သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, October 27, 2019

လမ်းလျှောက်

။။၊၊၊၊၊၊။။။။
အမှန်တော့ လမ်းလျှောက်ရမှာထက် မနက်စောစောထရမှာ အတော်ပျင်းတဲ့အတွက် မိတ်‌ဆွေသူငယ်ချင်း‌တွေက လမ်းလျှောက်ဖို့ခေါ်တိုင်း အ‌ကြောင်းပေါင်းစုံပြပြီး ငြင်းနေခဲ့တာကြာပါပြီ

အလုပ်တစ်ခု စတင်ဖို့အတော်ခက်ပြီး အစဉ်ပြုဖြစ်နေဖို့ စွဲစွဲမြဲမြဲလုပ်ဖြစ်ဖို့က ပိုခက်ပါတယ်
ခုရက်ပိုင်းက တစ်ရက်ထက်တစ်ရက် အအေးဓာတ်က ပိုပိုလာတော့ တစ်ရက်ထက်တစ်ရက် အိပ်ရာထရမှာ ပိုပိုပျင်းလာတယ် ဆောင်ကလေးခြုံ နွေးနွေးထွေးထွေးကွေးပြီး အတွေးနယ်ချဲ့ရတာကိုမှ အရသာတွေ့ ခုံမင်မိတာကိုး

အဲဒီတော့မှ ရွှေတိုင်ညွန့်ရဲ့ သီချင်းလေးသတိရအားတင်းပြီးမဖြစ်မနေ ထလိုက်တယ် သီချင်းလေးနာမည်က အကျင့်ဆိုးတဲ့

တကယ်လမ်းလျှောက်ဖြစ်လာတော့လည်း အိပ်စုံမှုံဝါး ခြေလှမ်းတွေက လေးလေးကန်ကန်

မြို့ပြရဲ့ ပလက်ဖောင်းဆိုတာ သိကြတဲ့အတိုင်း ခင်းတဲ့နေရာခင်း ပြတ်တဲ့နေရာပြတ် ဒီကြားထဲ ကျင်းတွေချိုင့်တွေစုံလို့နဲ့မဟုတ်လား နေ့ခင်းကြောင်တောင်လမ်းလျှောက်တာတောင်မှ အတော်သတိထားရတာမျိုး

အိပ်စုံမှုံဝါးဖြစ်နေတဲ့ကျွန်တော်အတွက်စဥ်းစားသာ ကြည့်ပေတော့

လျှောက်နေရင်းက  မှန်မှန်ကလေး ခြေထောက်ကို ကြွလိုက် မြှောက်လိုက် ချလိုက်နဲ့ တစ်လှည့်စီသွားနေရာက ကြွရင်း မြှောက်ရင်းမှာ ချဖို့အတွက် မြေပြင်နဲ့ ထိသင့်ချိန်မှာမထိသေး နောက်တစ်လက်မလောက်နိမ့်သွားသည်အထိ ခြေနဲ့မြေက ဝေးနေသေးတယ် သိလိုက်ပြီ မြောင်းထဲခြေလှမ်းကျွံပြီပေါ့

ကြောက်လန့်တကြား မျက်စိဖွင့်ကြည့်ရင်း နှစ်ပေခွဲလောက် နိမ့်အသွားမှာ မြေပြင်ထိမိတဲ့အတွက်  ရင်မမိတော့တယ် တော်သေးရဲ့ ဆိုင်တစ်ခုရဲ့ မျက်နှာစာဖြစ်တဲ့အတွက် လမ်းခင်းတဲ့ ပညာရှင်က အဆင်းအတက် မခက်စေဖို့ ကွက်လပ်ချန်ခင်းပေးထားတာကို

ဒိအမြင့်ဟာ ကျန်းမာတဲ့ လူငယ်တွေအတွက် ဘာမှမဟုတ်ပေမဲ့ လူကြီးတွေအတွက် ဒီလိုအတက်အဆင်းမျိုး လေးငါးဆယ်ခုဆိုရင် အတော်မောဟိုက်သွားနိုင်တယ် သို့တည်းမဟုတ် အမှတ်တမဲ့ဆင်းရင်းက ခြေခေါက်သွားတာမျိုးဆိုရင်လည်း မလွယ်ကြောပဲ

ဘဝလမ်းမှာလည်း သတိတော့ထားကြဗျ အလိုက်သင့်လှမ်းလျှောက်နေရင်းက ရုတ်တရက်ဆိုသလို အပြောင်းအလဲတွေ ကြုံကောင်းကြုံနိုင်တာကိုး.....

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Wednesday, October 2, 2019

ဆယ့်နှစ်လရာသီပန်းဘွဲ့

..................

ပန်းကံ့ကော် ရွှေစကား
ငွေသားနု စံပယ်မှန်

မြတ်လေး ခတ္တာနှင့်
ရွှေရင်းမာ ကြာ ခဝဲ
ဖွဲစနှင်းလျှံ

သဇင်ကျံ ခွါညိုနှင့် ပေါက်လဲ

ပွင့်ဝတ်မှုန် ရွှေဖီမင်းရယ်
သင်းထုံနံ့ ကဲ

.........................

ကင်းဝန်မင်းကြီးဦးကောင်း

ဒီကဗျာလေးနဲ့ တန်ခူးကဆုန်ကို အစဥ်လိုက်တွဲဖက်သွာရုံပါပဲ

ကျွန်တော်က တန်ခူးကို သင်္ကြန်နဲ့တွမြင်တော့ တန်ခူးလရဲ့ အမှတ်တံဆိပ်ပန်းကို ပိတောက်လို့ပဲမှတ်ယူမိတာဗျ

ဒီကဗျာလေးမြင်မှပဲ သိတော့တယ် အရင်က ကျောင်းသုံးပုံနှိုပ်စာတွေမှာ ဒီကဗျာလေး ထည့်သွင်းသင်ပြဖူးတယ်လို့ဆိုတယ်

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း


ကန်တော့ချိုးရှင်းခန်း ဝိပတ္တိတရားလေးပါး

........................................

ဝိပ္ပတ္တိတရားလေးပါး ဆိုတာကတော့

ဂတိ ဝိပတ္တိ ကောင်းမွန်သောဘဝမှာ မဖြစ်ခြင်း
ဥပတိ ဝိပတ္တိ  ရုပ်အဆင်း ချို့တဲ့ခြင်း
ကာလ ဝိပတ္တိ ခေတ်ကာလမကောင်းခြင်း
ပယောပ ဝိပတ္တိ ဉာဏ်ပညာ ဝီရိယ နိမ့်ကျခြင်း တဲ့

ကောင်းမွန်သောဘဝမှာ မဖြစ်ခြင်းဆိုတာကတော့ ငရဲ တိရိစ္ဆာန် ပြိတ္တာကစလို့ လူ့ဘဝရခဲ့သည့်တိုင်အောင် နိမ့်ကျသောမျိုးရိုး ကိုယ်ကျင့်တရား ချို့တဲ့တဲ့ မိဘရဲ့ဝမ်းမှာ သန္ဓေတည်ရတာမျိုးပါ

ရုပ်အဆင်းချို့တဲ့ခြင်းဆိုတာကတော့ ရှင်းပြဖို့တောင်လိုမယ်မထင်ပါဘူး အချို့ တိရိစ္ဆာန်ခြင်းအတူတူ အလှမွေးခွေးလေးတွေနဲ့ လမ်းဘေးက ခွေးဝဲစားရဲဘဝဟာ ရုပ်အဆင်းလေးတစ်ခုနဲ့ ခြားနားချင်တိုင်း ခြားနားနေပါတယ်

ခေတ်ကာလမကောင်းခြင်း ဆိုတာကတော့ ကိုယ်ရှင်သန်ကြီးပြင်းရာနေရာဟာ စစ်ပွဲတွေနဲ့ သတ်ဖြတ်နေတာမျိုး တစ်မင်းတအာဏာနဲ့  ကျီးလန့်စာစားနေနေရတာမျိုး ရောဂါဘယထူပြောတဲ့ အချိန်မှာဖြစ်နေတာမျိုး မင်းအစိုရရဲ့ စီမံခန့်ခွဲမှုညံ့ဖြင်းတာကြောင့် ငတ်မွတ်ခေါင်းပါးတဲ့ အချိန်မျိုးမှာဖြစ်နေတာမျိုးကို ဆိုလိုပါတယ် တနည်းအားဖြင့် မင်းဆိုးမင်းညစ်အောက်မှာ နေရတာမျိုးပေါ့

မိဖသော်၄င်း ရုပ်အဆင်းအင်္ဂါသော်၄င်း ခေတ်ကာလသော်၄င်း အဲ့ဒီသုံးပါးကတော့ ကံအားလျော်စွာ ဖြစ်ရတာမျိုးဆိုတော့ ကိုယ့်မှာရွေးချယ်ပိုင်ခွင့်မရှိပါဘူး
နောက်ဆုံးတစ်ခုဖြစ်တဲ့ ဉာဏ်ပညာဝီရိယ မနိမ့်ကျဘူးဆိုရင် ရူးနှမ်းနေတာမျိုးမဟုတ်ရင် ရုန်းထွက်လို့ရပါတယ်

နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဖြစ်စေအုံးတော့ ရုပ်အဆင်းမလှပစေအုံးတော့ ဉာဏ်ပညာဝီရိယနဲ့ ထိုးထွက်လို့ရနိုင်တာပဲ 

ခေတ်ကာလ ဘယ်လောက်ပင်မကောင်းစေအုံးတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို ကိုယ်နဲ့သဟာဇာတဖြစ်ရာကို ရေကြည်ရာမျက်နု လှည့်လည်နေထိုင်နိုင်တာပဲမဟုတ်လား

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း


ရွေးကောက်ပွဲ

.............

​​ရှေးယခင်များက ကျုပ်တို့တောရွာတွေမှာဖြင့် ရပ်ရွာသူကြီးဖြစ်ဖို့ရာအတွက် ရွေးကောက်ပွဲရယ်လို့ မရှိပါဘူးဗျာ

သူကြီးနေရာ လစ်လပ်နေမှဖြင့် ရွာဦးကျောင်းဆရာတော်က ရပ်ရွာထဲက လူကြီးတွေခေါ်ပြီး ဘယ်သူ့ကို သူကြီးမြှောက်သင့်သလဲ မေးရဲ့မြန်းရဲ့

ဒီအခါမှာ ဘယ်သူကဖြင့် အသိဉာဏ်ပညာရှိ၏မရှိ၏ အကျင့်အနေအထိုင် ကောင်း၏မကောင်း၏ အသောက်အစား ကင်း၏မကင်း၏ လျှောက်ထားပြီး ဘယ်သူဆိုပြီးရွေးကြတာကိုး

ဒီနေရာမှာလည်း အဲ့ဒီလူကြီးတွေက အဂတိလိုက်ပြီး နီးစပ်ရာလက်သိပ်ထိုးလို့ ရတာမျိုးမဟုတ်ဘူးရယ်

အဲဲဒီသူကြီး ပြူမူလုပ်ဆောင်သမျှ ထောက်ခံခဲ့တဲ့ လူကြီးတွေကအားလုံးတာဝန်ယူရတာမျိုး တစ်ခုခု အကြောင်းကိစ္စဖြစ်လာပါပြီတဲ့ ဆရာတော်က အဲ့ဒီထောက်ခံခဲ့တဲ့ လူကြီးတွေကို အရင်တာဝန်ယူ ဖြေရှင်းခိုင်းတာဆိုတော့ သူတို့လည်း အတော်စဥ်းစဥ်းစားစား ချင့်ချင့်ချိန်ချိန်ရွေးရတာမျိုး

ခုတော့ ခေတ်စနစ်တွေက ပြောင်းလဲလာပြီမဟုတ်လား  ဘယ်နေရာလေး ဘယ်ရာထူးလေးဆိုတာနဲ့ အများဆန္ဒဆိုတဲ့ ရွေးကောက်ပွဲလေး ကျင်းပလိုက်ရမှမဟုတ်လား

ဒီတော့ အသ်အသိဉာဏ်ပညာရှိသူ အကျင့်အနေအထိုင်ကောင်းသူ အသောက်အစားကင်းသူတွေထက် အပေါင်းအသင်းဝင်ဆံ့သူ ဥစ္စာဓနပြည့်စုံသူတို့က တစ်ပန်းသာလာတယ်

မဲပေးရွေးချယ်သူတို့ဖက်လည်း ပြန်ကြည့်အုံး သူတို့မဲပေးသူရဲ့ အကောင်းအကျိုးအဆိုးအပြစ်ကို သူတို့တာဝန်မယူရတော့ ကိုယ်နဲ့ အလွမ်းသင့်ရာ ခင်မင်ရင်းနီးရာ လက်ဆောင်ပဏ္ဏာလေးရရှိရာ ထည့်ကြတာမျိုးရှိလာနိုင်တယ်မဟုတ်လား

​​ရှေးထုံးတွေမှာလည်း ကောင်းတာတွေအများအပြား ခေတ်ကာလအရ မစီလျော်လို့ ပြုပြင်သင့်တာတွေရှိပေမယ့် အားလုံးမုချပြောင်းလည်းရမှ ဖြစ်မယ်လို့တော့ မထင်ပါဘူး

,............................

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...