတဲရွာ

Friday, September 11, 2020

မှားတတ်တဲ့ အက္ခရာများ




ဌ  နှင့် ဋ္ဌ

ဌ ဒါကတော့ အားလုံးသိပါတယ် ထဝန်ဘဲ ပါ

သူရဲ့အသံကတော့ ထဆင်ထူးနဲ့ တူပါတယ်

ဥပမာ ဌေး (ထေး)


ဋ္ဌ ဒီအက္ခရာက မြန်မာအက္ခရာလို့ မုချပြောလို့မရဘူးဗျ

သူ့မှာ အပေါ်က င နဲ့ အောက်က ခြေထောက်ကြားမှာ လည်ပင်းလေးပါတာ သတိထားမိမှာပါ 

အဲ့ဒါက ဋ အောက်က ထဝမ်းဘဲ နှလုံးဆင့်ပြီး ရေးတဲ့သဘောပါ ရှုပ်ထွေးနေမှာစိုးတဲ့အတွက် ဋ္ဌ အက္ခရာကို ဖန်တီးထားတာပါ


ဌေး ကို ဋ္ဌေး လို့ ရေးကြတာရှိတယ် ဘယ်လိုအသံထွက်ရမလဲတောင် စဥ်းစားမရအောင်ပါပဲ


ဥပမာ 

ပဌာန်းကို ဒီလိုရေးရင် ပဌာန်း (ပထာန်း) လို့ပဲ အသံထွက်ပါတယ်

ပဋ္ဌာန်း ဆိုပြီး ဒီလိုရေးရင် ပဋ်ဌာန်း ( ပတ်ထာန်း )လို့ ဖတ်ရပါတယ်

(ဋတလျင်းချိပ် က တဝမ်းပူနဲ့ အသံတူပါ)


ဠ နဲ့ ဋ္ဌ

ဠ ဒါကတော့ လကြီးပါ လနဲ့အသံတူပဲ ဖတ်ပါတယ်

ဥပမာ စူဠာမုနိဘုရား (အသံထွက် စူလာမုနိ)


အချို့မှားပြီးရေးတတ်ကြတယ် စူဠာမုနိ ကို စူဋ္ဌာမုနိ ဆိုပြိးတော့ပါ

ဒီတော့ စူဋ်ဌာမုနိ ဆိုပြီးရေးသလို ဖြစ်သွားတယ် 

(အသံ စူတ်ထာမုနိ)


ဒါကတော့ တောင်ကြီးမြို့ စူဠာမုနိဘုရားအနီး လမ်းညွှန်ဆိုင်းဘုတ်တစ်ခုမှာ စူဋ္ဌာမုနိလို့ ရေးထားတာတွေ့လို့ ရေးရခြင်းပါ


ဥ နဲ့ ဉ

ဥ ဒီအက္ခရာကတော့ အု လို့အသံထွက်ပါတယ်

ဥပမာ (အုပမာ) ဥ ကို လုံးကြီးတင်စံခတ်တော့ ဦး (အူး) ဖြစ်သွားတယ်


ဉ ဒါကတော့ ညလေးပါ ဥ ထက်ပိုပြီး ခြေထောက်ရှည်ပါတယ်

 

သူက တစ်ပုဒ်တည်း ရပ်တည်နိုင်စွမ်းရှိဟန်မတူဘူးဗျ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ရေးချတွေ အသတ်တွေနဲ့သာတွဲတွဲတွေ့နေရတာများလို့ပါ


သူက ဒီအတိုင်းတော့ ညသံပါပဲ အသတ်တင်လိုက်ရင် ငသံနဲ့တူတယ်


သူ့ကို မလွဲမှားနိုင်တဲ့ နေရာတွေမှာ ခြေထောက်အတိုနဲ့ ရေးတာတွေတော့ရှိတယ် 

ဥပမာ စဥ် (စင်)


ဒါကြောင့်ပဲ  ဥ နဲ့ မကွဲပြားကြတော့တာ နေမှာပါ


ဥပမာ 

ဉာဏ် ဆိုရင် ဒီလို့ရေးမှ မှန်တယ် 

ဒါပေမယ့် ဥာဏ် ဒီလိုရေးတာတွေလည်းရှိနေကြတော့ အမှားက လူသိများသလိုဖြစ်နေတယ်


ညလေးနဲ့မှ ဉာဏ် လို့ အသံထွက်မှာဖြစ်ပြီး ဥ ရင်နဲ့ရေးရင်း အွမ်န် လို့အသံထွက်မယ်ထင်တယ်


မှားတတ်တာတော့ လူတိုင်းပါပဲ

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ မှားလို့ကို လူဖြစ်လာတာမဟုတ်လား

ဒါပေမယ့် အမှားမှ အမှန်သို့ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ရင်းပါ


ကိုယ့်မှာလည်း မသိလို့ဖြစ်ဖြစ် သိပြီးဖြစ်ဖြစ် အမှားတွေ တစ်ပုံတခေါင်းနဲ့ပါ တမင်ပုတ်ခတ်တာမျိုးမဟုတ်ပါဘူး


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Wednesday, September 9, 2020

မြတ်ဗုဒ္ဓ၏မွေးစားသားမှပြောကြားသော လူမှုဆက်ဆံရေး


မြတ်ဗုဒ္ဓမှာ မွေးစားသားလို့ ဆိုရမယ့် သားတစ်ယောက်ရှိပါတယ်
သူ့အကြောင်းကတော့
တစ်နေ့သောအခါ မင်းကြီးတစ်ပါးဟာ တောလည်လာရင်း ညောင်ပင်ကြီးတစ်ပင်အာက်မှာ ခေတ္တနားနေတယ်

အဲ့ဒီညောင်ပင်ကြီးဟာ အမတန်မှ ရက်စက်ကြမ်းကြုပ်တဲ့ ဘီလူးကြီးတစ်ကောင်ရဲ့ အစိုးရရာနေရာပါ သူ့ညောင်ပင်အောက်က ဖြတ်သန်းသွားလာသူ နားနေတည်းခိုသူတို့ကိုလည်း စားသောက်ပိုင်ခွင့်ရှိတယ်

ဒီတော့ ဘုရင်ကြီးကို ဘီလူးက စားမယ်လုပ်တော့ ဘုရင်ကြီးက ကျွန်ုပ်ကို မစားရင် သင့်ကို တစ်နေ့ကို တစ်ယောက်ကျ လူသားများဆက်သပါ့မယ်ဆိုပြီး သဘောတူခဲ့ကြတယ်

ဒီလိုနဲ့ ဆက်သလာရာ ပထမ အကျဥ်းသား နောက်တမင် အပြစ်ကျူးလွန်အောင်ဖန်တီးထားတဲ့ အကျဥ်းသား နောက်တော့ လူမမယ်ကလေးငယ်များကိုပါ ဆက်သလာရတယ် 

နောက်ဆုံးတော့ သူ့ရဲ့ သားကလေးကို ဆက်သဖို့ဖြစ်လာတယ် ဒီတော့ မင်ချင်းတွေကို သူ့ရဲ့သားလေးကို ပွေ့ယူစေပြီး သွား​ေရာက်ဆက်သစေတယ်

ဒါပေမယ့် အဲ့ဒီနေ့မတိုင်ခင်ညကပဲ ထိုဘီလူးကြီးဟာ မြတ်ဗုဒ္ဓရဲ့ ဆုံမမှုကြောင့် မှန်ကန်တဲ့အသိတရား ရပြီးသွားပြီ

ဒီလိုနဲ့ မင်းချင်းက ဘီလူးကြီးကိုစားသောက်ရန် မင်းသားလေးအားဆက်သတယ် ဒါပေမယ့် အမြင်မှန်ရပြီး ဘီလူးက မင်းသားလေးကို မစားလိုတော့ပဲ ဘုရားအားလှူလိုက်တယ် 

ဘုရားက သူ့အားပေးလှူလာတဲ့ မင်းသားငယ်အား မင်းချင်းကို ပြန်ပေးလိုက်တယ်

ဒီလိုနဲ့ ဘီလူးရဲ့လက်မှ ဘုရားရဲ့လက်တော်သို့ ပြောင်ခြင်းကို အစွဲပြုပြီး အဲ့ဒီမင်းသားလေးကို 

ဟတ္ထကအာဠာဝက တနည်း အာဠာဝကရဲ့ လက်မှ ပြောင်းလာသူလို့ နာမည်ကျော်လာပါတော့တယ်

နောင်အခါ မြတ်ဗုဒ္ဓသာသနာတော်မှာ ညီညွတ်သော နောက်လိုက်တို့ကို စည်ရုံးနိုင်မှုမှာ မြတ်စွာဘုရားရဲ့ ဧတဒဂ်ပေးခြင်းကို ခံရသူပါ

သူပြောခဲ့ဖူးတဲ့ လူမှုဆက်ဆံရေးအကြောင်းကတော့ 
တပည့်တော်က အရှင်ဘုရား ဟောကြားတော်မူထားတဲ့ သင်္ဂဟဝတ္ထုတရားလေးပါးနှင့်အညီ လူတွေကို စည်းရုံးပါတယ်တဲ့

လူမျိုးဘာသာမရွေး လူတိုင်းလူတိုင်းမှာ ဒီအခြေခံစိတ်ကလေးတွေရှိပါတယ်

၁ အချို့သောသူတွေဟာ ရယူလိုသော သဘောရှိတယ်
အဲ့ဒီသူတွေကို ပေးကမ်းပြီး ပေါင်းသင်းပါတယ်

၂ အချို့သောသူတွေဟာ ပေးမှကမ်းမှရယ်လို့မဟုတ်ဘဲ  နှုတ်ချိုဖော်ရွေမှုကို နှစ်သက်တယ်
အဲ့ဒီသူတွေကို ဖော်ဖာ်ရွေရွေဆက်ဆံပြီး ပေါင်းသင်းပါတယ် 

၃ အချို့သောသူတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီလုပ်ဆောင်ပေးတာကို နှစ်သက်တယ်
အဲ့ဒီသူတွေကို ကူညီလုပ်ဆောင်ပေးပြီး ပေါင်းသင်းပါတယ်

၄ အချို့သောသူတွေဟာ ပေးမှကမ်းမှရယ်လို့မဟုတ် ဖော်ဖော်ရွေရွေ မဆက်ဆံချင်လည်းနေ ကူညီပြီး မလုပ်ဆောင်ပေးလည်း ကိစ္စမရှိ  လေးလေးစားစား ဆက်ဆံတာကိုမှ နှစ်သက်တယ်
အဲ့ဒီသူတွေကို လေးလေးစားစား ပြောဆိုဆက်ဆံပြီး ပေါင်းသင်းပါတယ်

လူမှုအဖွဲ့အစည်းဆိုပေမယ့် နိုင်ငံနဲ့တိုင်းပြည်နဲ့ ယှဥ်ပြီးစဥ်းစားမနေပါနဲ့ 
အသေးဆုံးလူမှုအဖွဲ့အစည်းဖြစ်တဲ့ မိသားစုအတွင်းကစပြီး မိဘကဖြစ်စေ သားသမီးကဖြစ်စေ ညီအစ်ကိုမောင်နှ​မပင်​ဖြစ်စေအထက်ပါနည်းအတိုင်း 

ပေးကမ်းသင့်သူကို ပေးကမ်း
ရင်းရင်းနှီးနှီး ဆက်ဆံသင့်သူကို ဆက်ဆံ
ကူညီညာ လုပ်ပေးသင့်သူကို လုပ်ပေး
လေးလေးစားစား ဆက်ဆံသင့်သူကို ဆက်ဆံခြင်းအားဖြင့် 
ပိုမိုကောင်းမွန်သော လူမှုဆက်ဆံရေးကို ရရှိနိုင်မည်ဖြစ်ပါကြောင်း 

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

မြန်မာတွေတကယ်ညံ့တာလား


အခုတလော ရာသီကအေးအေး စောင်ထဲမှာပဲ တကွေးကွေးနဲ့ စဥ်းစားစရာတွေက အများသား 


စီးပွားရေးမှာ မြန်မာတွေညံ့တယ် တရုတ်တွေ ကုလားတွေက ဘယ်လိုဘယ်ပုံ စသည်ဖြင့်တွေ့ရတယ် ဒါဟာအမှန်လားဆိုတာတော့ လက်တွေ့ကျကျ စဥ်းစားသုံးသပ်ကြည့်ဖို့လိုတယ်


ဒီစကားက ဘယ်ကလာတာလည်း စဥ်းစားကြည့်ဖို့လိုတယ် 

၁ ကိုယ့်လူမျိုးအပေါ် ကရုဏာကြီးတဲ့ ကြီးပွားစေလိုတဲ့ ချမ်းသာစေလိုတဲ့ ပညာရှင်တွေဆီကလာတာရှိတယ် 

၂ ကိုယ့်လူမျိုးကို အထင်သေးတဲ့ သူဆီက လာတာရှိတယ်


ဒီပုံစံစကားမျိုးက ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူးနိုင်ငံတိုင်းမှာ ပညာရှင်အတွေ ​ပြောကြပါတယ် ဘာကြောင့်လည်းဆိုတော့ ကိုယ့်လူမျိုးတွေ ဆင်းရဲနေတာကို မကြည့်ရက်လို့ပါ


သူတို့တောင်တရပ်တပါးကနေ စားဝတ်ဒုက္ခခံပြီးလာရောက် ကြီးပွားဖို့ အခွင့်အလမ်းရှာကြသေးရင် ဒီမှာမွေးဒီမှာကြီးတဲ့ မင်းတိုက သူတို့ထက်အများကြီးအခွင့်အလမ်းသာတယ်ဆိုတာ သိစေချင်လို့ ဖြစ်မှာပါ


တရုတ်တွေ ကုလားတွေဟာ တစ်ကယ်ပဲ စီးပွားရေးမှာတော်တာလား ဒါဆိုရင် တရုတ်ပြည် ကုလားပြည်မှာ ဆင်းရဲသူမရှိဘူးပေါ့


ကုလာထဲကမှ ဟိန္ဒူ မွတ်ဆလင်ခွဲကြည့်အုံးမလား အန္ဒိယမှာကော ဘင်္ဂလားဒေ့မှာကော ဆင်းရဲသူမရှိဘူးလား


ဒီလိုမဟုတ်ပဲ သူတို့ရဲ့ မူလနေရပ်တိုင်းပြည်တွေမှာ ဆင်းရဲသူရှိနေရင် လူမျိုးနဲ့ မဆိုင်ဘူးဆိုတာ သေချာနေပြီ ဒါဆိုရင် ကျွန်တော်တို့ ပြည်တွင်းက တိုင်းတပါးသားတွေပဲ ကွက်ပြီးပြီး စီးပွားရေးဉာဏ် ထက်သန်နေတာလား


ကျွန်တော်တော့ ဒီလိုစဥ်းစားမိတယ်

လူဆိုတာ ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင် နေဖို့စားဖို့ရာ သိပ်အပူအပင်ဖြစ်လှတာမဟုတ်ဘူး ဖြစ်စရာလည်းမလိုဘူးလေ


တစ်ရပ်တပါးမှာ သွားပြီး စီးပွားရှာသူတွေဆိုတာ

၁ ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်ကိုင်စရာအခွင့်အလမ်းနည်းလို့

 ၂ ပိုမိုကြီးပွားတိုးတက်စေဖို့ ရည်ရွယ်ချက်ရှိလို့


ဒီတော့ မူရင်းနေသူတွေထက် လုံးလဝီရိယသာရမှာပဲ မသာလို့မှ မရတာ သူတို့နေသလို နေနေလို့မှမဖြစ်တာ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့အတွက် ဘယ်သူမှ အလကားပေးမနေဘူး အလကားကျွေးထားမှာမဟုတ်ဘူး ဒါကြောင့် နေဖို့စားဖို့ ကြီးပွားဖို့ တိုးတက်ဖို့ အမြဲရုံးကန်ရတယ်


ပေါင်းသင်းဆက်ဆံရေးမှာလည်း မိတ်ဆွေရဖို့ ခယပေါင်းသင်းကြတယ် ဘာကြောင့်လည်းဆိုတော့ သူက ဒီအရပ်မှာ တစိမ်းမဟုတ်လား


သူတို့က ပိုပြီးစည်းလုံးကြတယ်ဆိုတာက တစ်ရပ်တပါးမဟုတ်လား အရေးအကြောင်းဆိုရင် ပြေးဟယ်လွှားဟယ်ကိစ္စဖြစ်လာရင် ကိုယ့်အချင်းချင်းမှ ပိုပြီး ကူညီနိုင်တာမျိုးမဟုတ်လား


ရန်ကုန်မှာပဲ ဥပမာကြည့် လက္ဖရည်ဆိုင်ဆိုရင် ရန်ကုန်သားထက် အညာသားတွေရဲ့ ဆိုင်က ပိုများတယ် 


အချို့ဆိုပြောကြတယ် အညာသားတွေက စည်းလုံးတယ် တစ်ယောက်ဆိုင်ဖွင့်ပြီးရင် သိပ်မကြာဘူး နောက်တစ်ယောက်နောက်တစ်ယောက်နဲ့ များလာတာပဲတဲ့


ဒါကြောင့် ဘယ်နိုင်ငံဘယ်ဒေသမှာ ဖြစ်ဖြစ် မူရင်းနေလူမျိုးတွေထက် တစ်ရပ်တစ်ပါးက လာပြီးအခြေချသူတွေက ပိုပြီး ချမ်းသာနေတာ စည်းလုံးနေတာဖြစ်ပါတယ်


လုပ်ငန်းချင်းအတူတူ ဝင်ငွေချင်းအတူတူဖြစ်နေအုံး 

တစ်ရပ်တပါးကလာတဲ့သူက နေဖို့နေရာတစ်ခုပိုင်ဆိုင်ပြီဆိုရင် အောင်မြင်မှုအနေနဲ့ ချီကျူးကြတယ်


မူရင်းနေသူကို သိပ်ထူးထွေချီကျူးကြမှာမဟုတ်ဘူးလေ သူက နေဖို့ရှိနေပြီပဲ ဒီတော့ငွေရှိစေအုံး ထပ်ဝယ်စရာမလိုတော့ မှတ်တိုင်မရှိဘူး အကောင်အထည်မရှိဘူး


ပြီးတော့ သူကဖြစ်မှာပေါ့ ဘတ်ဂရောင်းကောင်းတာကိုး သူ့မိဘကဘာကြီး သူ့ညီအစ်ကိုမောင်နှမကဘာကြီး သူ့သူငယ်ချင်းကဘာကြီး စသည်ဖြင့် အကြောင်းတွေသိုင်းဝိုင်းပြီး ပြောကြတာများပါတယ် ချီကျူးဖို့ဝေးပါတယ် လောင်းရိပ်မိနေတာများတယ်


ဒါကြောင့် ချမ်းသာတဲ့ အရှိန်အဝါရှိတဲ့ မိဖတွေရဲ့ သားသမီးတွေက အောင်မြင်ဖို့သိပ်ခက်တယ် ​ရှေ့လူတွေထက် လေးငါဆလောက် သာအောင်ကျိုးစားနိုင်မှ ရေးရေးလေးသာ အချီးကျူးခံရတာမျိုး 


ဒါကြောင့် လောင်းရိပ်အောက်ကထွက်ပြီး ရုံးကန်လိုကြတာပါ

​ဒီလိုမှမဟုတ်ရင် ငါလုပ်နေလည်း မထူးပါဘူးဆိုပြီး လက်လျော့သွားကြတာများတယ်


အခုအမေရိကန်နိုင်ငံတိုးတက်တယ် စည်ကားတယ်ဆိုတာ သူတို့ရဲ့ မူရင်းနေ လူမျိုးဖြစ်တဲ့ ရက်အန္ဒိယန်းတွေရဲ့အစွမ်းက နည်းနည်းရယ် လာရောက်အခြေချတဲ့ တိုင်းတပါးသားတွေကြောင့် တိုးတက်နေတာပါ မူရင်းနေလူမျိုးတွေက အချို့ဒေသတွေမှာဆိုရင် လူရိုင်းသာသာအရယ် သိပ်ပြီး အတွေးအခေါ် အယူအဆတိုးတက်သေးတာမဟုတ်ဘူး


မူရင်းနေလူမျိုး ဒွာဝီယံ တွေထက် နောက်မှလာအခြေချတဲ့ အာရီယံတွက သာတာ

မူရင်းနေလူမျိုး ဂျာမန်တွေထက် နောက်မှလာအခြေချတဲ့ ဂျူးတွေကသာတာ


ဒီအကြောင်းအချက်တွေကြောင့်ပါ


မြန်မာတွေတကယ်ညံ့တာလား သင်လည်းသုံးသပ်ကြည့်ပါအုံး..


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Tuesday, September 8, 2020

အမုန်းများနှင့်ဖွဲ့စည်းသော



အဖွဲ့တစ်ခု အသင်းတစ်သင်းကို အမုန်းတွေမှာ အခြေခံပြီး ဖွဲ့စည်းလို့ရတယ်ဆိုရင် ယုံမလား


ဒီလိုစဥ်းစားကြည့်ရအောင် ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ အယူအဆနဲ့ ပေါင်းမိသွားတာမျိုးပေါ့ 


ဒီအသင်းအဖွဲ့ ဒီပေါင်းသင်းဆက်ဆံမှုဟာ ခေတ္တခဏတော့ ညီညွတ်သယောင် အားကောင်းသယောင် တည်မြဲသယောင် အထွဋ်အထိပ်ရောက်ကောင်းရောက်နိုင်ပေမယ် ရေရှည်မှာ ရပ်တည်နိုင်မှာမျိုးတော့မဟုတ်ဘူး 


ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ကိုယ်ပိုင်ရပ်တည်ချက် ကိုယ်ပိုင်ရည်မှန်းချက်ထက် အမုန်းတရားအပေါ်မှာ အခြေခံဖွဲ့စည်းထားတာမို့ပါ


ဥပမာအားဖြင့် သူ့ကျွန်ခေတ်က တစ်မျိုးသားလုံးပေါင်းစုမိတာဟာ ကျွန်လာပြုတဲ့ ကိုလိုနီတွေကို မုန်းခြင်းကနေ အခြေခံလာတာမဟုတ်လား


ဒါကြောင့်ဘဲ သူ့ကျွန်ဘဝကလည်းလွတ် လွတ်လပ်မှုလည်းရရော အချင်းချင်း ပြန်ပြီး မတည့်ကြပြန်ဘူးလေ


နိုင်ငံရေးမှာတော့ ဒီသဘောက အမြဲတစေတွေ့နေရနိုင်တာပဲ သိပ်အထူးအဆန်းကြီးတော့မဟုတ်ဘူးမို့လား...


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


ဘက်စုံသုံးဆပ်​ပြာပြုလုပ်နည်



 

Friday, September 4, 2020

အိမ်ထောင်ရေး



ရှေးအခါက ကုန်သည်တစ်စု ကုန်သွယ်ဖို့ လှည့်လည်ရင်း ကန္တာရတစ်ခုကို ရောက်ရှိလာခဲ့ကြတယ် 


တစ်ခုသောညမှာ တွင်းတစ်တွင်းကိုတွေ့ကြတယ်

တွင်းထဲကို ငုံ့ကြည့်ကြပြန်တော့ အပေါ်ကလရောင်နဲ့ အထဲမှာ လိုးလိုးလက်လက်ပျိုးပျိုးပျက်ပျက် အရာတွေကိုတွေ့တယ်

ဒီတော့ အဖိုးတန်ရတနာတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်


ဒီတော့တစ်​ယောက်က စဆင်းပြီး စနည်းနာတယ် ခဏကြာတော့ ထိုလူက ဟေ့လူတွေဆင်းမလာကျနဲ့ တွင်းထဲက ရတနာတွေမဟုတ်ဘူး အဆိပ်ပြင်းတဲ့ မြွေတွေ ပျိုးပျိုးပျက်ပျက် အရောင်ထွက်နေတာက ရတနာတွေရဲ့ အရောင်မဟုတ်ဘူး သူတို့ရဲ့ မျက်လုံးတွေ သိပ်အန္တရာယ်များတယ် ဒီအနားမှာမနေကြနဲ့ ဝေးဝေးကို မြန်မြန်သွားကြတော့လို့ လှမ်းအော်ပြောတယ်


ဒါပေမယ့် အပေါ်က လူတွေက မယုံဘူး 

ဒီကောင် ရတနာတွေအားလုံး သူတစ်ယောက်တည်းအပိုင်စီးချင်လို့ ညာနေတာဖြစ်မှာပါဆိုပြီး နောက်တစ်ယောက်က ထပ်ပြီးဆင်းပြန်တယ်


အဲ့ဒီတစ်ယောက်ကလည်း ​ရှေ့ကလူအတိုင်း အော်ပြန်တယ်

အပေါ်ကလူတွေက ဒီနှစ်ယောက် ညှိပြီး သူတို့သာစီးစိမ်ခံချင်လို့ ငါတို့ကို လှည့်စားတာနေမှာ ငါတို့မြင်နေရသားပဲ အရောင်တစ်လက်လက်နဲ့ ရတနာတွေကို


ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆင်းရင်းက အားလုံး မြွေတွေရှိတဲ့ တွင်းထဲမှာ ဒုက္ခအတိနဲ့ ဘဝဆုံးသွားကြတယ်


အိမ်ထောင်ရေးဆိုတာ ဒီလိုပါပဲ ​


ရှေ့က လူတွေက ဟေ့ကောင်တွေ မယူကြနဲ့ အိမ်ထောင်ရေးဆိုတာ မင်းတို့ထင်သလို မဟုတ်ဘူး​နော် သိပ်ဒုက္ခများတာ သားရဲတွင်းထဲ ခုန်ချရသလိုပဲ ပကတိထောင်ကမှ လွတ်ရက်ရှိသေးတယ် အိမ်ထောင်က တစ်သက်လုံးလွတ်ရက်မရှိဘူးနော် စသည်ဖြင့်ပြောကြတာပဲ 


ဒါပေမယ့် နောက်လူတွေက ဘယ်ယုံမလဲ သူကဖြင့်ယူပြီး ငါ့တို့ကျ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောမယ်သာပြောတာပါကွာ သူကယူပြီးမှကိုး


အဲ့ဒီလိုတွေးပြီး ယူဖြစ်ကြ

ကိုယ့်တွေ့ကြုံပြီး နောက်လူကိုလည်း ရှေ့လူစကားအတိုင်း​​ပြန် ပြောပြကြတယ်

ဒါမေယ့်မယ့် မယုံကြဘူး


ဒီလို မယုံမယုံနဲ့ တွင်းထဲကို ခုန်ခုန်ချနေကြတာ ဒီနေ့ထက်ထိပဲ 

နောက်လည်း ခုန်းချကြအုံးမယ်မဟုတ်လား


ဆရာနန္ဒသိန်းဇံ စာအုပ်မှ


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...