သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, August 29, 2020

ပန်းပန်ရင်နန်းဆန်မယ်


မြန်မာ့ယဉ်ကျေးမှုမှာ ပန်းတွေရဲ့ သဘောသဘာဝနဲ့ ဆက်နွယ်နေတဲ့အတွက် ပန်းယဉ်ကျေးမှုလို့တောင် ခေါ်ဆိုထိုက်မယ်ထင်တယ်

ငယ်ငယ်ကတည်းက ဘဝနဲ့ဖြစ်စေ အလှနဲ့ဖြစ်စေ လောကဓံနဲ့ဖြစ်စေ နိယာမသဘောတရားတွေအတွက် ဖြစ်စေ ပန်းတွေနဲ့ တင်စားချိုးစပ် သုံးနှုံးကြတဲ့ ကဗျာ အလင်္ကာ စာ နဲ့ စကားအသုံးအနှုံးပေါင်းများစွာကို ရင်းရင်းနှီးနှီး ထိသိခဲ့ဖူးပါတယ် 

ဂေါတမဗုဒ္ဓအလောင်းလျာ သုမေဓာ ရသေ့ဘဝမှာကတည်းက ကြာငါးခိုင်ကိုင်ပြီး ဒီပင်္ကရာမြတ်ဘုရားမှာ ဆုပန်ခဲ့ကြောင်းကို အမေက ပြောပြတယ်

ဘုန်းကြီးကျောင်းဝင်းအတွင်းက ညောင်ပင်ရဲ့ နံဘေးက စိုက်ထားတဲ့ ကံ့​ကော်​ပင်​ဟာ နောင်ပွင့်လာမယ့် အရိမေတေ္တးယျ မြတ်​စွာဘုရားကို ကိုယ်စားပြုတဲ့အတွက် မရိုမသေမလေးမစား ချိုးဖဲ့တာမျိုးမလုပ်ဖို့ အဘိုးက ဆုံးမခဲ့ဖူးတယ်

လူကြီးသူမတွေ ကန်တော့ရင်တောင် ပေးတဲ့ဆုက ရေလိုအေးလို့ ပန်းလိုမွှေးပါစေတဲ့

ညအခါ အိပ်စက်ခါနီးတိုင်း ဖွင့်တတ်တဲ့ ဓာတ်စက်ဆရာရဲ့ ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ယုံပ ခံပွင့်ကိုကုံး ဆိုတဲ့ 
တွံတေးသားကြီးရဲ့ ရင်တွင်းသံစဉ်ဟာလည်း ဘဝရဲ့ဖြည့်စည်းရာတွေကို သင်ပြပေးနေသလိုပဲ

ဂီတငှက်ရဲ့ သံစဉ်ဟာလည်း နှလုံးသားနဲ့ သိပ်နီးနီးစပ်စပ်ဖြစ်ခဲ့ဖူးတယ် 
သူဆင်မြန်းတဲ့ ပန်းနီနီ နေရာခဏ လဲချင်သည် ကြင်နာသူလေး လှဖို့အစွမ်းကုန် ကျိုးစားမည်တဲ့ သိပ်နူးညံ့တဲ့ စိတ်ကူး ချစ်ခြင်းထက်အများကြီးသာလွန်တဲ့ မေတ္တာတွေစိမ့်ဝင်နေတယ်

ကြားခဲ့ဖူးတဲ့ အိုင်ချင်းတစ်ပုဒ်မှာလည်း 
မပွင့်ခင် အရင်ချိုးရင် ညှိးတတ်တယ်လေးဆိုပြီး 
အမျိုးသမီးတို့ရဲ့ ဘဝ အလှကို တန်ဖိုးထားဖို့ စပ်ဆိုထားတယ်

လောကသဘာဝ လူ့သဘာဝကို ဖော်ကြူးတတ်တဲ့ ဆရာဇော်ဂျီကလည်း ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဆိုပြီး 
မည်သို့သော အခက်​အခဲအတားအဆီး ရှိနေပါစေ ဘဝကို အားမလျော့ဖို့ ခရမ်​း​ရောင်​ အပွင့်ကလေးတွေနဲ့ ဗေဒါပန်းလေးရဲ့ အားမာန်​နဲ့ နှိုင်းယှဉ်ပြဖူးတယ်

ဆရာကြီးဦးဝံကလည်း 
လယ်တောကအပြန် 
ပန်ချင်တယ် ခရေဖူးဆိုလို့ ဆိုတဲ့ ကဗျာလေးနဲ့ အင်မတန်ထားဖို့ခက်တဲ့ မုဒိတာသဘောလေး ပြထားတယ်  

အမျိုးသမီးတွေရဲ့ ဆံကေသာမှာ ပန်းပန်တာကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတယ်

ဒီအကြောင်းကို ဟေမာနေဝင်းရဲ့ ပြန်ဆိုတေးမှာ ပန်းပန်ရင် နန်းဆန်တယ်တော့ ဆိုပြီး သီကျူးထားတယ်

ကိုတိုးကြီးကလည်း သူ့ရဲ့ အသံဝါကြီးနဲ့ သီဆိုထားတာ ရှိသေးတယ် ခံစားနားစဉ်ရတာ သိပ်အရသာရှိတယ်ဗျ 
ပန်းချစ်သူကိုယ့်လက်နဲ့ကွယ် 
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင် ယုယလို့ ထွေးပွေးထားခြင်တယ်ဆိုပြီး 

အမျိုးသမီးတို့ ဘဝကိုလည်း ပန်းလေးတစ်ပွင့်လို   မြတ်နိုးတန်ဖိုးထားကြောင်း သီဆိုထားတယ်

မိန်းမကောင်းပန်းပန် တစ်ပွင့်တန်ဆိုပြီးတော့လည်း ရည်းစားသနားမများဖို့ ဆုံးမကြတယ် 

ရတနာဦးဆိုထားတဲ့ ပန်းနီနီမပေးနဲ့ဆိုတဲ့ သံစဉ်ကလေးကလည်း 
ပန်းနီနီပေးရင် ကွဲတတ်တယ်ဆိုပြီး သမီးရီးစားကြားထဲ အယူအဆယုံကြည်မှုလေး စိမ့်ဝင်သွားတဲ့အထိပဲ

~~~~~~~~~~~~~~~~~~~

ဒီခေတ်မှာတော့ ပန်းပန်ထားတဲ့ အမျိုးသမီးလေးတွေ မတွေ့ရသလောက်ပဲဗျ 

ပန်းနဲ့ဝေးကွာလာတော့ နှလုံးသားတွေ မာလာတယ်လို့လည်း ခံစားရတယ် ကျွန်တော်တို့ ငယ်စဉ်ကထက်  မြတ်နိုးတန်ဖိုးထားတတ်တဲ့့ စံတန်ဖိုးတွေ လျော့ကျလာသလိုပဲ

ပန်းတိုင်း ပွင့်စေ လန်းစေ မွှေးပျံ့စေချင်ပါတယ်.....

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Friday, August 21, 2020

အရိပ်အယောင်

လက်ချောင်းတွေက စကားပြောနေတယ်

မျက်လုံးနဲ့ နားထောင်မှ ကြားနိုင်မှာပါ


အသံတွေလည်းကြားနေတယ်

အဲ့ဒီအသံဟာ ကိုယ့်အနီးအပါးကလားဆိုတော့ မဟုတ်ဘူး


ဝေးကွာရာအရပ်က ရင်နှီးသူတို့နဲ့ ပြောဆိုနေကြတာတော့မှန်တယ် 

သူတို့ရဲ့ အသံလည်းဟုတ်တယ် သူတို့နဲ့ ပြောနေသလားဆိုတော့ မဟုတ်ပြန်ဘူး


သူတို့နဲ့မြင်တွေ့ကြားသိပြီး သာကြောင်းမာကြောင်း နှုတ်ဆက်နိုင်တယ်

ဒါပေမယ့် ကိုယ်မြင်တွေ့နေရတာ သူတို့လားဆိုတော့ မဟုတ်ဘူး

မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့လည်း မဆိုနိုင်ဘူး 


အရိပ်အယောင်တွေမဟုတ်လား....


သန်းထွန်းလေး အင်းတဲရွာ

Thursday, August 13, 2020

ရောက်ရာအရပ်မှာ မပျော်နိုင်တော့ပြီလား

ကိုယ်လက်ထဲကအရာထက် အခြားသူလက်ထဲကအရာက ပိုပြီးကောင်းမွန်တယ်လို့ အမြဲတွေးမိနေသလားဗျ ဒါဆိုရင်သေချာတယ် ခင်ဗျားတစ်ခုခုမှားနေပြီ

ကိုယ့်လက်ထဲကအရာကို ပိုကောင်းလာအောင်လုပ်ဖို့ ရွေးချယ်ဖို့ပဲလိုတာပါ အခြားသူရဲ့ လက်ထဲကအရာဟာ ဘာပဲဖြစ်နေဖြစ်နေပေါ့ လိုက်တွေးနေသမျှ စိတ်မောရုံမှအပ ဘာကောင်းကျိုးမှဖြစ်မလာနိုင်ဘူးလေ

လူတိုင်းမှာ အိမ်မက်တွေ ရည်မှန်းချက်တွေအသီးသီး ရှိခဲ့ကြမှာပါ ကိုယ်စိတ်ဝင်စားရာ ဝါသနာပါရာအလျှောက်ပေါ့

အချို့လည်း ရည်မှန်းချက်အတွက် ကျိုးစားရင်းရုံးကန်ရင်း
အချို့လည်း ကြောင်းကြောင်းကြောင့် ရည်းရွယ်ရာနဲ့ လားလားမှမဆိုင်တဲ့ အခြေအနေမှာ ကျိုးစားရုံးကန်နေကြတယ်

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုကြားမှာ အလွယ်တကူပဲ ဖြစ်သင့်တာနောက် ကောက်ကောက်ပါအောင် ေလိုက်ခဲ့မိရင်းပေါ့

ကျွန်တော်အလိုအရဆိုရင် ဖြစ်ချင်တာကို ဦးစားပေးသင့်တယ်ထင်တယ် ကျိုးစားပုံဖော်စေချင်တယ် လုံးဝကိုပဲ မဖြစ်နိုင်တော့ဘူးဆိုမှ လျှော့စျေးပေးတဲ့အနေနဲ့ ဖြစ်သင့်ရာကို ကျေကျေနပ်နပ်ရွေးချယ်ရတာမျိုးဆိုရင် ပိုမကောင်းဘူးလားပေါ့

ဒါမှ နောင်တစ်ချိန် ပြန်တွေးမိတိုင်းမှာ ကိုယ်ရည်ရွယ်ရာကို ကိုယ်က အလွယ်တကူ စွန့်လွှတ်လိုက်တာ မဟုတ်ဘဲ လုံးဝမဖြစ်နိုင်တော့လို့သာ လက်လျော့လိုက်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နိုင်လိမ့်မယ်ထင်တယ် ပြီးတော့ ကိုယ်ရွေးချယ်ထားရာမှာလည်း ကျေနပ်ပျော်ရွှင်နိုင်ပါလိမ့်မယ်

ခုတလော ခပ်စိပ်စိပ်ကို တွေ့ရတယ်ဗျ
သာသနာနွယ်ဝင်တွေက ဓမ္မထက် လောကီရေးရာမှာ ပိုပြီးစိတ်ဝင်စားလာတာမျိုး
ကျောင်းသားတွေက ကျောင်းစာထက် ပြင်ပကိစ္စတွေမှာ ပိုစိတ်ဝင်စားလာတာမျိုး
လုပ်ငန်းခွင်ဝင်နေသူတွေကလည်း မိမိလက်ရှိလုပ်ဆောင်နေတဲ့အလုပ်ထက် အခြားသောအရာတွေမှာ ပိုပိုစိတ်ဝင်စားလာတာမျိုး
အနုပညာသမားတွေက စစ်မှန်တဲ့ ရင်တွင်းခံစားချက်တွေထက် အခြားအခြားသောအရာတွေကို ပိုအသားပေးလာတာမျိုး စသည်စသည်ဖြင့်ပေါ့

ဒါက ကိုယ့်လက်ရှိရောက်​နေရာမှာ မပျော်ပိုက်နိုင်ခြင်း သဘောပေလား

ကိုယ့်လက်ထဲကအရာထက် အခြားသူတွေရဲ့အရာဟာ ပိုပြီးကောင်းမွန်နေတယ်လို့ ယူဆနေခြင်းပေဘဲလားလို့ စဥ်းစားမိရင်း

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
koloneypoe.blogspot.com

I am the only one

 
Labels
 I'm in a trance
 Because it is a real universe

 Labels
 It's happening
 Because it is a real universe

 Labels
 I'm sad
 Because it is a real universe

 It is called Putuzana Naw Ommatta
 The same idiots who do not know the truth
 I am more qualified
 Because it is a real universe

 Than Tun Lay (Inte Village)

Tuesday, August 11, 2020

ဆုတောင်းပြည့်ဖို့ရာ

ကျွန်တော်တို့ရဲ့ လူမှုဘဝယဥ်ကျေးမှုမှာ ဆုတောင်းဆုယူမှုက လေးလေးနက်နက်ကို စိမ့်ဝင်စီးဆင်းနေတယ်လို့ ပြောရမလိုပဲဗျ နေရာဒေသ လူမျိုးဘာသာမရွေးဆိုပါတော့

စာမေးပွဲအောင်ဖို့ စီးပွားရေးအဆင်ပြေဖို့ ရာထူးတက်ဖို့ ချစ်ရေးချစ်ရာအဆင်ပြေဖို့ စသည့် ပုဂ္ဂလခံစားချက်အားလျှော်စွာ ခေါင်းစဥ်တွေအမျိုးမျိုးနဲ့ပေါ့

ဆုတောင်းသူတို့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပြားသည့်အလျှောက်ပဲ ဆုတောင်းခံအရာတွေကိုလည်းအမျိုးမျိုးသောအမည်နာမတွေနဲ့ ပြောင်းလည်းပြစ်ခဲ့ကြပါတယ်

ယခင်က မြတ်စွာဘုရားကို ရည်းစူးသည့်အလျှောက် ဘာစေတီ ညာစေတီ ဘာဆင်းတုတော် ဘာဆင်းတုတော် စသည်ဖြင့်သာ အမည်နာမများရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အမည်နာမနောက်မှာ ဆုတောင်းပြည့်တို့ ဆန္ဒတော်ပြည့်တို့ အလိုတော်ပြည့်တို့ စတဲ့ ဝိ​သေသနတွေပါ ထည့်သွင်း မှည့်ခေါ်လာကြတယ်

မြတ်ဗုဒ္ဓနည်းကျ ဆုတောင်းပြည့်ဖိုဆိုရင် ဆုတောင်းခံအရာထက် ဆုတောင်းသူရဲ့ သန္တန်မှာရှိနေတဲ့ သဒ္ဒါ သီလ သုတ စာဂ ပညာ ဆိုတဲ့ အချက်ငါးချက်နဲ့ ပြည့်စုံရမယ် ဆိုလိုတာက ဆုတောင်းခံက ရွှေတိဂုံဖြစ်ဖို့ ကျိုက်ထီးရိုးဖြစ်ဖို့ထက် ဆုတောင်းသူရဲ့ သန္တန်မှာရှိတဲ့ စိတ်ဆန္ဒကသာ ပိုပြီးအရေးကြီးတယ်လို့ ဆိုတာပါ

ဘုရားက ရှင်သာရိပုတ္တရာကို လှူတာက ရှင်သာရိပုတ္တရာက ဘုရားကို လှူတာထက်ပိုမြတ်ပါတယ် ဘာကြောင့်လည်းဆိုတော့ လှူသူဘုရားက ဒါနအကျိုးကိုပိုပြီး ပြည့်ပြည့်စုံစုံသိပြီး ကိုယ်ကျင့်တရားလည်းပို စင်ကြယ်လို့ပါ

ဒီလိုဆိုလိုက်တော့ ဘုန်းကြီးစာနဲနဲဆန်နေတယ်ဗျ အလှူခံမှာဟစ်တဲ့ ဂေါပကလေသံကြီးလိုဖြစ်နေတယ်မဟုတ်လား နားလည်ဖို့ဝေးနေတယ် ကိုယ်နဲ့မဆိုင်တာမျိုး ဘုန်းကြီးကျောင်း စာအုပ်ဗီယိုထဲက လက်လေးလုံးလောက်ရှိတဲ့ ငါတို့နားမလည်တဲ့ စာအုပ်ထဲက အက္ခရာတွေလို့သာ မှတ်ယူစရာရှိတယ်ဗျ

ဒီတော့ ဒီစကားတွေကို ကျွန်တော်တို့နဲ့နီးစပ်နိုင်သမျှ နီးစပ်ဖို့ ကျွန်တော်တို့ဘဝထဲကို ဆွဲသွင်းကြည့်ကြရအောင်လား

သဒ္ဒါဆိုတာက ယုံကြည်မှုပါ
ဒါလုပ်ရင် ဒါရဲ့အကျိုးကို မုချခံစားရမယ်ဆိုတဲ့ အသိပေါ့ တနည်းအားဖြင့် ကံကံ၏အကျိုးကို ယုံကြည်ခြင်း

သီလဆိုတာက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းပါ
ဒီနေရာမှာ သီလဆိုတာ အခုဆောက်တည် မချိုးမဖောက်သမျှ ပြည့်စုံနေတယ်လို့ပဲ ပြောရမှာပါ အတိတ်ကပြုလုပ်ပြီးခဲ့သမျှနဲ့ မဆိုင်ပါဘူး

သုတဆိုတာက မှန်ကန်တဲ့ တရားဒေသနာတော်တွေကို ကြားနာဖူးသူလို့ ဆိုလိုတာပါ
ကံ ကံ၏အကျိုးကို ယုံကြည်ဖို့အတွက် ဒီဒေသနာကို နာကြားလေ့လာဘူးဖို့ လိုတယ်မဟုတ်လား

စာဂဆိုတာက စွန့်လွှတ်မှုပါ
ကိုယ့်ဘက်က တစ်ခုခုကို စွန့်လွှတ်လှူဒါန်းမှုပြုလုပ်ပြီးပေါ့ ငွေရယ် ပစ္စည်းဥစ္စာရယ်လို့မဟုတ်ပါဘူး ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကစလို့ပေါ့

ပညာဆိုတာက ဝေဖန်သုံးသတ်နိုင်စွမ်းပါ
လှူဟာအလကားစွန့်ပစ်တာမဟုတ်ဘူး ဒီရဲ့အကျိုးဆိုတာရှိတယ်လို့သိတဲ့ အသိစိတ်ပါ

ဒီငါးချက်ပြည့်စုံရင် မုချပြည့်စုံမယ်လို့လည်း မြတ်ဘုရားက အာမခံခဲ့ပါတယ်

သာသနာတော်မှာလည်း ဆုတောင်းသူတွေအများအပြားရှိပါတယ် ဒါပေမယ့် သူတို့နဲ့ကျွန်တော်တို့မတူတဲ့အချက်က ကျွန်တော်တို့ရဲ့ ဆုတောင်းမှုက လောဘနဲ့ယှဥ်ပြီး သူတို့ရဲ့ ဆုတောင်းမှုက ဆန္ဒပြုတာသက်သက်ဖြစ်တာကြောင့်ပါ

ဒါကြောင့်ဆုတောင်းပါ ကိုယ့်ကိုယ်ကိုလည်း ပြည့်စုံအောင်ဖြည့်စည်းပါအုံးလို့ ဆန္ဒပြုရင်း....

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

အမ္ဗပါလီ

အမ္ဗ ဆိုတာကတော့ သရက်ပင်ကို ခေါ်ပါတယ်

ပါလီ ဆိုတာကတော့ ပါလ ပုဒ်နဲ့အတူတူပါပဲ ထိမ်းသိမ်းသူ စောင့်ရှောက်သူပေါ့

သူမရဲ့အမည်လိုပဲ သူမရဲ့ဖြစ်တည်မှု သူမရဲ့ဘဝဟာ စိတ်ဝင်စားဖို့ကောင်းတယ်

လောကမှာ သတ္တဝါရယ်လို့ဖြစ်လာရင် မွေးဖွားနည်းလေးခုကနေ မွေးဖွားတယ်လို့ မြတ်ဗုဒ္ဓဟော်တော်မူထားတယ်
၁ သားအိမ်မှာ သန္ဓေတည်ပြီးမွေးတယ် ဥပမာ ခွေး
၂ ဥ အတွင်းမှာ သန္ဓေတည်ပြီးမွေးတယ် ဥပမာ ကြက်
၃ အစိုဓာတ်ရှိရာမှာ ငြိကပ် သန္ဓေတည်ပြီးမွေးတယ် ဥပမာ ခြင်
၄ အထင်အရှား ဘွားကနဲ့ပေါ်လာပြီး မွေးတယ် ဥပမာ နတ်

လူရဲ့ထူးခြားချက်က အဆိုပါမွေးဖွားနည်း လေးခုလုံးနဲ့ မွေးဖွားနိုင်တယ်
ကမ္ဘာဦးလူသားတွေဟာ ၄ အနေနဲ့ မွေးဖွားလာတယ်လို့ အဂ္ဂညသုတ္တန်မှာ မိန့်ဆိုဖူးတယ်

ဒီတော့ သူမဟာ သရက်ပင်အောက်မှာ ၄အတိုင်း မွေးသူပေါ့ သို့တည်းမဟုတ် သရက်ပင်ရဲ့ အစောင့်အလျှောက်နဲ့ မွေးဖွားကြီးပြင်းလာသူပေါ့ ဒါကတော့ သူမရဲ့ စိတ်ဆန္ဒကြောင့် ဖြစ်တယ်ရတာပါ

သရက်ပင်က မွေးဖွားလာသူဆိုတော့ မယုံကြည်မှု ရှိကောင်းရှိနိုင်ပါတယ် ဒေသနာတော်တွေမှာ မကျဥ်းပင်က မွေးသူတို့ မြန်မာရာဇဝင်မှာ ဝါးပင်က မွေးသူတို့လည်း ရှိတယ်မဟုတ်လား

ထူးထူးခြားခြား မွေးဖွားလာသူဖြစ်သည့်အလျှောက် သူမရဲ့ ရုပ်ရည်အသွင်အပြင်ဟာလည်း တစ်မူထူးခြားတယ် ပစ်မျိုးမှည့်မထင် လှပသူလို့ဆိုတယ်

​ရှေးခေတ်အန္ဒိယမှာ ဒီလှပမှုကပဲ သူတို့အတွက် ကျိန်စာတစ်ခုလိုပါပဲ ဒါကြောင့်ပဲ ထင်ရှားပြီးလှပသူအချို့ဟာ စောစောစီးစီး အိမ်ထောင်ပြုကြတာ မိဘက အိမ်ထောင်ပြုစေတာမျိုးဖြစ်လိမ့်မယ်ထင်တယ် ဥပမာ ဝိသာခါ ငယ်စဥ်ကတည်းက သောတပန်ဖြစ်ပေမယ့် အရွယ်ရောက်လာတော့ မိဘက ဘာသာခြားတစ်ဦးနဲ့ လက်ဆက်ပေးတာမျိုးပေါ့

ဆေးဆရာကြီးဇီဝကရဲ့ မိခင်နဲ့နှမဟာလည်း ဒီသဘောနဲ့ ပြည့်တန်ဆာဖြစ်ခဲ့ဟန်ရှိတယ်

သူမကတော့ သရက်ပင်က မွေးဖွားသည့်အ​လျှောက် ထိမ်းသိမ်းစောင့်ရှောက်မယ့် မိဘဆွေမျိုးအသိုင်းအဝိုင်း ရှိဟန်မတူဘူး ဒါကြောင့်ဘဲ ဒီဘဝကိုရောက်စေတာနေမှာပါ

လိုချင်သူတွေဝိုင်းဝိုင်းလည်နေသူတစ်ယောက်ကို တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုထက် အများဆိုင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘုရင်က သတ်မှတ်ပေးတယ်

ပြည့်တန်ဆာပေါ့ ဒါပေမယ့် ဘုရင်ကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ဖြစ်တဲ့အတွက် ဘုရင့်ရဲ့ အထောက်အပံ့များစွာ ရတာမျိုးတော့ရှိတယ် သတ်မှတ်နှုံးထား အဆောင်အယောင် အခြွေအရံစတာမျိုးတွေပေါ့

ဒါပေမယ့် သူမဟာ နိမ့်ကျတဲ့အခြေမနေမှာပဲ ကိုယ်စွမ်းဉာဏ်စွမ်းချို့တဲ့ပြီး ဆုပ်ယုတ်သွားမယ့်သူမျိုးမဟုတ်ပါဘူး ဘုရားရှင် ဝေသာလီပြည်ဖက်ကို ကြွလာတော်မူတုံးက ဘုရင် မင်းညီမင်းသားတို့ထက်အရင် ဘုရားကို ဆွမ်းကပ်နိုင်သူဖြစ်တယ်

တဖက်ပြည်က ဗိန္ဗိသာရမင်းနဲ့ရရှိခဲ့တဲ့ သားတော်ဟာလည်း ဝိမလကောဏ္ဍည ရန္တာတစ်ပါးအဖြစ် မြတ်ဗုဒ္ဓသာသနာမှာရှိပါတယ်

သူမကိုယ်တိုင်လည်း ဘဝနှောင်းပိုင်းမှာ သူမရဲ့ဘဝအစဥ်အလျှောက်ကို သတိသံဝေဂယူရင်း ရဟန္တာထေရီမအဖြစ် ဘဝဇာတ်သိမ်းသွားသူတစ်ယောက်ဖြစ်ပါတယ်

အတိတ်
.........

ဖုဿဘုရားရှင်လက်ထက်က နှမတော်တစ်ယောက်ဖြစ်ပြီး မောင်တော်မြတ်ဘုရားကို ကုသိုလ်ပြုဆုပန်ရာမှာ ဖြစ်ရာဘဝတိုင်း လှပသူတစ်ယောက်ဖြစ်ရပါလို၏တဲ့ မြင့်မြတ်တဲ့တရားအသိဉာဏ်ထက် သာမန်အလှအပရေးရာကို စိတ်ညွှတ်ဆုတောင်းခဲ့ခြင်းက သူမအဖို့ ဒုက္ခနဲ့သံသရာရှည်ဖို့ဖြစ်လာတယ်

ကဿဖဘုရားရှင်လက်ထက်မှာလည်း ထေရီမဖြစ် တရားကျင့်ကြံရင်း မိခင်ဝမ်းမှာ သန္ဓေတည်ရမှာကို ကြောက်ရွံ၍ ဆုတောင်းခဲ့သည့်အလျှောက် ဂေါတမဗုဒ္ဓလက်ထက်မှာ သရက်ပင်အောက်မှာ ကိုယ်ထင်ဖွားနည်းနဲ့ မွေးဖွားလာသူတစ်ယောက်ဖြစ်လာခဲ့တယ်

ဒီလိုထင်ရှားသူတစ်ယောက်ဟာ ထူးခြားတဲ့ အသိဉာဏ်ရှိလာမယ့် ဘဝမှာတောင် ဘာကြောင့် ပြည့်တန်ဆာဘဝနဲ့ ဖြတ်သန်းခဲ့ရလည်းဆိုတော့ သိခီမြတ်စွာဘုရားလက်ထက်မှာ သူမဟာ ထေရီတစ်ပါးပါပဲ ဘုရားရင်ပြင်မှာ တံတွေးထွေးလိုက်မိတဲ့ ရဟန္တာထေရီတစ်ပါးကို ပြည့်တန်ဆာမ အပျက်မလို့ နှုတ်ကဆဲရေးအပြစ်တင်မိလို့ပါ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း
koloneypoe.blogspot.com

Saturday, August 8, 2020

သင်ပုန်း​ချေ

ဒီစကားရဲ့ အဓိပ္ပါယ်လေးကို စဥ်းစားကြည့်မိတယ်

ပထမဆုံးဒီစကားရပ်ကိုနားလည်ဖို့အတွက် ပုဒ်ခွဲကြည့်မိတယ် 

သင်ပုန်း + ချေ ပေါ့

ကိုယ်က ကျောက်သင်ပုန်းနှောင်းခေတ်မှာ လူဖြစ်တာဆိုတော့ သင်ပုန်းဆိုတာနဲ့က ခေတ်တစ်ခုစာကွာခြားနေတော့ သိဖို့ခက်ပြန်တယ်

ကျောက်သင်ပုန်းမှာတော့ ဘာမှသိပ်ပြီးကရိကထများလှတာမဟုတ်ဘူးရယ် ရေးချင်တာရေး ဖျက်ချင်သလိုဖျက် လက်နဲ့ဖျက်မလား အဝတ်နဲ့ပွတ်မလား ပိုပြီးရှင်းလင်းချင်ရင် ရေစွတ် တံတွေးစွတ်ပြီး ပွတ်လိုက်ရုံပဲ အင်မတန်မှလွယ်တယ်

သင်ပုန်းဆိုတာကတော့ ညီညွတ်တဲ့ ပျဥ်ပြားရဲ့မျက်နှာပြင်ကိုခေါ်တာပါ ချေတယ်ဆိုတာကတော့ မီးသွေးမှုန့်ညက်အောင်ထောင်းပြီး ထမင်းရည်နဲ့ရောနယ် အဲ့ဒီပျဥ်ပြားပေါ်မှာ မဲနက်သွားအောင် သုပ်လိမ်းရတာကို ဆိုလိုတာပါ အဲ့ဒီအပေါ်မှာမှ ကံ့ကူစံနဲ့စာရေးရတာ

ဒီတော့ သင်ပုန်းချေတယ်ဆိုတာ ​ရှေးရှေ့က ရေးခဲ့တဲ့စာတွေနဲ့ ပြည့်နေတာကြောင့် နောက်ထပ်ထပ်ရေးဖို့အတွက် အဲ့ဒီသင်ပုန်းပေါ်မှာရှိတဲ့ စာတွေကို ပြောက်သွားအောင် အဲ့ဒီထမင်းရည်နဲ့ဖျော်စပ်ထားတဲ့ မီးသွေးမှုန့်နဲ့ ဖုံးအုပ်ပစ်တာကိုခေါ်တာပါ ဖျက်တာမဟုတ်ဘူးနော်

ဒါကြောင့်ဖျက်တယ်လို့မခေါ်ပဲ ချေတယ်လို့ ခေါ်သလား စဥ်းစားစရာပဲဗျ

ဘာသာရေးအဆုံးအမတွေမှာဆိုရင် မေတ္တာ ကရုဏာ အားလျော်စွာ သည်းခံတယ် ခွင့်လွှတ်တယ်ဆိုတာ ထိုသူပြုခဲ့ဖူးတဲ့ အကြောင်းကိစ္စအတွက် မတုံ့ပြန်ယုံတင်မကဘူး ရင်တွင်းခံစားချက်ပါရှင်လင်းပါတယ်

ဒါကြောင့်ဘဲ ဒီစကားဟာ ပကတိလူသားတွေကြားမှာသာ အသုံးများတာမျိုးဖြစ်နိုင်တယ်ဗျ
ခွင့်လွှတ်ပါတယ် ဒါပေမယ့် မမေ့ဘူးဆိုတာမျိုးပေါ့

သဘောကတော့ အတိတ်ကပြုမူပြောဆိုလုပ်ဆောင်ခဲ့တာတွေအတွက် အတေးအမှတ်မထားဘူးပေါ့ ဒါပေမယ့် အရင်ကလုပ်ရပ်တွေကို ဘဝထဲက အပြီးဖျက်လိုက်တာမျိုးတော့မဟုတ်ဘူး နောက်ထပ်လက်တွဲလုပ်ဆောင်စရာတွေအတွက် ဖုံးအုပ်ပစ်လိုက်တာမျိုးပါ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Friday, August 7, 2020

ပိ သု န ဝါစာ

ငါးပါးသီလဆိုတာ မြတ်ဗုဒ္ဓက ဟောကြားခဲ့တာဆိုပေမယ့် လောကမှာ လိုက်နာကျင့်သုံးသူတိုင်း လူမျိုးဘာသာမရွေး အကျိုးရှိမှာကတော့ အသေအချာပါပဲ

ဘာကြောင့်လည်းဆိုတော့ သူ့အသက်သတ်ချင်းဆိုတဲ့ အကျင့်ကလေးထိုသူမှာရှိပြီဆိုတာနဲ့ နောက်မှလာတဲ့အကျိုးတွေကို လက်တွေ့မျက်တွေ့မဟုတ်လို့ မယုံကြည်စေအုံးတော့ ထိုသူကိုအကြောင်းပြုပြီး ဘယ်ပုဂ္ဂိုလ်သတ္တဝါမှ အသက်သေခြင်းဆိုတဲ့ ဘေးဒုက္ခကို မခံစားရတော့ဘူး မဟုတ်လား

ဒီငါးပါးထဲမှာမှ အခြားသော သီလတွေဟာ ပြုမိဖို့ အခြားအရာဝတ္ထု ပုဂ္ဂိုလ်သတ္တဝါအားဖြင့် အကြောင်းအထောက်အပံ့တွေ လိုအပ်တာကြောင့် ကျုးလွန်ဖို့ရာခက်ကောင်းခက်နိုင်ပါတယ်

ဥပမာ သူ့ဥစ္စာခိုးယူဖို့အတွက် သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ အရာဝတ္ထုတစ်ခုခု လိုအပ်တယ်မဟုတ်လား

မုသာဝါဒဆိုတာကတော့ အတော်ကို ထိမ်းဖို့သိမ်းဖို့ခက်ခဲ့လိမ့်မယ်ထင်တယ် သူ့မှာကျူးလွန်ဖို့ လိုအပ်ချက်က သိပ်နည်းတယ်မဟုတ်လား နားဆင်မယ့်သူသာ လိုအပ်တယ်လေ

မုသာဝါဒထဲမှာမှ လေးမျိုးပြားတော့ အလွန်အင်မတန်မှကို ထိရှလွယ်တယ် ကျူးလွန်ဖို့လွယ်တယ်ဆိုတာ သိသာလာတယ်

ဒီအထဲမှာမှ ပိသုနဝါစာ ဆိုတဲ့အကြောင်းလေးတွေးမိတယ်
ပိသုန ဆိုတာ တစ်လုံးချင်းစီမှာ ကိုယ်ပိုင်အဓိပ္ပါယ်တွေရှိတယ်ဗျ
ပိ    ပီယ   ချစ်ခင်မှု
သု  သုည  ဆိတ်သုဥ်းမှု
န    ဂမန  ဖြစ်စေခြင်းတဲ့
ဒီတော့ ချစ်ခင်ရင်းနှီးမှုကို ပျက်စီးစေတဲ့ ဆိတ်သုဥ်း​​စေတဲ့ ပြုမူပြောဆိုမှုတွေ လုပ်ရပ်တွေကို ပိသုနဝါစာလို့ခေါ်ပါတယ် တစ်နည်းအားဖြင့် ဂုံးတိုက်တယ်ဆိုတာမျိုး
ဒီခေတ်အခေါ် အမုန်းစကားပေါ့

ဒီလိုဆိုတော့ နှုတ်ကထွက်တာကိုမှဆိုတာလောက်ပဲ အဓိပ္ပါယ်ဖွင့်ရင် ဒီခေတ်မှာ မပြည့်စုံတော့ဘူး အမုန်းစကားဆိုတာ​က ပါးစပ်ပြောနေမှဟုတ်တာ လူမှုကွန်ယက်တွေမှာ စာသားတွေ မှတ်ချက်တွေဟာလည်း အမုန်းစကားကို ဖြစ်စေတယ်မဟုတ်လား

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း 

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...