သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, November 20, 2019

ဆရာ

ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဆရာဆိုတာ အနန္တဆိုတဲ့ ကျေးဇူးအထူးပြုအပ်ရာ
ဂိုဏ်းဝင်ပါ မိဖ နဲ့သာမက ဘုရား တရား သံဃာနဲ့ပါ တန်းထူထား ပူဇော်အပ်ရာပေါ့

ဒါပေမယ့် မြန်မာအဘိဓာန်မှာဖွင့်တဲ့ ဆရာဆိုတဲ့ အဓိပ္ပါယ်မှာတော့ ကွဲပြားတဲ့ ဖွင့်ဆိုချက်တွေရှိတယ်ဗျ

ဆရာဆိုတဲ့ဝေါဟာရကို
၁ ပညာသင်ကြားပေးသူ သွန်သင်ဆုံးမနည်းလမ်းပြသူ
၂ ပညာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ
၃ ယဥ်ကျေးသမှုဖြင့် ခေါ်ဝေါ်ခြင်း ဆိုပြီး ဖွင့်ဆိုထားတယ်

ကျွန်တော်တို့ရဲ့ ရှိခိုးရာ ပူဇော်ရာ အလုပ်အကျွေးပြုရာဆရာဟာ ၁ သာဖြစ်ပါတယ်
၂ ကတော့ သူ့ရဲ့ပညာကို လေးစားသောအားဖြင့် ဂုဏ်ပြုခြင်းသဘောပါ
၃ ကတော့ ယဥ်ကျေးမှုဆိုတာထက်  ရလိုမှု ကြောက်ရွံ့မှုအချို့ ပါကောင်းပါနိုင်တယ်လို့ထင်တယ် သူ့ရဲ့ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး စိတ်မသက်မသာဖြစ်မိတာ​တော့အမှန်ပဲဗျ

အမှန်တကယ် ယဥ်ကျေးမှုအရဆိုရင် မြန်မာစာဟာ စကားလုံးကြွယ်ဝပါတယ် ဦး ဒေါ် အစ်ကို အစ်မ ညီ ညီမ တန်သည် သုံးနှုံးနိုင်တာပဲ မဟုတ်လား

ကျွန်တော်တို့ ယဥ်ကျေးမှုမှာ အမြင့်ဆုံးငါးပါးထဲက စံတစ်ခုကို တန်ဖိုးချလိုက်သလိုပဲ

လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလေးကမေးတယ် ဆရာဘာသောက်မလဲဗျ
စပယ်ယာကမေးတယ် ဆရာဘယ်မှတ်တိုင်မှာဆင်းမလဲဗျ
ခရီးသည်ကမေးတယ် ဆရာဆိုက်ကားအားလားဗျ
ဆိုက်ကားသမားလေးကမေးတယ် ဆရာဘယ်သွားမှာလဲဗျ
အရောင်းစာရေးမလေးကမေးတယ် ဆရာဘာအလိုရှိပါသလဲရှင့်

စသည်စသည်ဖြင့် ဆရာတွေခွန်းခြင်းထပ် ဘုံးပေါလအောသုံးနေရကနေ အစပြုပြီး ဆရာဆိုတဲ့ဝေါဟာရဟာ တန်ဖိုးကျဆင်းသွားတာလို့ ယူဆမိပါကြောင်း.....

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


ကင်းဝန်မင်းကြီး ဦးကောင်း


အဖ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်
ငယ်မည်မှာ မောင်ချင်းဖြစ်သည် မွေးချင်း ၇ ယောက်အနက် ဒုတိယသား ဖြစ်သည်

ဇာတိဒေသမှာ ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာဖြစ်သည်

ဇနီးသည်မှာ ပုဂံမင်း၏ မိဖုရား (ကိုယ်လုပ်တော်) တစ်ဦးဖြစ်သော ဆင်ကြန်သခင် ဖြစ်သည်

အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီးအား ဂုဏ်ပြုသောအားဖြင့် “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။

အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။

ကိုရင်ရဟန်း
.................
ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဘွဲ့တော်မှာ ဦးအာသဘ ဖြစ်သည်။

သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။

ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၎င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၎င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှံ့စပ်အောင် အားထုတ်သင်ကြားသည်။

ဦးရန်ဝေးနှင့်
................
ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။

သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။

ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။

မင်းမှုထမ်း
.............
အမရပူရ စတုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။

မောင်ချင်းမှမောင်ကောင်းသို့
.........................................
ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။

ကင်းဝန်မင်းကြီးအဖြစ်သို့
..........
၁၂၂၈-ခုနှစ်တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ပေါ်ပေါက်ခဲ့၍ အိမ်ရှေ့မင်း ကနောင်မင်းသား ကျဆုံးသဖြင့် မင်းတုန်းမင်းသည် အလုံဝန် ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီး မဟာစည်သူ ဘွဲ့နှင့် ဝန်ထောက်တော် ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော် အေးငြိမ်းသွားသည့် အခါ၌ ကြည်းကင်း ၊ ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက် ကင်းဝန်ရာထူးသို့ တိုးမြှင့်ပေးခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှား ကျော်ကြားလာလေသည်။

ကင်းဝန်ဆိုသည်မှာ
.........................
နေပြည်တော် ၊ မြို့ကြီး ၊ ရွာကြီးများတွင် အကာအကွယ် ၊ အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ် ခန့်ခွဲရုံသာ မဟုတ်သေး ၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်သွယ် ရောင်းဝယ်နေကြသော ကုန်သည် ၊ ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်ခွန်များ စည်းကြပ်ရသည့် တာဝန်လည်း ပါဝင်လေသည်။

နိုင်ငံတကာခရီးသွားသံအမတ်ကြီး
........................
ပထမအကြိမ် ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် လန်ဒန်သို့ မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။

ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။

ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။

သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။

အိန္ဒိယဘုရင်ခံထံသို့လည်း ဝင်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။

ဒုတိယအကြိမ် ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။

ထိုအကြောင်းကို ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွားခရီးသွားမှတ်တမ်းနဲ့ ပဲရစ်သွားခရီးသွားမှတ်တမ်း ဖတ်ကြည့်ပါ အလွန်အင်မတန်ကို အသေးစိတ်လေ့လာခဲ့ကြောင်းတွေ့ရပါလိမ့်မည် နှစ်အုပ်စလုံး အိမ်မှာရှိပါတယ် ရွာကမိတ်ဆွေတွေ လာငှားနိုင်ပါတယ်

ကျွန်စနစ်ဖျက်သိမ်းဖို့
............
၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။

ရရှိခဲ့သည့် ဘွဲ့ထူးများ
................... .........
ကင်းဝန်မင်းကြီး နိုင်ငံခြားသို့ သံအဖြစ် မသွားမီ အဂ္ဂမဟာ သေနာပတိ ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်း လက်ထက်တွင် သက်တော်ရှည်ဘွဲ့ ၊ သုဓမ္မဘွဲ့တို့ ရရှိခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်စဉ်တွင် ပြင်သစ်သမ္မတက တံဆိပ် တစ်ခုနှင့် အီတာလျံ ဘုရင်က ရင်သိုင်းနှင့် တံဆိပ် တစ်ခုကိုလည်းကောင်း ၊ ဝိတိုရိယ ဘုရင်မက CSI ဘွဲ့ထူးဖြင့်လည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရေးသားခဲ့သမျှ
.....................
ကင်းဝန်မင်းကြီး ပြုစုခဲ့သော ကျမ်းများမှာ မြန်မာ စာပေလောကတွင် များပြားလှသည်။ ကဗျာဘက်တွင် ရတု ၊ အိုင် ၊ ရကန် ၊ သဖြန် ၊ တေးထပ် ၊ ဧချင်း ၊ မော်ကွန်း ၊ လူးတား ၊ ပျို့ စသည်ဖြင့် မျိုးစုံကို ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ထင်ပေါ်သော ကျမ်းများမှာ စကားပြေဖြင့် လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ် မှတ်တမ်းများ ၊ ဓမ္မသတ် (၃၆) စောင်ချုပ် ၊ အမွေမှု ဓမ္မသတ် ၊ အိမ်မှု ဓမ္မသတ် ကျမ်းနှင့် အခြား စာပေများ ဖြစ်သော တိဏ္ဍုကပျို့ ၊ ရတနာ နဒီ မော်ကွန်း ၊ ဓမ္မသတ် လင်္ကာများ ၊ အဍသံခေ ပဝဏ္ဏနာ ၊ ပကိဏ္ဏကဍ ဓမ္မသတ် လင်္ကာတို့ ပါဝင်သည်။ ဂီတဘက်တွင် ယိုးဒယား ၊ ပတ်ပျိုး ၊ ဟန်ချင်းများ ရေးဖွဲ့ခဲ့လေသည်။

ဘဝနိဂုံး
............
မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။

ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သင်္ဂြိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။

ကိုး ဝိကိပိဒိယ

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


Saturday, November 16, 2019

ကကြီး

​ဗမာဖတ်စာထဲက ပထမဆုံးသော ကကြီးဆိုတဲ့ ဒီအက္ခရာမှာ စိတ်ဝင်စားစရာ အရည်အသွေးတွေ အရည်အချင်းတွေကအများသားဗျ

ကျန်အက္ခရာတွေမှာ အကြီးရှိလို့ အငယ်ရှိပေမယ့် ဒီအက္ခရာ ကကြီးကတော့ အဦးအစမို့ အလေးအမြတ်သဘောမျိုးနဲ့ ကြီးဆိုတဲ့ ဂုဏ်ပုဒ်တပ်ပြီး ခေါ်ဝေါ်တာလို့ဆိုတယ်

က ဆိုတဲ့ စကားလုံးက တစ်လုံးတည်းလည်း အဓိပ္ပါယ်ရှိတယ်
သူ က တာ သိပ်ကြည့်လို့ကောင်းတယ်
ဒီနေရာမှာ က ဆိုတာ စည်းချက်တကျ အချိုးကျနာစွာ လှုပ်ရှားမှုတွေဟန်ပန်ကို ဆိုလိုတယ်

ပြီးတော့ ကာလကိုလည်း ပြတတ်တယ်
မနေ့ က ဘယ်သွားခဲ့လည်း

နေရာ အတွက်ဆိုရင်
ဟိုပေါ် က ဖုန်းယူခဲ့ပေးပါ

ပမာဏကိုလည်းပြတတ်တယ်
အဲ့ဒါ ဒီထက်မ က ကြီးတယ် စသည်ဖြင့်ပေါ့

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


Friday, November 15, 2019

တစ်ကိုယ်စာ သာသနာ






သာသနာကွယ်ခြင်းနဲ့ ကွယ်ရခြင်းအကြောင်း ဖတ်ဖူးမှတ်ဖူးသမျှ တွေးဖြစ်တယ်

ရဟန်းကလည်း သူ့တာဝန်ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မဒေသနါတွေကို သင်ကြားဟောကြားနေသမျှ ကာလပတ်လုံး ဒါကာကလည်း ထိုရဟန်းတို့ရဲ့ စားဝတ်နေရေးကို ဖြည့်စည်းပေးနေသမျှ ဘုရားသနာဟာ အနှစ်ငါးထောင်မက တည်တံ့နိုင်တယ်လို့ အချို့စာအုပ်တွေမှာဆိုတယ်

ဒါဟာ အင်မတန်ကျယ်ပြန့်ပြီး ကိုယ်နဲ့အလှမ်းဝေးလွန်းနေတယ် ဘုန်းကြီးတွေနဲ့ လူကြီးတွေ လှူနိုင်တန်းနိုင်သူတွေနဲ့သာ သက်ဆိုင်တယ်လို့ ထင်စရာရှိတယ်

မြန်မာအဘိဓာန်မှာတော့ သာသနာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို မြတ်ဗုဒ္ဓရဲ့အဆုံးအမ ထိုအဆုံးအမ တည်တံ့နေသောကာလလို့ဆိုတယ်

ဟုတ်သားပဲဗျ တကယ်တော့ ကိုယ့်ကိုယ်ကို အရင်စမ်းစစ်သင့်တာမဟုတ်လား ကိုယ့်ရဲ့ စိတ်နှလုံးမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ မကိန်းဝပ်ရင် လိုက်နာကျင့်သုံးမှုမရှိရင် ကိုယ့်တစ်ကိုယ်စာမှာ သာသနာကွယ်တာမဟုတ်လား

ပိဋကတ်သုံးပုံကို အာဂုဏ်ဆောင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး မြတ်ဗုဒ္ဓရဲ့ အခြေခံလူကျင့်ဝတ်ဖြစ်တဲ့ ငါးပါးသီလကိုမှ ကျင့်သုံးတာမျိုးမရှိတာမျိုးပေါ့

ငါရဲ့ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက် မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခဲ့သူလားပေါ့ သိပ်ဝေးနေတယ်ထင်ရင် ချုံ့ကြပါအုံးစို့ ငါမနေ့ကကော လိုက်နာဖြစ်ရဲ့လား စောစောကကော အခုကော လိုက်နာဖြစ်ရဲ့လား

ဒီလို့သုံးသပ်ကြည့်ခြင်းအားဖြင့် မလိုက်ခဲ့ဘူး မကျင့်သုံးခဲ့ဘူးဆိုရင် ကိုယ့်အတိတ်က ကိုယ့်ကိုယ်မှာ မြတ်ဗုဒ္ဓသာသနာ ကွယ်ခဲ့တယ်လို့ ဆိုနိုင်တယ်မဟုတ်လား

ရံခါမှာ ကျွန်တော်တို့  ရပ်နဲ့ရွာနဲ့လူမျိုးနဲ့နိုင်ငံနဲ့ကမ္ဘာနဲ့ချီပြီး အကြီးကြီးလှမ်းပြီး စဥ်းစားနေတာဟာ ပကတိနဲ့ ကင်းကွာသွားတတ်တာမို့ စဥ်းစားသုံးသပ်လိုရင်း......

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


Monday, November 11, 2019

အမျိုးသားနေ့ (The National Day)

တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည် ***

ငယ်ငယ်က ဘာမှ ရေရေရာရာ မသိချိန်ကတည်းကပဲ
ဆရာ ဆရာမတို့ ကျေးဇူးနဲ့ နှုတ်ထက်မှာ တတွတ်တွတ် ရွတ်ဆိုခဲ့ဖူးပါတယ်

အမျိုးသားနေ့ အကြောင်း တစ်စိတ်တစ်ဒေသ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်
ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်( ယုဒသန်)ကောလိပ် ကျောင်းသားများက 
ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ  ဖွင့်လှစ်မည့်  ရန်ကုန်တက္ကသိုလ်က စတင်ကန့်ကွက် သပိတ်မှောက်ဆန္ဒပြခဲ့သောနေ့ဖြစ်ပါသည်

မတ်ဟန်းတား၏အက်ဥပဒေ
✖ ✖ ✖ ✖ ✖ ✖ ✖
  
၁ - မြန်မာနိုင်ငံ၌ တက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်
တက္ကသိုလ်အောက်တွင် ကောလိပ် တစ်ကျောင်းသာ ရှိရမည်

၂ - ကောလိပ်ကျောင်း၌ ပညာသင်ကြားလိုသူများသည်  ကျောင်းအိပ်ကျောင်းစား  နေနိုင်သူများသာ ဖြစ်ရမည်

၃ - တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော High School Final ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။English စာနှင့်အခြားဘာသာရပ်တစ်ခုခုကို  ထူးချွန်အောင်မြင်မှ အဆိုပါတက္ကသိုလ်ကို တက်ခွင့်ရမည်

၄ - ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက  နောက်နောင် ဖြေဆိုခွင့်မပြု

၅ - High School Final အောင်၍ တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေနိုင်ရမည်

၆ - ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်တွင် တက္ကသိုလ်ပညာရပ်များကို လိုက်နာရန်
အရည်အချင်းမရှိသေးဟု သတ်မှတ်လျှင် တက္ကသိုလ်ပညာရပ်များကို  ဆက်လက်သင်ကြားခွင့်ရမည်မဟုတ်

အမျိုးမျိုးကန့်ကွက်နေသည့်  ကြားကပင် ၁၉၂၀ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်
မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့သည်။တဖန် ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို အိန္ဒိယဘုရင်ခံ  ချမ်းစဖို့ဒ်က အတည်ပြုရန်  ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

မြန်မာနိုင်ငံရဲ့ ပညာရေး အခြေအနေကို ရည်ရွယ်ချက် ရှိရှိ ထိန်းချုပ်ဖို့ရာ ကျိုးစားခဲ့တဲ့ အဆိုပါ အက်ဥပဒေကို
ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းကြီးက ဦးဆောင်ပြီး နယ်ချဲ့ဗြိတိသျှ အစိုရကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်ရန် ကြိုးစားခဲ့သည်

     သြဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓကလျာဏယုဝ အသင်းကြီးက  ကြီးမှူး၍ ဂျူဗလီဟောတွင်
ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ကျင်းပကာ-
   
၁ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေက်ို အများပြည်သူများ မကြိုက်ကြသောကြောင့်  ၁၉၂၀ သြဂုတ်လတွင်  ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်
      
၂ - နောင်အခါ ပညာတတ်များနည်းပါးစေရန်  ရည်စူးပြီး  ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှမင်းကြီး  မတ်ဟန်းတားအား  မြန်မာနိုင်ငံမှာ  ပြောင်းရွေ့ပေးရန် တောင်းဆို ခဲ့ကြသည်
             
၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ ၅ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ  ဦးဆောင်သော  ပထမကျောင်းသားသပိတ်သည်  စတင်ခဲ့ရာ  မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့  တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေတော့သည်

ဝံသာနုအသင်းကြီး (GCBA)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

၁၉၂၀ပြည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဝံသာနုအသင်းကြီး (GCBA) ဖွဲ့စည်းကာ
အောက်ပါဆုံးဖြတ်ချက်များကို  ချမှတ်ခဲ့သည်

၁ - မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်

၂ - ရန်ကုန်မြို့၌ အမျိုးသား တက္ကသိုလ် ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်

၃ - အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း  အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်

၄ - အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင်ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်
                
အထက်ပါဆုံးဖြတ်ချက်များကို ဦးမောင်ကြီး(M.A)ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်

ဤသို့ဖြင့် ၁၉၂၁ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ  ဖွင့်လှစ်နိုင်ခဲ့ပါသည်

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

အမျိုးသားနေ့ကို သတ်မှတ်ရန် အတွက် .....

သီပေါမင်း ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့

ဦးဥတ္တမထောင်ကျခဲ့သော ၁၂၈၃ ခု နယုန်လကွယ်နေ့ 
တို့ကို အဆိုပြုကြရာ သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာမရှိ၍ နယ်ချဲ့ဗြိတိသျှအား ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော

*** တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့ ***

ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူလကိခံခဲ့ကြသည်

*** ထို့ကြောင့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို   အမျိုးသားနေ့ဟု ခေါ်ပါသည် ***

☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺

ကိုး -- Facebook - Google

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
koloneypoe.blogspot.com


Wednesday, November 6, 2019

ကြာနီကန်ဆရာတော် ဦးဇဋိလ၏ ထေရုပ္ပတ္တိအကျဥ်း

.,................................................
ငယ်ဘဝ
.......
ဆရာတော်သည် ကြာနီကန်ရွာမှ ဇာတိချက်မြှပ်ရွာသားတစ်ယောက်မဟုတ်ပေ
မိဖများ ရေကြည်ရာမြက်နု လှည့်လည်နေထိုင်ရင်းမှ အခြေချမိချင်းဖြစ်သည်
စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန် ဒေါ်ဒွန်း တို့မှ
သာသနာတော်နှစ် ၂၄၇၆
မြန်မာသက္ကရာဇ် ၁၂၉၄ တော်သလင်းလဆန်း ၁၄ ရက်
ခရစ်နှစ် ၁၉၃၂ စက်တင်ဘာလ ၁၃ ရက် ၈ နာရီတိတိအချိန်တွင်​ မွေးဖွားသန့်စင်သည်
အင်္ဂါသားဖြစ်ပါသည်
ငယ်အမည်မှာ မောင်စိုးတင်ဖြစ်သည်
မွေးချင်းငါးဦးရှိပြီး စတုတ္ထမြောက် သားရတနာဖြစ်သည်
မွေးချင်းများမှာ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင် တို့ဖြစ်သည်
အသက်ခြောက်နှစ်ခန့်အရွယ်မှာပင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနှင့်  မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ကြာနီကန်ရွာ၏ အရှေ့ဖက်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်
နိုင်ငံရေးမငြိမ်သက်မှုကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့ကြရပြန်သည်
ရှင်ဘဝသို့
..........
အသက် ၁၂နှစ် အရွယ်တွင် ညီဖြစ်သူနဲ့အတူ ရှင်သာမဏေပြုပြီး
ဘွဲ့တော်များမှာ  ရှင်ဇဋိလ နှင့် ရှင်ဝိမလ တို့ဖြစ်သည်
ငယ်ဆရာမှာ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏ ဖြစ်သည်
မန္တလေးမြို့သို့ ပညာသင်သွားရန် စီစဥ်စဲကာလမှာပင် ဖခင်ကြီးကွယ်လွန်လေသည်
ထို့ကြောင့် မိခင်ကြီးမှ ရှင်သာမဏေပြုနေသော သားတော်နှစ်ပါးမှ တစ်ပါးပါးတစ်ပြီး ဖခင်ကြီး၏ အိမ်ထောင်မှုတာဝန်ကို ထမ်းစေလိုရာ သားကြီးဖြစ်သော ရှင်ဇဋိလက  သာသနာမှာပိုမို မွေ့လျော်သည့်အတွက် သားငယ် ရှင်ဝိမလ လူထွက်သည်
သာသနာတော်နှစ် ၂၄၉၆
မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့
၁၉၅၃ ဇန်နဝါရီလ ၂၉ ရက် ကြာသပတေးနေ့တွင်
ဆရာတော် ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ရှင်ရဟန်းဘဝ ခံယူတော်မူသည်
ရဟန်းဒကာမှာ မိခင်ကြီးဖြစ်သည်
များမကြာမီ မန္တလေးမြို့ ခင်မကန်တိုက်မှ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံတွင် ပညာစည်းပူးရန် ထွက်ခွာခဲ့သည်
သင်ယူမှုတွင် ဆရာထံမှတိုက်ရိုက်သင်ယူခြင်းသာမက နားထောင်ခြင်းဖြင့်လည်းသင်ယူသည် ထိုခေတ်ထိုအခါက တရားဟောပြောသူ အများစုဟာ ဆရာတော်​၏ ကြားဆရာများသာဖြစ်သည်
တရားဟောပြီ
.............
အဟောအပြောဝါသနာထုံလှသော ဆရာတော်မှာ ရှင်ငယ်ဖြစ်သည့်အတွက် ပရိတ်သတ်နဲ့​ ဘီလူးတွေ့ ဒူးတွေ့ မဟောရတော့ ရှင်ဘဝမှာ အဓိပ္ပာယ်မဲ့သလိုဖြစ်လာသည် ရည်ရွယ်ချက်ပြောက်ပြီး လူထွက်ချင်စိတ်ဖြစ်ပေါ်လာသည်
ဒီအကြောင်းကို ဦးရီးတော်ရိပ်မိ၍ အရှင်ဇဋိလအား ရှေ့မှောက်သို့ခေါ်​ပြီး
ဒီနေ့ ညနေ လေးနာရီ၊ လမ်းလယ်ဘုရားမှာ သီလပေး ပင့်ထားတယ်၊ အဲဒါ မင်းလိုက်သွားပြီး တရားလေး ဘာလေး တတ်သလောက် မှတ်သလောက် ဟောခဲ့ပေါ့ကွာ" ဟု ဆိုကာ ချော့မော့ စေလွှတ်လိုက်လေသည်
ဤသို့ ဓမ္မကထိကဖြစ်ရန် ကြိုးစားနေသလို တစ်ဖက်မှာလည်း "မောင်ညွန့်ဝေ" ကလောင်အမည်နှင့် သီချင်းများကို ကိုယ်တိုင် ရေးစပ်သည်။ ဆရာတော် ကိုယ်တိုင်ရေးသည့် "ကြာနီကန် ဖိတ်ခေါ်သံ"သီချင်းမှာ လွန်စွာနာမည်ကြီးသည်။
နုစဥ်အခါ တရားဟောပြောဖို့အသွား  ရွာလူကြီးမှ ရွာအဝင်မခံပဲ တားမြစ်ခံရတာမျိုးလည်းရှိသည် နောက်များမှ ငယ်ဆရာဦးဝဏ္ဏ၏ လက်ရင်းတပည့်မှန်းသိသဖြင့် ရွာလူကြီးမှု ကိုယ်တိုင်လာရောက်ပင့်ဆောင်သည်
ထို့နောက် မြင်းခြံမြို့ ဆယ့်နှစ်မုဒ်စေတီ ဘုရားပွဲမှ အစပြု၍ နိုင်ငံကျော် ဓမ္မကထိကတစ်ဦးအဖြစ်သို့ ရောက်ရှိလာလေသည်
သပြေတေးသံသွင်းမှ  ကက်ဆက်အသံသွင်း၍ ဖြန့်ချီခဲ့သည်
နောက်ပိုင်းတွင် ဆရားတော်၏ တရားတော်များကို စူပါဟိုက် ၊ စေတမန်၊ အကိုင်း၊ ကရဝိတ်၊ ပုဂံ၊ တေးပုလဲ စသည့် တေးသံသွင်းများကပါ လိုက်ပါကူးယူဖြန့်ချီသည့်အတွက် နိုင်ငံတစ်ဝှမ်းပိုမို ပျံ့နှံ့ခဲ့သည်
​လမ်းခွဲ
.....
အောင်မြင်ဆဲအခိုက်မှာပဲ ဝမ်းနည်းစရာ ကြုံတွေ့လာရသည် အကြောင်းမှာ ငယ်ဆရာ ဦးဝဏ္ဏ ပျံလွန်တော်မှုခြင်းဖြစ်သည်
ဖြေသာသည်က သူနိုင်ငံကျော် ဓမ္မကထိကတစ်ပါး ဖြစ်သည်ကို သူ၏မွေးဖခင် မတွေ့မြင်လိုက်ရပေမယ့် ငယ်ဆရာလည်းဟုတ် ​ကျွေးမွေးသွန်သင်ဆုံးမတတ်သည့် ဆရာမြင်တွေ့သွားပြီးမှ ပျံလွန်တော်မူခြင်းဖြစ်သည်
​ဆရာ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုပူဇော်ပြီး အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားသည်
ထို့နောက် ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်
အောင်မြင်လာသည့်အလျောက် အားပေးထောက်ခံသူများလည်းရှိသလို အတိုက်အခိုက် အတွန်းအတိုက် အပုတ်ချမှုများလည်း များစွာကြုံတွေ့ခဲ့ရသည်
ဤသို့ ဆရာတော်သည် လောကဓံကို ကြံ့ကြံ့ခံရင်း.......
ဘဝနတ်ထံပျံလွန်တော်မူခြင်း
..........................
သာသနာတော်နှစ် ၂၅၂၂
မြန်မာသက္ကရာဇ် ၁၃၄၀
သက်တော် ၄၆ နှစ်
ဝါတော် ၂၆ ဝါ အရတွင်
တန်ခူးလပြည့်ကျော်သုံးရက်နေ့ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းတွင် သုံးညဆက် ဟောကြားခဲ့သည့်အနက် နောက်ဆုံးညတွင်  အဿကမင်းနှင့်ဥပရိဒေဝီတို့၏ ချစ်တော့ချစ်တယ် ဒါပေမယ့် တရားတော်ကို ဟောကြားအပြီး ရန်ကုန်သို့ ပြန်ကြွ ထိုမှတဖန်
ကဆုန်လဆန်း ၆ ရက် ၁၁.၅.၁၉၇၈ ခုနှစ် သောကြာနေ့တွင် ချောက်မြို့မှ ဆွမ်းဘုဉ်းပေးပြီး ချောက်မြို့မှ ဆင်ဖြူကျွန်းသို့ တပည့်ငါးဦးနှင့်အတူ ဂျစ်ကားဖြင့်ကြွလာသည်
ဒရိုင်ဘာ မောင်သိန်းဇော်သည်  တစ်နာရီ ၃၀မှ ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်လာခဲ့သည် ထနောင်းကွေ့သို့ ရောက်သောအခါ ကွေ့မည်အပြုတွင် ရော့တံပြုတ်ပြီး ယာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ဆွဲဆင်းသွားသည်  ထိုသို့ ဆင်းသွားသော်လည်း မြေပြင်မှာ ညီညာနေ၍ ရှေ့မှ ချုံနွယ်များဖြင့် တိုက်မိပြီး ရပ်တန့် သွားရန်သာရှိသည်။ သို့သော် အရှိန်နှင့် ပြေးလာသော ဂျစ်ကားသည် ရေမြောင်းကို ခေါင်းစိုက်ပြီး ကျွမ်းပြန်လျက် တိမ်းမှောက်သွားသည်။
ကားမှောက်ပြီး ၁၀ မိနစ်ခန့်တွင် ခရီးသည်တင် ကားတစ်စီးရောက်လာပြီး ကားပေါ်တွင် ပါလာသော မကွေးတပ်မတော် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး ချစ်လှိုင်က ဦးဆောင်၍ ဆရာတော်နှင့် ဒဏ်ရာရသူများကို ချောက်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။ သို့သော် ဆရာတော်သည် ဦးခေါင်းထိခိုက်မိ၍ နှာခေါင်း သွေးထွက်ပြီး ဦးနှောက်အတွင်း သွေးထွက်သည့်ဒဏ်။ နံရိုးငါးချောင်း ကျိုးသည့်ဒဏ်။ တံတောင်ဆစ် အရိုးကျိုးသည့်ဒဏ်။ ယာဘက်ပေါင် ကျိုးသည့်ဒဏ်တို့ကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် လမ်းမှာပင် ပျံလွန်တော်မူခဲ့လေတော့သည်။
သရက်မြို့နယ်သတင်းထောက် ကိုမောင်မောင်ဇော်သည် ချောက်မြို့သို့ သွား၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသော ချောက်မြို့ မျိုးမြန်မာဓာတ်ပုံတိုက်မှ ဦးသက်၊ ဆရာတော်အား ခွဲစိတ်စစ်ဆေးရသော ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ။ ဆရာတော်အမှုကို စစ်ဆေးရသော ချောက်မြို့ အမှတ် (၁)ရဲစခန်းမှ စခန်းမှူးကြီး ဦးကျင်စမ်းတို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။ စခန်းမှူး ဦးကျင်စမ်းက သူ၏ စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံ(၁၂) ပုံဖြင့် ဤသို့ရှင်းပြပေးသည်။
ဆရာတော်၏ ဈာပနသတင်းသည် ကြေးမှုံသတင်းစာတွင်ဖော်ပြခဲ့သည်
ဝါဆိုလဆန်း ၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် သုံးရက်တိုင်တိုင် အခမ်းအနားကျင်းပ၍ လူတစ်သောင်းကျော်တို့ လိုက်ပါပို့ဆောင်ကာ ငယ်ဆရာဦးဝဏ္ဏ သင်္ဂြုဟ်ရာ ကျောက်ကလာပ်မှာပင် မီးသင်္ဂြုဟ်ခဲ့လေသည်။ အရိုးအိုးကိုကား ရွှေလောင်းတောင်ပေါ်တွင် တင်ထားလေသည်။
..........
ဆရာတော်၏ တရားတော်များမှ ဘဝပုံရိပ်များ
ငယ်ငယ်က ကျုပ်တို့ညီအစ်ကိုနှစ်ယောက်နဲ့ အဖေ ထင်းခွေသွားရင် ညီလေးက ထင်းတွေလိုက်ကောက်ပါရဲ့ ကျုပ်ကတော့ အရိပ်ရှာ ကျောက်တုံးခေါင်းခုပြီး အိပ်တာပဲ ဒီကတည်းက အဖေကပြောတယ် ငါ့သားကြီးရင် ဘုန်းကြီးဝတ်မှာပါကွာတဲ့
ကျုပ်ဆရာက မင်း မန္တလေးမှာနေရင် စ,ဒ,ဘ,ဝ   ဆိုတဲ့ အင်းနဲ့ အညီနေရမယ်တဲ့
စ - စောစောထ
ဒ - ဒုန်းပြေး
ဘ - ဘုံလောင်းတိုးပြီး
ဝ - ဝဝစားနိုင်ရမယ်
တစ်ခါသား ဆွမ်းခံပြန်အလာ ကျောင်းသူကောင်မလေးထင်ပါရဲ့ စက်ဘီးနဲ့ နောက်ကဝင်တိုက်တယ် ကျုပ်ကဒီအကြောင်း ကဗျာထည့်ရေးတော့ အရှင်ဘုရား တပည့်တော်စောင်းရေးတာမဟုတ်လားတဲ့ တည့်တည့်ရေးတာကို
စာသင်သားဆိုတာလည်း တယ်မလွယ်လှဘူး ကျုပ်က ဗမာမမြင်လို့ ဆွမ်းဝင်ရပ်တာပါ သူ့ယောကျ်ားတရုတ်ကဆဲတော့ နောင်ဂျိမ်းဝင်ချမှ ဒီဗမာမထွက်လာတယ် မယားထိဓားကြည့်တဲ့ လင်ထိတော့လည်း တစ်ခုခုကြည့်စရာရှိဟန်တူတယ် ဒီလိုနဲ့ အထိုင်အိမ်ရဖူးပါတယ်
ကျုပ်လည်း မကောင်းတဲ့ဘက် ဉာဏ်အတော်သွက်ခဲ့တာကိုး ငါ့ညီများ မင်းတို့ဓာတ်ပြားသီချင်းကြိုက်တာအပြော့ရယ် ငါတို့များ ပါးစပ်ထဲတင် အပုဒ်၄၀၀လောက် အလွတ်ရတယ်
ကျုပ်ကမောင်ညွန့်ဝေဆိုတဲ့ နာမည်နဲ့ ကြာနီကန်ဖိတ်ခေါ်သံအပါအဝင် သီချင်းတော်တော်များများရေးဘူးတယ် ရေအကျိုးတို့ ဆွမ်းအကျိုးတို့ရောပေါ့
ကျုပ်လည်းစိတ်ကစားခဲ့ဖူးပါရဲ့ ကောင်မလေးကအတော်လှကိုး
သူ့နာမည်က မခင်သန်းတဲ့ဗျာ ကျုပ်က သူ့မောင်လေးစာပေးခိုင်းတာကိုး ဒီတော့သူက ​စာပြန်လာတယ် ချိန်းစာပါ ချိန်းမယ်ချိန်းတော့ ဘုန်းကြီးရှေ့ချိန်းတယ် ဒီကိစ္စမျိုးဆိုတာ လူကွယ်ရာချိန်းရတာမျိုးမဟုတ်လား
ကျုပ်ကဘယ်သူဟောဟောနာတယ် မန္တလေးက မထွန်းရှင်တောင်သွားနာလိုက်သေး ကြိုက်ပဗျာ တရားပြောတာ
ကျုပ်တရားပွဲတိုင်း ရှေ့ပိုင်းဝိပဿနာဟောပါတယ်ဗျာ ကက်ဆက်ဖမ်းတဲ့သူတွေက ဝိပဿနာများဟောရင် တုတ်တုတ်တောင်မလှုပ်ဘူး နောက်ပိုင်းဇာတ်တော်ကြီး စကြတော့ဆိုတာနဲ့ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိဘူး အလျှိုလျှိုနဲ့
​ကျုပ်အသက်လေးဆယ့်ငါးကကျော် လေးဆယ့်ခြောက်ရောက်တော့ အင်း.. ငါတရားစို ဟောခဲ့တာကြာပြီ တရားခြောက်ပြန်ဟောအုံးမှပါပဲလို့ အာသီသဖြစ်မိတယ်
စသည်ဖြင့် ဆရာတော်ဟာ သူ့ရဲ့​တရားပွဲတွေမှာ ပရိတ်သတ်များ သောတမငြီးစေဖို့ သူ့ဘဝဖြစ်စဥ် တစ်စိတ်တဒေသကို ရံခါတိုင်းမှာ ခပ်သောသောလေး​ ပြောပြတတ်တယ်
.....
ကိုး ဆရာ ဦးကျော်ညွန့် မြန်မာ့အလင်းအယ်ဒီတာ ရေးသား​ပြုစုသော
နိုင်ငံကျော်ဓမ္မကထိက ကြာနီကန်ဆရာတော် ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ စာအုပ်မှ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း






သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...