သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, March 30, 2016

မြန်မာ့နှစ်ကူနဲ့ အတာသင်္ကြန် ရက်သတ်မှတ်မှု

°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°

    မြန်မာသက္ကရာဇ် သတ်မှတ်မှုနဲ့ ခရစ်နှစ်သတ်မှတ်မှုဟာ နေကိုအခြေပြု နေကို ကမ္ဘာက တစ်ပတ်ပတ်မိတဲ့အချိန်ကို ယူပါတယ် နေစနစ်ပေါ့ (sun systam )
နေကို ပတ်မိဖို့အတွက် ၃၆၅ ရက် နဲ့ ၆ နာရီ ကြာပါတယ် ။ ၃၆၅ ရက်ကို တစ်နှစ်လို့သတ်မှတ်တဲ့အတွက် ပိုနေတဲ့ ၆ နာရီကို ပေါင်းလိုက်တော့ လေးနှစ်အပြည့်မှာ ၁ ရက်စာ ပိုထွက်လာပါတယ် ။ အဲ့ဒီလိုနှစ်မှာ ဖေဖော်ဝါရီလရဲ့ ရက်ကို တစ်ရက်တိုးပြီး ဖေဖော်ဝါရီ ၂၉ ရက်ဆိုပြီးဖြစ်လာတာပါ ။
ဖေဖော်ဝါရီလမှာ ရက်တိုးမယ့်နှစ်ကို ကိုယ့်ဖာသာ တွက်ယူနိုင်ပါတယ် ခရစ်နှစ်ကို တည်ပြီး ၄ နဲ့စားလိုက်တာနဲ့ အကြွင်း သုံညနှစ်တွေဟာ ရက်တိုးမယ့်နှစ်တွေပါ လေးနှစ်ပြည့်ပြီးတိုင်း တစ်ရက်တိုးတယ်လို့လည်း မှတ်ယူနိုင်ပါတယ် ။

     မြန်မာသက္ကရာဇ် သတ်မှတ်မှုဟာ စောစောက နေစနစ် (sun system) ကို အခြေပြု သတ်မှတ်ထားကြောင်းရှင်ပြပြီးပါပြီ ။ မြန်မာ လ ကတော့ လအခြေပြုစနစ် (moon system) ကို အသုံးပြု သတ်မှတ်ထားတဲ့အတွက် လဟာ ကမ္ဘာကို ပတ်မိဖို့ သာမန်အားဖြင့် ရက် ၃၀ ကြာတယ်လို့ ထင်ရပေမယ့် မဟုတ်ပါဘူး ။ တန်ခူးဟာရက်မစုံ ၂၉ ကဆုန်ဟာ ရက်စုံ ၃၀ နယုန်ဟာ ရက်မစုံ ၂၉ ဒီလို ရက်စုံ ရက်မစုံ တလှည့်စီကြာပါတယ် ဒါကြောင့် သာမန်အားဖြင့် မြန်မာလတွေဟာ ရက်စုံ ၃၀ ရက် ၆ လရှိပြီး ရက်မဆုံ ၂၉ ရက်က ၆ လရှိပါတယ် အဲ့ဒီ ရက်စုံ ၆ လနဲ့ ရက်မစုံ ၆ လကို ပေါင်းလိုက်တော့ ၃၀×၆=၁၈၀
                                          ၂၉×၆=၁၇၄
  ၁၈၀+၁၇၄ = ၃၅၄ ရက်ပဲရပါတယ်
မြန်မာသက္ကရာဇ် ရဲ့ ၃၆၅ ရက် ၆ နာရီ တစ်နှစ်တာစံနှုမ်းကို မှီဖို့ ၁၁ ရက်ကျော်လိုသေးတာပေါ့ ဒီတော့ အဲ့ဒီရက်တွကို စုပေါင်းပြီး ဝါထပ်ပေးရတာပါ ။
ဒါကြောင့် မြန်မာလတွေဟာ တစ်ချို့သောနှစ်တွေမှာ ၁၂ လဖြစ်ပြီး တစ်ချို့သောနှစ်တွေမှာ ၁၃ လ အဖြစ်ကွဲပြားနေတာပါ
ဝါထပ်တယ်ဆိုရာမှာလည်း ဝါကြီးထပ် ဝါငယ်ထပ်ဆိုပြီးရှိပါတယ် ။ ဝါကြီးထပ်တယ်ဆိုတာကတော့ ကဆုန် ရက်စုံ နယုန် ရက်မစုံမှ ရက်စုံ ပထမဝါဆို ရက်စုံ ဒုတိယဝါဆို ရက်စုံ ဒီလိုရက်စုံ လေးလ ထပ်တဲ့ နှစ်ကို ဝါကြီးထပ်လို့ခေါ်ပါတယ် ။ ဝါငယ်ထပ်ဆိုတာကတော့ နယုန်လ ကိုပုံမှန်အတိုင်း ရက်မစုံ အဖြစ်သတ်မှတ်ပြီး ကျန်သုံးလကိုပဲ ရက်စုံ အဖြစ်သတ်မှတ်တဲ့ နှစ်တွေကိုခေါ်တာပါ

    ဒီလိုဒီလိုကြောင်းကြောင်းတွေကြောင့် မြန်မာ့နှစ်ကူ အတာသင်္ကြန်အချိန်တွေဟာ ပုံမှန် ခရစ်နှစ်ရဲ့ ဧပြီ လထဲမှာ အမြဲကျရောက်ပြီး မြန်မာလတွေထဲမှာတော့ တစ်ခါတစ်ရံ တန်ခူးလမှာ မကျပဲ ကဆုန်လ မှာ ကျတာပါ

  ဆရာဉာဏ် (မြောက်ဒဂုံ) ရဲ့ ၂၄.၃.၂၀၁၆ ကြာသာကတေးနေ့ စံတော်ချိန် သတင်းစာပါ စောင်းပါးကို ကောက်နှုတ်ရေးသားထားခြင်းပါ
 
  အမှားယွင်းရှိပါက မူလရေးသားသူ ဆရာဉာဏ် (မြောက်ဒဂုံ) နဲ့ အားလုံးကိုတောင်းပန်ပါတယ်

သန်းထွန်းလေး
     အင်းတဲရွာ

ဗုဒ္ဓခေတ် ဒီမိုကရေစီ နိုင်ငံတော် ဝေသာလီ




***********************
  ဝေသာလီပြည်ဟာ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် အသိအမှတ်ပြုခဲ့တဲ့ အုပ်ချုပ်မှုစနစ် ကောင်းမွန်တဲ့ နိုင်ငံတော် တစ်ခုဖြစ်ပါတယ် ။ လွှတ်တော်သဘောမျိုးထားရှိပြီး ပြုဖွယ်ကိစ္စ တိုင်းသူပြည်သားရေးရာ လူမှုရေး စီးပွားရေး ကအစ ဘုရင်တစ်ဦးတည်းက စေတလုံးပုံစံ အုပ်ချုပ်တာမျိုးမဟုတ်ဘဲ လွှတ်တော်မှာ အများဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်ပါတယ် ။ ကြီးသူကိုလည်း ရိုသေကြသလို ရွယ်တူချင်းလည်းလေးစား ငယ်သူကိုလည်း ကျင်နာစွာနဲ့ ဖေးမလက်တွဲကြပါတယ် ။ အားလုံးဟာ အချိန်ကိုလေးစားကြပြီး တစ်ယောက်ကိုယ်တစ်ယောက် ဖေးမလက်တွဲမှုဟာလည်း နှစ်သက်စရာပါ ။
  တစ်နေ့တော့ ကောသမ္ဗီပြည့်ရှင် ဘုရင် အဇာတသတ်ဟာ အဲ့ဒီနိုင်ငံကို စစ်ပြုလိုပါသတဲ့ ။ အဲ့ဒီတော့ မဆီမဆိုင် မြတ်ဗုဒ္ဓ ရဲ့ ထံတော်ပါးမှာ ကိုယ့်ဖာသာပဲ ညဉ်းတွားသလိုလို ဘယ်လိုတိုက်ရမလဲ ဆွေးနွေးတိုင်ပင်သလိုလို ရေရွန်သတဲ့ဗျာ ။ ဒီတော့ မြတ်ဗုဒ္ဓဟာ စောစောက စကားကိုဆိုတာပေါ့ ဒီလိုအဖက်ဖက်က ပြည့်စုံနေတဲ့ လွှတ်တော်ရှိနေသမျှ ဒီနိုင်ငံကို လုံးဝ သိမ်းပိုက်နိုင်ပါမဟုတ်ဘူးပေါ့ ။
  ဒီတော့ ဘုရင်အဇာတသတ် က ဒါမျိုးတော့ ဉာဏ်သိပ်သွားတာပေါ့ ဒီလိုအချက်တွေပြည့်စုံတာကြောင့် ဝေသာလီပြည် ကို မသိမ်းပိုက်နိုင်ဘူးဆိုရင် အဲ့ဒီနိုင်ငံကို အဲ့ဒီအချက်တွေမရှိအောင်လုပ်မယ်ဆိုပြီး သူ့ရဲ့အမတ် ........ နဲ့ နှစ်ဦးတည်း တံခါးပိတ်ဆွေးနွေးကြသတဲ့
   တစ်နေ့တော့ ဝေသာလီပြည်ရဲ့ တံခါးအနီးမှာ ဒဏ်ရာ ဗလပွနဲ့ အဲ့ဒီအမတ်ကိုတွေတော့ တံခါးစောင့်တွေကမေးတယ် ဘယ်သူလည်းပေါ့ ကျွန်တော်က ကောသမ္ဗီရဲ့ တစ်ချိန်က မင်းတိုင်ပင် ပညာရှိအမတ်တစ်ဦးပါ ဝေသာလီပြည်ကို စစ်ပြုဖို့ကျွန်ုပ်ကို တိုင်ပင်ရာမှာ ကျွန်ုပ်က စစ်မပြုဖို့နဲ့ စစ်ပြုလျှင်လုံးဝနိုင်မှာမဟုတ်ဘူးဆိုတာ လျှောက်တင်မိလို့ ထောင်းသွင်းအကျဉ်းချ အားရအောင်နှိုပ်ဆက်ပြီး ပြည်နှင်ဒဏ်ပေးလို့ ထွက်လာရကြောင်းပါလို့ဆိုပါတယ် ။ ဒါနဲ့ ဝေသာလီပြည်ဟာ သူ့ကိုလက်ခံထားတာပေါ့ စစချင်းတော့ ဘယ်ယုံမလဲ သူတို့ခေတ်က သလျို ဒလန် တွေဟာ ဒီနည်းနဲ့ ဝင်တာများတော့ သံသယ နဲ့စောင့်ကြည့်နေတာပေါ့ ။ ဒါပေမယ့် ........ အမတ်ဟာ တိုင်းရေးပြည်ရာသာမ လူမူရေးအပိုင်းမှာပါ ဝင်ရောက်ကူညီ အကြံဉာဏ်ပေးရာကနေ တစ်စတစ်စ ယုံကြည်မှုကိုတည်ဆောက်ခဲ့ပြီး အတိုချုပ်အားဖြင့် ဝေသာလီပြည်ရဲ့ လွှတ်တော်မှာ အမတ်တစ်နေရာရခဲ့တာပေါ့ ။
     ဒီအချိန်မှာ .........ဟာ သူ့ရဲ့ အဇာတသတ် ဘုရင်နဲ့ နှစ်ကိုယ်ကြားတိုင်ပင်ထားတဲ့ ကိစ္စကို အကောင်အထည်ဖော်တော့တာပဲဗျ ။ လွှတ်တော်ကို တမင်နောက်ကျမှ ဝင်တယ် ဝင်ပြီးရင်လည်း ကျီးကြည့်ကြောင်ကြည့်နဲ့ အနီးရှိ အမတ်တစ်ယောက်ရဲ့ နားမှာကပ်ပြီး စကားပြောတယ် ပြောတဲ့စကားက အထွေအထူးမဟုတ်ပါဘူး စားပြီးပြီလား နေကောင်းလား ဒီလို အလာပသလာပ သာမန်စကားမျိုးသာပါ ။ ဒါပေမယ့် သူ့အမူအရာကြောင့် ဘယ်သူမှ သာမန်စကားလို့မထင်ဘူးလေ ။ မေးကြည့်ကြတာပေါ့ စောစောက အပြောခံရတဲ့ အမတ်တွေကို သူတို့ကလည်း ဘာမှမဟုတ်ပါဘူး လို့ပြောတယ် ဒါပေမယ့်မယုံဘူး ။ ဒီလိုနဲ့ သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့ ဝေသာလီပြည်ရဲ့ လွှတ်တော်ဟာ တစ်စတစ်စ ပြိုကွဲလာပါတယ် ။
     ဒီအချိန်မှာ ......အမတ်ဟာ ဘုရင်အဇာတသတ်ဆီ လှမ်းပြီး မီးစိမ်းပြတာပေါ့ ဒီအချိန်လာတိုက်ရင် ဒီနိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီပေါ့ ။
   အမုန်တကယ်လည်း မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ချီးကျူးခဲ့ဖူးတဲ့ ဝေသာလီပြည်ဟာ ........ဆိုတဲ့ အမတ်တစ်ယောက်ကြောင့် ဗုဒ္ဓ ပရိတ်နိဗ္ဗာန်စံပြီးအချိန်မှာ ပျက်စီးခဲ့ရပါတယ် ။
    ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ ဘာမဟုတ်တဲ့ အကြောင်းကိစ္စလေးတစ်ခုကြောင့် ပျက်စီးတတ်ပါတယ်

••••••••••••••••••••••••••••••••••••••••••••••


သီတဂူဆရာတော် အရှင်ဉာဏိဿရ ရဲ့
ဗိုလ်စိန်မှန်ကွင်း တရားပွဲမှ နာယူဖူးခဲ့တာကို မှီငြမ်းထားတာပါ

စကားလုံးအသုံးအနှုမ်းတွေဟာ ကျွန်တော့် အာဘော်သာ ဖြစ်တာကြောင့် မှာယွင်းမှု တစ်စုံတရာရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ
အဇာတသတ် ဘုရင်ရဲ့ အမတ်ကို နာမည်မေ့သွားတဲ့အတွက် ....... ချန်ခဲ့ခြင်းပါ ။ သိသော သံဃာတော်များ ညီအစ်ကို မောင်နှမများ ပြန်လည်အလင်းပြခဲ့ဖို့ တောင်းပန်ပါတယ် .....

သန်းထွန်းလေး
          အင်းတဲရွာ

Wednesday, March 23, 2016

ကျောင်းသင်ရိုး ကဗျာ ဂီတသံစဉ်များ

ကျွန်တော့်ရဲ့ ညီအစ်ကို ဆရာ ဆရာမများနှင့်တကွ အားလုံးသော မိဘ များအတွက်ပါ

#ကျောင်းသင်ရိုးကဗျာများအတွက်တေးဂီတသံများ  -

အားလုံးယူရန်
https://my.pcloud.com/publink/show?code=kZmmsXZPlu5ac1tMbzCaixvEdisuRWvtqxV

တစ်ပုဒ်ချင်းယူရန်-
ခွန်းထောက်-တောင်ခါးပန်းရယ်နှင့်
https://my.pcloud.com/publink/show?code=XZDhsXZKv0gyAxhYNmSBmSixBjAhLRjOFVV

ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း) ဆို-မူမူခင်
https://my.pcloud.com/publink/show?code=XZnhsXZXY7TkHQIrAHjub2kK8VVuyKK9fJ7

ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း)အတီးမပါ
https://my.pcloud.com/publink/show?code=XZMhsXZK519w2GE7kR0LE3kg719c74IKBH7

စပယ်တဲ့လေးရုံ
https://my.pcloud.com/publink/show?code=XZxhsXZ8xgOqEJwhWbUuCzVMbuO3XlHhy2y

စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) ပုလွေ၊ကြေးမောင်း
https://my.pcloud.com/publink/show?code=XZwhsXZ3GkSC8oG46BiQMDcCqNS0XAI5dF7

စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) အတီးမပါ
https://my.pcloud.com/publink/show?code=XZKhsXZPAidy5s075Y4CcC83fWb078EEYuy

ပန်းစပယ် ဒွေးချိုး
https://my.pcloud.com/publink/show?code=XZ7SsXZL5nX3OG4FouatqSq0wEtuY9SkqOX

မင်္ဂလာဗျောညွန့် - မာမာအေး(ဗောဓိရွှေကျောင်း သီချင်းမှ)
https://my.pcloud.com/publink/show?code=XZEfsXZkcGqDfp6HWXNwLfsL6Bx1pclupz7

မင်္ဂလာဗျောညွှန့် - စိန်ဗေဒါ
https://my.pcloud.com/publink/show?code=XZkBsXZLspiIw6QVh4IoQLGdzjiqByoB4lk

မင်္ဂလာဗျောညွှန့် - တွံတေးသိန်းတန်
https://my.pcloud.com/publink/show?code=XZQBsXZ6pvXyQoyLiLx0loMgkBk0zDruKhV

မဲဇာတောင်ခြေရတု (ဦးဖိုးစိန်၏ ယခုခေတ်အဆိုမူ)
https://my.pcloud.com/publink/show?code=XZYBsXZXNq9swNY2g0HcaWdD0zKsJTasB6X

မဲဇာတောင်ခြေရတု (ရှေးနန်းတွင်းသုံးအဆိုမူ)
https://my.pcloud.com/publink/show?code=XZt1sXZvApYhrpvnIHzVnlXUAke9uV5cAd7

မဲဇာတောင်ခြေအစချီ ရတုပိုဒ်ဒ်စုံ - ရွှေပြည်ဦးဘတင်(မဆုံး)
https://my.pcloud.com/publink/show?code=XZv1sXZrEn6kUB68GJxAHRV7C2Opmh9Wodk

ယဉ်မရိုင်း -ဒဟတ်ပန်း(ပန်းဘွဲ့ လေးချိုး-ဦးကြော့) ဆို-ဦးသိန်းကြွယ်
https://my.pcloud.com/publink/show?code=XZzesXZs8evYTFILKyHfeA8KVolspFIOE9V

မြသားငယ်တဲ့ရေယမုံ (ဆို-တင်တင်ထွေး) မယ်ဒိုလင်
https://my.pcloud.com/publink/show?code=XZ1esXZB2PbcLea1bJbLKWrQaRpH5r8EuCX

မြသားငယ်တဲ့ရေယမုံ (ဆို-ဒေါ်အောင်သိန်းတင်) ပုလွေ
https://my.pcloud.com/publink/show?code=XZtesXZyJEuIYO1rWQ0kOxQxRRGFmSniyFX

ရိုးတလျှောက်ဖြိုးမောက်ပါတဲ့လယ်ဗဒူ (ခွန်းထောက်-ဦးကြီး)
https://my.pcloud.com/publink/show?code=XZxnsXZj6qp7KvpLYu5DKlYE4cqd85FWjjX

လက်ဆုံတွေချပါလို့-ဆန်ဖွပ်မောင်းထောင်းတေးများ
https://my.pcloud.com/publink/show?code=XZwnsXZ9fhgl0aCs5pdlmpkTX2Ki0dAqilk

သံဆန်း-လေးချိုး(ခလောက်ကလေးရယ်၊ လှည်းယာဉ်)
https://my.pcloud.com/publink/show?code=XZKnsXZUS5q8CXJJ7R5y6FyG8KBHL1qGB0k

သဇင်ပန်းဖွဲ့(ဦးတိုး၏ရာမရကန် မှ) - ရွှေပြည်ဦးဘတင်
https://my.pcloud.com/publink/show?code=XZlnsXZj88PMwXt4Y8NwKlDww9EJJGxfIWV

သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-ဂီတဟန်)
https://my.pcloud.com/publink/show?code=XZtnsXZqobJiIHkUJfLHapPHIKdgLW1ursX

သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-စာပေဟန်)
https://my.pcloud.com/publink/show?code=XZ6nsXZSbPra6Ag1lSIYsBrg4EbEjsW4jj7

ပေါရိသလမ်း - ရွှေမန်းကျော်အောင်
https://my.pcloud.com/publink/show?code=XZEnsXZ0FaH4B3W4khCTH6m4BaeGYC2rTVk

လေပြေငယ်သုတ်ပါလို့(လွမ်းချင်း-ဦးကြော့) ဆို-ကိုမြသောင်းအဖွဲ့
https://my.pcloud.com/publink/show?code=XZOnsXZqcRXmG06vsp7z0GyREIow4yQ6sLk

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့(လယ်သူမဂုဏ်ချင်း)
https://my.pcloud.com/publink/show?code=XZUnsXZkCvR04jj67mqleAIWAey4LIBExwy

ကြက်ဖတညင်-တယောဦးဘိုးငို
https://my.pcloud.com/publink/show?code=XZInsXZ1enC3hh9sNQLRehLM8dgfpkASu9k


Tuesday, March 22, 2016

ပျဉ်မငုတ်တို

⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙.⊙

ဖုထစ်ရွတ်တ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း........

ခွဆုံအကွေး  သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်........

ကုန်းမိုကမ်းပါး မြေပက်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွန်း........

ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား..........

မကြာခင်ပင်
ပန်းတံများထွက် ပန်းဖူးများငုံ၍
ပန်းပွင့်များ ဒေါင်းမြီးကွက်ပမာ
ပွင့်ကြပါတော့သည်.......

သြော်.............................
အာဂ ပျဉ်းမငုတ်တိုပါပေတကား
ငါတို့၏မိခင် မြန်မာပြည်ကြီးသည်လည်း
ဤနည်းအတိုင်း ရွက်သစ်လဲ၍
ပျော်ပွဲဝင်နိုင်ပါစေသောဝ်.........

        ဆရာမင်းသုဝဏ်

၁၁-၁-၁၉၄၉
...............................................................................
ပျဉ်မငုတ်တိုမှ ရွက်သစ်ပွင့်များ ဝေစေကြောင်း...........


လွမ်း

°°°°°°°°°°°°°°°°°°°°°°°°°°°°
လွမ်းလည်းလွမ်း၍
ကျွမ်းမြေ့မြေ့လျှင်
လွမ်းငွေ့မှုန်မှိုင်
လွမ်းမြူဆိုင်းခဲ့............

လွမ်းလှိုင်းမာန်ထယ်
လွမ်းပင်လယ်မှ
လွမ်းနယ်ကျယ်ဝန်း
လွမ်းသည့်ကျွန်းသို့
လွမ်းလွန်းလို့သာ
ရောက်ရှိလာတည့်..........

လွမ်းစာကိုရေး
လွမ်းသည့်တေးလျှင်
လွမ်းဆွေးချင်သူ
လွမ်းစိတ်ကူမည်
လွမ်းမူလွမ်းခွင့်
လွမ်းတကား..........

ဆရာမငွေတာရီ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°


သာသည့်မြေသို့

~~~~~~~~~~~~~~~~~~~~~~~

အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညှင်း
သင်းပျံ့ ခဲ့ သူခြံမှာ..................

ငါ့ခြံကြည့်ပြန်တော့
မချိပူပွေပြာခဲ့
မြေပြာမှာ နေဇာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ........................

သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့် စိတ်ထဲ...................

သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့  ခဲ................

ဆရာမငွေတာရီ

••••••••••••••••••••••••••••••••••••••
ဂုဏ်ပြုထိုက်သူများသို့



Monday, March 21, 2016

လက်ယက်စမ်း ...ဇော်တင် အင်းတဲ

ရွေလျားမြစ်တစင်းရဲ့ ချစ်ခြင်းဘာသာ. . . . .

လက်ယက်စမ်း

ဆင်းရဲတွင်းထဲက ခပ်ထုတ်သမျှ
ငတ်မွတ်ခြင်းတွေသာ ပါလာခဲ့။

ဘယ်စမ်းတွေများအေးလဲဗျာ။
သည်စမ်းရေမှာတော့ အပူစတွေ ပျော်ဝင်လို့။

"လက်ယက်စမ်း"
အသံကြားရရုံနဲ့
တနေကုန် ရေချိုခပ်ခဲ့ရတဲ့
မဗေဒါတွေ . . . .
အညာ
ရေခပ်လမ်း ခယောင်းသားပေါ်
ဆာလောင်မူ ဇာတ်ဝင်ခန်း
ဖြစ်ရပ်မှန် မှတ်တမ်းဟောင်း။

လောကဓံဆိုးတွေဆီက
အလျော်ရစတမ်းဆို
ကျီးပါစပ်နာတွေအတွက် . . . .
အမြဲ အက်ကွဲနေတတ်တဲ့ နှခမ်းသားတွေအတွက်
စေးနဲခဲ့ရတဲ့ ရေတမှုတ်အတွက်  . . .
. . .
. . . . .
. . . . . . .
ငါတို့ မမေ့သေး။  ။

                             (၁)
                      /////////////////////

တောက်တိုမယ်ရ စိတ္တဇများ . . . . . .  

လူသားကို ဘယ်ကစတာလဲ
ပေမမှီ ဒေါက်မမှီ ဉာဏ်ကလေးနဲ့
မမှန်းဆရဲပါ။

ဝမ်းရေးတွေ ကြပ်လွန်းတယ်အမေ . . . . . ။

ဒင်းကြမ်းပြည့်နေတဲ့ ဒုက္ခကို
ဘဝရဲ့ အစိတ်အပိုင်းတခုမှာ တပ်ဆင်လိုက်ကတည်းက
မှားခဲ့တာပါ။

ဘယ်မှာလဲ ရော်သစ်ရွက်တွေ
တမျှော်တခေါ် စိမ်းလန်းနေတာကလဲ
တရံတခါတော့
လွမ်းဖို့တောင် အဓိပ္ပာယ် မရှိချင်။

ညတွေ နက်လာပြန်ပြီအမေ  . . . .  .  .  .။

နဂိုကတည်းက မှောင်ပြီးသား ညကို
လမိုက်တာ ယိုးမယ်ဖွဲ့နေရုံနဲ့
အရောင်တွေ စုံမလာနိုင်တာ 
ဒဏ်ရာတွေက သိနေပြီလေ။

ပန်းတွေပွင့်နေကြတယ် အမေ . . . . .။

အဝေးဆုံးထက် အဝေးဆုံးနေရာမှာ
ကောင်းကင်ဘုံစိတ်ကူးအချို့
တချို့တဝက်က
ပန်းတွေလို ဝတ်မှုန်ကူးရင်းပွင့်နေကြတယ်။

လောကဓံတွေ မျက်နှာလိုက်တယ် အမေ   . . . . ။

ရောင့်ရဲလိုက်ပါတယ်။
ဘဝဟာ
လှိုင်းမူးရင်း လှေလူးတာထက်စာရင်
လှေမှောက်ပြီး ကမ်းပျောက်တာကမှ
မျှော်လင့်ခွင့် ရဦးမလားလို့။

မြူတွေ ဆိုင်းနေဆဲ အမေ . . . . . ။

မပြတ်သားတဲ့ ဥတုရာသီတွေထဲမှာ ကျင်လည်လာပြီ။
ဓာတ်ကြီးလေးပါးနဲ့ ကျနော့်စိတ်တွေ
သဟဇာတဖြစ်နေဆဲ။
ကျန်းမာရေး ဂရုစိုက်ပါဆိုတဲ့ အမှာစကားဟာ
ကျမ်းတစောင်ထက် ကုံလုံခဲ့တာပဲ။
ချစ်သူတွေဆီက ဒီထက်တောင့်တစရာ မရှိပြီ။

မရမှန်း သိပေမယ့် လိုချင်တယ်။
အမေနဲ့တူတဲ့ နှလုံးသားတွေ . . . . .။     ။

                                 (၂)
                           //////////////

ဖြောင့်ချက်
_____________

သူ့ကိုယ်သင်းနံ့လေးမှာ
သာယာချင်တာပေါ့။

စင်းလုံးချောရိုးသားမူတော့မဖြစ်နိုင်။

ပါတ်သက်ဆက်နွှယ်မူနယ်မြေမှာ
အလံဖြူတွေတလူလူနဲ့
နှစ်ဦးသားကြည်နူးနေချိန်မှာ
ငါလေ. . . . .
ငါ့ဝိဥာဉ်လေ . . . .
(မတင်နိုင်သေးတဲ့လေးညှို့မှာ
သူအပြုံးတွေထိရှသွားသလားမသိ။)
ငါ . . .
ဆက်တင်နေမိဆဲ။

ကြိုးတချောင်းရဲ့ရာဇ၀င်မှာ
မလှပတဲ့
ဗျည်း သရတွေနဲ့ ၀ါကျဆုံးခဲ့ရတာ
ငါနဲ့ ရာဝဏ တထပ်ထဲကျခဲ့တယ်။
တိုင်တည်ထားခဲ့တဲ့အရာရာဟာ
ရင်ဘတ်ကိုဆူး
နောက်တော့ . . . .
ဘ၀ကိုဆူးသွား။
ဆူးချင်သလောက်ဆူး။
ရူးချင်သလောက်ရူး။
ယစ်မူးရီဝေ
မမေ့နိုင်ခြင်းတခု။

လှောင်ပြုံးတွေအောက်
်ရောက်သွားတဲ့ကမ္ဘာငယ်
ဘယ် . . .
ဘယ်တော့မှ
မရစ်နှောင်တော့ပါ။
ညစ်ထေးထေးကြိုးတချောင်းရဲ့
မလှပတဲ့ဆက်ထုံးရာ
မင့်ဘ၀ အနာရမှာစိုးမိတယ်။ ။

                             (၃)
                         ///////////

နတ်မိမယ်

ရွေးခြယ်ခွင့်လက်မှတ်တစောင်
ကောင်းကင်ဘုံရဲ့ သမီးပျို
င့ါရဲ့ ဒုတိယ ကိုယ်ပွား
အတွေးများရဲ့ သွယ်လျတဲ့ လက်ညှိုးတချောင်း
အလင်းထဲက အတောက်ပဆုံး အရောင်။

နတ်မိမယ်လေး . . .
ငါဆိုတဲ့တေးတွေ
အဆုံးမသတ်ခင်
ကိုယ်ရောင်မဖျောက်လိုက်ပါနဲ့ကွယ်။

တွယ်ညှိလာတဲ့ နွယ်တစင်းကို
တစစီရှင်းရင်း
ဝင်္ကပါအိမ်လေး ဆောက်ကြမယ်။
စင်္ကြာဝဠာတံတိုင်းဆီ မရောက်သရွေ့ပေါ့။
အေးခဲ ကျင်စက်နေတဲ့ ကြယ်စင်တွေအတွက်
ရင်ဘတ်ချင်း ထိခတ်တိုင်းပွင့်လာတဲ့
အနွေးဓာတ်တွေပေးမယ်။
ပူလောင်ပြင်းရှတဲ့ နေအလင်း ရန်စွယ်များ
ရွှန်းစိုအေးမြသော စိတ်တူကိုယ်တူအပြုံးလေးတွေနဲ့
ငြှိမ်းသတ်မယ်။

နတ်မိမယ်လေး
အိုဟောင်းနွမ်းနယ်လာတဲ့ ဒိုင်ယာရီတွေ
မွှေနှောက်ရှာဖွေရင်း
ရတုအဆက်ဆက်က နှစ်ချို့ရွှေရောင်အိပ်မက်တွေအကြောင်း၊
အချိန်မဲ့ဇုန်ထဲ
အခါခါ ရှင်သန်ထမြောက်တတ်သော
အားအင်သစ်များအကြောင်း
တိုးတိုးညှင်းညှင်း တီးတိုးရွတ်ဆို
ကဗျာအို အချို့
ဝေဒနာတွေ ပျို့အင့်ပြည့်အန်သည်အထိ
ဆာလောင်မွတ်သိပ်သမျှ
ငါတို့ အသိုက်အဝန်းလေး လွှမ်းခြုံရစ်သိုင်းလိုက်ကြမယ်။

အပြင်မှာ တိမ်သာလား . . .
အချစ် အေးတယ်။
အနွေးထည်ဝတ်ထား။
မင်းနှခမ်းပါးတွေ ခိုက်ခိုက်တုန်နေရော့။
နတ်မိမယ်လေးရေ . . . . .
ငါ့ရဲ့ နတ်မိမယ်လေး . . . . .
ခေါ်သံတွေကြားလား။
ငါရှာနေတယ်။
ပြန်ထူးပေးပါကွယ်။   ။

           
                              (၄)
                       //////////////

နှစ်ရောင်စပ်

သူငယ်ချင်းတွေက စကားပြောတယ်။
ကျနော်က နားထောင်တယ်။
လူခြေတိတ်တဲ့ ညတွေဟာ
စကားလုံးတွေ မွေးဖွားဖို့
အကောင်းဆုံး နက္ခတ်ပဲ။

လူတွေက အော်ဟစ်လှောင်ပြောင်တယ်။
ကျနော်က အမှားတွေဆက်လုပ်တယ်။
ကမ္ဘာဟာ
စကားလုံးတွေ သိုလှောင်ရာ ဂိုဒေါင်ရုံ။

ဒီလိုပဲ နားလည်ရင်း
ဒီလိုပဲ အလင်းပေါက်ခဲ့တဲ့
နှစ်ရောင်စပ် ကဗျာတွေ
အိပ်သွန်ဖားမှောက်
တတောက်တောက်စီးကျနေလိုက်တာ။ ။

                                (၅)
                          ///////////

  နှင်းခွဲမိုး

၁။
မရိုးမသား တိမ်ရိပ်
တလိပ်လိပ် ပန်းချီအညွန့်အဖူး
စူးစူးရဲရဲလေသင်တုန်း ဘယ်လိုမုန်းပါစေ
အသံသည်းသည်းကြားရင်
ရင်ခုန်ချင်တဲ့ ဆယ်ကျော်နှစ်
အခုမဖြစ်တော့ဘူး။

၂။
နုတဖန် ရင့်တသစ်
အညစ်ညစ်အထေးထေး
ဖြေးလေးလာတဲ့ ရင်ခုန်နှစ်ရဲ့
အချိန်ကြောင့်ဖြစ်သော
တိမ်ညိုမိုးစက်များ
တပါးမေရဲ့   မြေမှာရော
စိုစိုရွဲရွဲ ရွာဆဲလေလား။

၃။
မမှန်းဆရဲ
နှင်းဖွဲရာသီ
အတည်အခန့် ယဉ်သန့်သန့်မြူး
မိုးလူးလေရိုင်း
မစိုင်းမတွ  ရုန်းကြွဆူညံ
ရာဇသံဆင့်။
နှင်းပွင့်ဖြူရော်
မပေါ်မထင် မမြင်ဝိုးဝါး
ဆောင်းအိုညများ ချဉ်းပါရော့။

၎။
အငွေ့အသက်
ထွေးဖက်ကြင်နာ
ဆောင်ဘာသာထဲ
နှင်းခွဲမိုးရေ
စိမ့်စိမ့်ကြွေသက်
( ချိမ့်ချိမ့်ဆွေလျက် )
ရက်စက်တယ်။ ။

                           (၆)
                      ////////////

ဖြူစင်ခြင်း

ရောင်းတန်းမ၀င်ခဲ့တဲ့
စက္ကူဖြူတချပ်
ပန်ချီခန်းမှာ
ချိတ်ဆွဲထားခဲ့တယ်။

အို . . .
အသင်လောက
အရောင်ခြယ်မှလှမယ်ဆို
နေပါစေ။

ငါ့တဲအိုအို
ဧည့်ခန်းမှာ
အလှကြည့်ဖို့
ပြန်ယူသွားပါ့မယ်။

                         (၇)
                     //////////

ဆောင်းမနက်

မှိုင်းတအူအူ
မြူ . . . . .တဖွဲဖွဲ
လူကွဲရင် လမ်းပျောက်ချည်ရဲ့
လက်မြဲမြဲတွဲ။  ။

                           (၈)
                     ////////////

  သံသယကြောင့် အက်ကွဲသွားသောနံရံများ

အကြောင်းပြချက်တိုင်းမှာ
လီဆယ်မူတွေ ပါချင်မှပါမယ်။

တခါတခါ ယိုင်ချင်တဲ့ဘက် ယိုင်တတ်တဲ့
သမုတိသစ္စာကိုလဲ
ကိုယ့်သဘော ကိုယ်ဆောင်
တိုင်တည်ရတာ ရှိကောင်းရှိရဲ့။

ဆုပ်ထားတဲ့ လက်တွေ
ဖက်ထားတဲ့ ပုခုံးတွေကိုတော့
သံသယရှင်းရှင်း
ရင်ဘတ် စီးချင်းခင်းလိုက်စမ်းပါ။

ပြုံးနေတဲ့ နှုတ်ခမ်းကိုမှ
မကြင်နာနိုင်ရင်
လပြည့်ညရဲ့ အရှင်းဆုံး ဖွင့်ဆိုချက်မှာ
ပျော်ပျော်သာ မိုက်မဲလိုက်ကြပါလေ။ ။

                              (၉)
                         ///////////

    '' . . . . . ''

ငါက
မိုနိုဆန်ဆန် ကန်းထရီးသီချင်းတွေကိုမှ
ရူလိုက် ရှိုက်လိုက်
ပိန်လိုက်ဖောင်းလိုက်
အန်ထုတ်လိုက် မြိုချလိုက်
. . . .
. . . .   . .     . .   . .။

အတုအပ ဆင်တူယိုးမှား မရှိတဲ့
ဂီတအတွက်
အလင်းနှစ်တွေ စီနင်း
ခရီးပြင်းနင်းစရာ မလိုခဲ့။
ဆွေးမြေ့နေတဲ့ ဂူနံရံတွေမှာ
လှိုင်သံတွေ နားစွင့်ရုံနဲ့
ကျောက်ခေတ်ရဲ့ ဒိုရေမီဖာဟာ
ရင်တခြမ်းကြွေသည်ထိ
သာယာညှင်းသွဲ့ . . . . . ။

ဘယ်လိုနေလဲ. . . . . .
ဖန်ခါးခါး လက်ဖက်ရည်ခွက်ထဲမှာ
မနက်တွေ တို့မြည်းကြည့်စမ်း။
လမ်းတွေကွေ့ကောက်သလောက်
ငါ့စိတ်တွေ ဖြောင့်ဖြောင့်ဖြူးဖြူး
'' အရူး အရူး '' လို့
အော်ဟစ်ဆူညံသံတွေလား . . . .
ငါနားမှာ ယဲ့ယဲ့လေးကြားမိ။

သူတို့မသိတာထင်တယ်။
ငါ့သိတဲ့ ဂီတဟာ
လှပလွန်း သိမ်မွေ့လွန်း ပြေပြစ်လွန်းခဲ့။

ခေတ်တွေ
တိုးဝှေ့ ပြေလွှား
ငါ့ဘေးနား တရိပ်ရိပ်ကျော်ဖြတ်သွား။
ဒီမှာ ဒီမှာ . . . .
တစိတ်လောက် ဆိုပါရစေ။
ဂီတဟာ
ထုတ်ကုန်မဟုပ်ဘူးဗျ။

                              (၁၀)
                         ////////////    

နုပန်းသစ္စာ (၂ )

အတိတ်ဆိုတာ
ခရီးသွားဟန်လွဲဆုံခဲ့ကြရင်တော့
အကောင်းသား . . . . ။

ကြည့်စမ်း . . . .
ဝေဝေဆာ သပြေပန်းတွေလဲ
နွမ်းခဲ့ပြီလေ။
ပင်ခြေတဝန်းက
မာထန်အေးစက်သမျှ
ကျစ်လစ်ခဲ့ကြတဲ့
ကျောက်စရစ်ဖြူဖြူလေးတွေလဲ
မြေသားထဲ တိုးဝင်လို့။

အရောင်ပြယ်လွင့်စ
ခုံတန်းလျားလေးတွေ
အလဲလဲ အပြိုပြို။

ကြက်ခွပ်လှိုင်းတွေ
အပြိုင်းပြိုင်းနဲ့
ရေလွှာပြင် အဆိုင်ဆိုင်အထစ်ထစ်မှာ
တို့ကမ္ဘာလေးရဲ့
ပုံရိပ်စစ်တွေဟာ
တွန့်ကြေဝိုးတဝါး။

သူသာမြင်စေချင် . . . .

ရေကြည်ပြာ
ကမ်းနံဘေးက
သုံးရာသီပန်းကလေးတွေသာ
အလေ့ကျ အမြစ်ဆွဲ
သဲသဲလှုပ် ပွင့်ဝေကြ။

ပန်းကလေးတွေ ပြတဲ့အဘိဓမ္မာ
သူသာ
ကိုယ့်ဝေဒနာရဲ့ သဲလွန်စ
အလှကို စုံမက်သောသစ္စာ
ခိုင်မာစွဲနစ် ဆူးရစ်ခဲ့ပြီ။   ။

                                (၁၁)
                             ////////////

မှောင်မှောင်မည်းမည်း မြို့အဝင်လမ်းများ

အဖေရယ် . . .   .
အစ်ကိုရယ် . . . .  
ဝိုက်ဒူး ပင့်ဒူး စလွယ် မြင်းစီး
ဟီး ဟီး ဟား ဟား . . . .
ကျည်း ကျည်း ကျား ကျား .  .  . . .
ပျော်စရာထက် ပိုမယ်။
ခါးတောင်းတွေ ဖြုတ်ရတော့မလား။
အချိန်ရယ် . . . .
နေဝင်ခြင်းလေးတဝိုင်းတော့
ခတ်ခွင့်ပြုပါ။

လက်စုံထမင်းဝိုင်းမှာ
တဦးစီ . . . .
တယောက်စီ . . . .
တနေရာစီ. . . .
ဟော့ဟို ကျေးလက်မှာ
ငါးပိရည်တခွက်က ပြောတဲ့
ဒိုင်ယာရီတပုဒ်ရှိတယ်။
အချိန်ရယ် . . . .
အပြုံးတွေထက်
ဘယ်နတ်သုဒ္ဓါက
ရသာမြိန်မှာလဲ။

ငါ့တို့ကောင်းကင်မှာ
ကြယ်ကလေးတွေက
အခြားစင်္ကြာဝဠာကို
အားကိုးဖက်တွယ်စိတ်နဲ့
ပျံသန်းသွားကြတယ်။
မျက်ရည်တွေကြားက
ပီတိနဲ့ ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံဟာ. . . .
အခုထိ မမှိတ်မသုဉ်ပေါ့။
ငါ ပြေးမကြည့်ဖြစ်ခဲ့တာ
ကြာခဲ့ပါရော့လား။
အဲ့ဒီမျက်ဝန်းနှစ်စုံလေ . . . . .
နားမလည်နိုင်လောက်အောင်
ခဲရာခဲဆစ် ဆွံ့အ ပေးခဲ့ကြတယ်။
အချိန်ရယ် . . . . .
တနေ့တာ စာမျက်နှာတိုင်းမှာ
အလွမ်းတွေနဲ့ နိဂုံးချုပ်ဖို့
ဘယ်အထိ ဆွဲဆန့်ထားမှာလဲ။

လူအဖြစ်ဟာ ခက်ခဲသလို
လူအချစ်ဟာ နက်နဲတယ်ဆိုတဲ့အကြောင်း
ငါငယ်ငယ်က
အနမ်းတွေ ဝေခဲ့ဖူးတဲ့
ညိုစိမ့်စိမ့်ပါးပြင်တဖက်က ပြောပြခဲ့တယ်။
တကယ်တော့ ငါတို့တွေရဲ့
တွေ့ဆုံခြင်းဆိုတာ
ထင်သလို ပြတ်သလိုနဲ့
ဝိုးတဝါး မှိန်ဖျော့သွားတဲ့
လျှပ်စီးကြောင်းတခုသာ။

ဘယ်လိုလောကပါလိမ့် . . . .
အချိန်မဲ့ဇုန်ထဲမှာ
အလင်နှစ်နဲ့ ရွေ့လျားနေတဲ့
လိုချင်လောဘတွေ
လူလိုလို
ကပ်ပါးလိုလို
ကျောရိုးမဲ့သတ္တဝါတွေ
မှောင်မှောင်မည်းမည်း မြို့အဝင်လမ်းထဲ
ကြပ်ကြပ်တည်းတည်း တိုးဝှေ့လို့။
အိမ်မက်လား . . . .
တကယ်လား . . . . .

အချိန်ရယ် . . . . .
ငါ့ကိုပြန်ခေါ်ပေးပါ။
နေဝင်ခြင်းလေး တဝိုင်းခတ်ပြီးရင်
လက်စုံထမင်းဝိုင်းလေးမှာ
အပြုံးတွေ ခူးခပ်စားကြမယ်။
ပြီးတော့ . . . . .
စိုစိုရွဲရွဲ ညရောင်အမှောင်ထဲမှာ
ကျေးလက်တေးတွေ တပုဒ်ပြီးတပုဒ်ဟဲကြမယ်။
ဘာဂျာသံ ပြတ်တိပြတ်တောင်းနဲ့
အမေ့မျက်စောင်းတွေ တပွင့်ပြီးတပွင့် ကြွေသည်ထိပေါ့။   ။

                                (၁၂)
                          //////////////

မနေ့ကငါ

အချိန်နဲ့အလင်းဟာ
အရှိန်အဟုန်နဲ့ စီးဆင်း။
အတိတ်ဟာ
အသင်းပျံ့ဆုံးပန်းတပွင့်။
မနေက
အချိန်ဆိုတဲ့ဂျစ်ပစီအဖိုးကြီးကို
ခရေပင်တန်း အောက်မှာ
ငါတွေ့လိုက်မိတယ်။
ဒီနေ့
သူနဲ့ငါ
လျှောက်ခဲ့တဲ့လမ်းတွေပေါ်
ခြေရာချင်းတထပ်ထဲကျ
ငိုချင်းချနေရပြီ။
အလှနဲ့ ချစ်ခြင်းဟာ
ကြယ်တံခွန်တွေလို
မျက်စီလည်လာတတ်ပေမယ့်
ဖမ်းဆုပ်ခွင့်မရ။
ငါတွေကူးစက်မှာကြောက်လို့
ကဗျာတွေ
နေ့တလုံး ညတလုံး
သောက်ခဲ့ရတာပါ။
သွားနှင့်တော့
သူငယ်ချင်းရေ့
ပစ္စက္ခကိုမယုံချင်သေးလို့
မြစ်ညာဆီပြန်သွားလိုက်ဦးမယ်။
တခါတခါတော့လည်း
ဆူးကိုဆူးနဲ့ထွင်းရမယ်လို့
မှတ်ထားလိုက်ပေါ့။
အဲ့ဒီအခါ
အလွမ်းကို ဝေဒနာလို့
ကင်ပွန်းမတပ်ဖြစ်တော့ပါ။
အချစ်နဲ့အမုန်း
အရှုံးနဲ့အမြတ်ဟာ
လည်ချက်တဖက်စီက
ဝန်သေတွေပါ။
ငါ့ကိုယ်ငါကျေနပ်တယ်။
သက်ရင့်ဒိုင်ယာရီထဲမှာ
ငါဟာရှင်သန်ဆဲမို့လေ။

                                (၁၃)
                              /////////

မပြီသေးသောလွမ်းချင်းရှည် . . .  .

ထူပြောလာတဲ့
နာကျင်မူ အဆိပ်  . . .

လိပ်ခွေယှက်သန်းနေသော
ကန္တာရ နွယ်ပင်များ . . . . .

လှည့်စားတတ်သော
ရင်ခွင်ဦး . . . . .

မူယာတွေများတတ်တာ
ဘယ်နှရာသီ ရှိခဲ့ပြီလဲ ။

တချို့ကြွေ
တချို့လွင့်ပါး
သနားစရာ ငုဝါတို့ရဲ့
လဲလျောင်းမှေးစက်ရာ
ရင်နာစရာ
ရင်မောစရာ
ပွင့်သစ်တို့ရဲ့ခြေရာမှာ
ဝေဒနာတွေစွဲ
သို့သော် . . . . .
လွမ်းနေဆဲ ပျော်စံရာ ။  ။

                            (၁၄)
                      //////////////

အကွက်ဆန်း

အကျုံ့ အကြွ သဘောမှာ . . . . .

ပိုသားလို နုထွေးသော
နှလုံးရည် ရောင်စဉ်တန်းတချို့
သန်မာ ခိုင်ကျည်သော
နှစ်ချို့ သက်ရင့်ဒဏ်ရာများ။
ကစဉ်ကလျား မွမ်းမံထားသော
လောကဓံ အကြေအမွ
တစစီ . . . . .
တမျှင်စီ . . . .
တကန့်စီ . . . . . .
တခန်းစီ . . . .
ည နေ့မပျက်
စဉ်ဆက် ရက်လုပ်ရ။
ဒီလိုနဲ့ အကွက်ကျ
ဘဝဟာ
ဆန်းကြယ်စွာ ရိုးအခဲ့ပြီးပြီ။

ဘော်ငွေရောင် အလင်တန်းတွေကြား
လမ်းပြကြယ် ရှာရ။
ကောင်းကင်ကို
လက်ညိုးထိုးခွင့်မရခဲ့တဲ့
လူကြီးတယောက်ရဲ့
ရင်ဘတ်မှာ
အမည်ဖော်မရတဲ့ ကင်ဆာဆဲလ်တချို့
ကျွမ်းလောင် လှိုက်စား
ဟန်ဆောင်တတ်တာ
လူလားမြောက်မူ တခုလို့
မှတ်ယူလိုက်မိတယ်။
ဆန်းကြယ်စွာ ရိုးအနေဆဲပါလေ . . . ။

ပိုင်းဆစ်ခဲ့သမျှ ပုစ္ဆာတွေ
မြစ်ကူးတံတား တစင်းလို
အလျားလိုက် တွားသွား
မနက်ခင်းတွေ စိမ်းလန်းဝေဆာလို့။
ဖောက်ထွက်လာတဲ့ အိမ်မက်တွေက
သမုဒ္ဒရာ တစင်းလို
စီးဆင်းသွားချိန်မှာ
ဘဝဟာ
ဆန်းကြယ်စွာ ရိုးအ လိုက်မိဆဲ။
ယုံကြည်ရာတွေလဲ
မြူမှုန်မွှားတွေ အညစ်စွဲ
မပြတ်မထင် စွန်းပေသွားခဲ့ရှာပြီ။

ကိုယ်တိုင်ကိုယ်ကျ
အချက်ပြ သတိပေးနေခဲ့တဲ့
ပြဿဒါး အရင့်အရော်များပေါ်
မျက်လုံးမှိတ် လမ်းလျှောက်ရတာ
ဒီဂရီမြင့်လာတဲ့ မိုက်ရူးရဲဆန်မူတခုလို့သာ
သမုတ်လိုက်ကြပါစို့။

နိဂုံးမဟုပ်တဲ့
ဇာတ်ပေါင်းခန်းမှာ
ဗိလိန်လဲ ငါ . . . .
မင်းသားလဲ ငါ . . . . .
ငါနဲ့ ငါ
နှစ်ကိုယ်ခွဲ
လက်ဆွဲ နှုတ်ဆက်ကြချိန်ထိ
ငါဟာ
ငိုက်မြည်းနေတဲ့
ပရိတ်သတ်ထဲမှာ
ခေါင်မထောင်နိုင်အောင်
အိပ်မောကျခဲ့ သူပါလေ။    ။

                                  (၁၅)
                            /////////////

သံမဏိ စောင်းကြိုးတခတ်
               ရစ်ပတ်သော နရီ

တစ တစ
လှတ ပတ အပြုံးရိပ်
စိတ် . . . . .
ပျော်မွေ့မိန့်မူး
သူတထူး၏
ညှို့ယူနိုင်စွမ်းသမျှ
ဝါစင်္ဂ တန်ဆာ
သာယာသော ဖြစ်တည်မူ
အလူးအကြွ။

လှိုင်းချက်များ . . . . 
ရုန်းကန်ပုတ်ခတ်
အသက်ဓါတ် အသွင်အပြင်ထိတိုင်
သံမဏိတေးသွား
ကစားခြွေလွှင့်
နင့်နင့်ကြားနေဆဲ
အဝေးက
ခွန်းတုန့်စကား. . . . .
သံမဏိ စောင်းကြိုးတခတ်
ရစ်ပတ်သော နရီ
တီ တီ တျာ တျာ . . . . .   ။   ။

   
                               (၁၆)
                           ////////////

တေးသီငှက်တို့၏
                      တောင်ညိုတန်း

အဖုအထစ်အလိပ်အခဲ
ဇဝေဇဝါနေ့စွဲတွေ
အရည်ပျော်စီးမျော
ငွေ့ရည်သဘောဖွဲ့
ပြီးတော့ . . . .
ပေါင်းခံကြ။
အေးခဲမှတ်ရောက်သည်အထိ။
မသိလိုက် မသိဘာသာနေသွား
မနေမနား
လုံးရင်းပါးခဲ့
ဘဝပုံဆောင်းခဲလေး။
နေရောင်တွေလာပြီ . . .
လွတ်ရာပြေး
ဝေးဝေးနေ။
အေးအေးသေကြမယ်။
အမွန်မြတ်ဆုံးကဗျာ. . . .
လာ. . . . .
မိတ်ဆွေ။
ရှိန်းမြညင်သာသော
ပစ္စက္ခစမ်းရေအေး
အမြိုက်ဆေးမဟုပ်ခဲ့။
သို့သော် . . . . .

                                (၁၇)
                           ////////////

ငွေရောင်ပိတ်သားထက်က
               ဆေးမစုံသော
          လွမ်းခန်းအော်ပရာ

မျက်ဝန်းနက်နက်
စွဲမက်ယစ်မူး
ရူးပြီထင်။

စိတ်ချပါ သခင် . . .
သမုဒယကောင်းကင်
နေတစင်းကွယ်မှ
လအလင်းထွက်ရမှာပေါ့။

ခံစားတတ်သိသော
သံယောဇဉ် . . . .
သခင်မမြင်သမျှ
ကန့်လန့်ကာချ
တခန်းရပ်ဇာတ်သိမ်း
သူစိမ်းတွေလို နေကြရုံ . . . .။   ။

                               (၁၈)
                           ////////////

နေ့သစ်ဆီ . . . . ( ၂  )

သူငယ်ချင်းရေ . . .   . 
ကံကောင်းခြင်းတွေဟာ
နှစ်ကြိမ်ထက်ပိုခဲ့ရင်
ကျိန်စာများဖြစ်နေမလား . . . . ။

နယူတန်ရှေ့ ကြွေကျခဲ့တဲ့
ပန်းသီးတလုံးဟာ
ကမ္ဘာမြေဆီ ခုန်တက်သွားတာဆိုခဲ့ရင်
သဘာဝတရားဟာ
ဘယ်တော့မှ သတ်ပုံမမှန်တဲ့
ကျောက်စာဟောင်း  . . . .။

သူငယ်ချင်းရေ . . .   .
ပြတ်ရွေ့တွေပေါ် ကျောပေးအိပ်ရင်း
မိုးလင်း မိုးသောက်
ကဆုန်ပေါက်အလင်းတွေထဲ
တကိုယ်စာမှောင်နေခဲ့ကြတယ်။
မျက်လုံးတွေ မှိတ်ထား
အသက်ရူသံတွေ ပိုကြားဖို့။

စည်းတချက်ခတ်တိုင်း
တောက်လောင်လိုက်တဲ့ ဂီတဟာ
ယုံကြည်ရာ မဖြစ်ခဲ့ရင်
တီးနေတဲ့ လက်ခုပ်သံတွေ မရပ်လိုက်နဲ့။
ကိုယ်လိုရာပုံသွင်းဖို့
အရည်ကျိုထားတဲ့ ဒြပ်နှောမှာ
အလိုမကျခြင်းတွေ
ရောပြွန်းကြရမယ် . .    ။

ခိုင်းနှိုင်းမှ တန်ဆာဖြစ်မယ်ဆို
လေဟာနယ်ထဲက ကြယ်ကလေးတွေလို
ပြုံးပြုံးလေးကြည့်ပြီး
ကြွေလိုက်ကြရုံပေါ့။
ငါတို့တွေ သန့်စင်ခဲ့မိတာ
အပြစ်မှ မဟုပ်ဘဲ။

သူငယ်ချင်းရေ . . . 
အဲ့ဒီခရေတွေ
ဘယ်တော့ ပွင့်မယ်ဆိုတာ မသိသေး။
လမ်းဘေးက ကိုးနာရီပန်းတွေတော့
အုံးအုံးကျက်ကျက်ပွင့်နေကြ
နံနက်ခင်တွေ လှနေဖို့ပဲလေ. . . . ။

ယဉ်ကျေးခြင်းဟာ
ငါတို့ ကိုယ်ခန္ဓာရဲ့ ဖြုတ်တပ်ရလွယ်ကူတဲ့
အစိတ်ပိုင်းတစ ဖြစ်နေ . . . . . . .
ကစဉ်ကလျား အရိုင်းဆန်မူဟာ
ငါတို့ သုခုမကို
ငါတို့ ယစ်မူးဖို့
နောက်ဆုံးမျဉ်းတကြောင်းလား
ဒိုင်ယာရီတွေဟာ
ဘောင်ခတ်ဖို့မှမလိုခဲ့တာ။

သူငယ်ချင်းရေ . .   . . . .
သက်ပြင်းငွေ့တွေ
တရွေ့ရွေ့ တိမ်စိုင်တွေဆီ
စီးမျော ကခုန်နေကြ
ဘဝကို ခက်ဆစ်ဖွင့်ဖို့ဆိုရင်
လမ်းခွဲညနေလေးတခုလိုတယ်။
ဆိတ်ဖလူးနံ့ သင်းသင်းလေးနဲ့ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်
သူငယ်ချင်းရေ . . . . .
လင်းကြက်တွေလဲတွန်နေပြီ။
ခဏစောင့် . . . . ။
ရောင်နီလာတော့မယ်။

                              (၁၉)
                           ///////////

နေ့သစ်ဆီ . . . .

ဟိုး . . .အညာက
ဆောင်းခိုငှက်ကလေးတွေ
လေစုန်စီးဆင်း
အုပ်သင်းဖွဲ့ပျံနေကြ။

မရိတ်သိမ်းနိုင်ခဲ့တဲ့
အိမ်မက်ကောက်နှံတွေ
တဖြည်းဖြည်းရင့်ကြွေကြ
မနှစ်က ဆောင်းလို။

ရင့်ထော်စ ရာသီမုတ်သုံ
နှင်းခွဲမိုးတွေ အုံ့ပြတ်လို့
အဆုံးမသတ် လွင်တီးခေါင်
ဘယ်အချိန်မှ ပြောင်ရောင်မှာလဲ
ဒီလိုတဝဲဝဲပျံသန်းကြ
နွေးထွေရာအရပ်ဆီ။

သူတို့ကျောရိုးတွေသန်မာဖို့
သူတို့အတောင်ပံတွေလှုပ်ခတ်
မြစ်နားကမ်းစပ်
မရပ်ခဲ့သောခြေရာများ
တကျော့ပြန်ဆောင်းရာသီထဲ
တဘာသာရေးခြစ်
မျှော်လင့်ခြင်းနေသစ်ဆီ . . . . ။ ။

                             (၂၀)
                        ///////////

သိုက်ဝေးငှက်

ငါအကြိမ်ကြိမ်
ဟစ်ကြွေးမိတဲ့
ချစ်သူ့နာမ
မိုးသားတံတိုင်းနံရံ
ဘယ်အတွက်
ပဲ့တင်မပြန်ခဲ့တာလေလဲ . . . . .။

                                 (၂၁)
                            ////////////

အတ္တ 

ကြေးမုံပြင်ရဲ့ ကျောတဖက်ဖီလာ
တစိမ်းဆန်ဆန်ရူမြင်သုံးသပ်မိတဲ့ အရိပ်တခု
အဲ့ဒီ အလင်းပိတ်ဝတ္ထုကြီးကိုမှ
ခေါက်ရိုးကျအောင်
ချစ်တတ်သွားမိတယ်။

                       

                         (၂၂)
                       //////////

စိတ်ကစားတတ်တဲ့ ပင်လယ်

ကျုပ်မပိုင်တဲ့
မိုးကုတ်စက်ဝိုင်းကြီးကို
စိတ်ရူးနဲ့ ခဏတဖြုတ် ဆုတ်ဖြဲကြည့်တယ်။

တစစီ ကွဲသွားသည် အထိ. . . . 

ကြည့်စမ်း . . . .
တခွင်တပြင်အုပ်ဆိုင်း မှိုင်းပြလို့
တိမ်လှိုင်းတွေ တရစ်ရစ်နဲ့
ဖြစ်ချင်သလို ဖြစ်ခဲ့တာ။

သူ့ငိုသံ
သူ့ရှိုတ်သံ
သူ့ညည်းညူသံ
. . . .
. . .
ဟုပ်တယ်. . . . .
အရိုင်းဆန်တဲ့
ပင်လယ်တကောင်ရဲ့ ရင်ဝမှာလဲ
မုန်တိုင်းတွေထန် ညံလို့ပါ
ကောင်းကင်ရယ် . . . . . . ။

                            (၂၃)
                        ///////////

ပုံတိုပတ်စ

ကြယ်စင်ရယ်. . .  
ကောင်းကင်ရယ် . . . . .
တိမ်ပန်ချီအနုလက်ရာ
ည . . . . . .
'' လှတယ်''လို့ ပြောကြပါစို့။

ပုံပြင်တွေ ရွက်တပ်ခဲ့တဲ့
စိတ်ကူးယဉ် ပင်လယ်လမ်း
အဖေရယ်. . . .
ဘာကြောင့်များ မုန်တိုင်းတွေ
မထန်ခဲ့တာလဲ။
ဇင်ယော်တွေ ဝဲပျံ
ချစ်စရာ့ ဟန်ကလေးများ . . . . .
ငါးကလေးတွေ ဆပ်စလူးကူးခတ်
မြူးကြွ သဏ္ဍန်.   . . . . . .

ရန်သူ . . .
အနိဌာရုံ . . . . .
အလှမဲ့မူ  . . . . 
ကလဲ့စား . .   . .   .
ဘာမှမပါ။
ဇာတ်ကျောရိုးမှာ
အံ့ချီးစရာမရှိပေမယ့်
အဖေက
ဂေဟ ဥယျာဉ်မှူး

ပုံပြင်တွေနဲ့ လူလားမြောက်ခွင့်ရခဲ့တယ်။

ကြွေတလှည့် ကြက်တခုန် ကစားပွဲမှာ
အရှုံးနဲ့ အနိုင် ရင်ဆိုင်အပြိုင်လုကြတဲ့အခါ
စိတ်ခံစားမူနံရံတချပ်ခြား
တကယ်က
တသားထဲပါ။
သန့်စင်စွာ အရှုံးပေးလိုက်ခြင်းဟာလဲ
လိပ်ပြာလွင့်မတတ်
ကြီးမြတ်ပါသတဲ့။

အနောက်တောင်တောက
ပဲခင်း နှမ်းခင်းတွေအကြောင်းပါသလို
အင်းတောင်ကြီးပေါ်က
ကျောက်သားကို ကုပ်ခြစ်
မဟာလူသားဖြစ်နေကြတဲ့
အင်းတဲသားကြီးတွေအကြောင်း
. . . . .
ဘယ်မေ့ကောင်းမလဲဗျာ။

ည . .
တကယ်လှပါရဲ့။
စိန်မြရံခြယ်သ
မှန်နန်းက ဧကရီလို
တထီးတနန်း  မဆန်းလှပေမယ့်
တောရပ်က ကညာ
သနပ်ခါးရည်ကျဲလေး
သိပ်လှတဲ့ ည
'' ဟိုး ရှေး ရှေးတုန်းက ''နဲ့ စခဲ့တယ်။    ။

                             (၂၄)
                          ///////////

ရှော့

ကမ္ဘာ . . . . . .
စက်ရုပ်က စက်ရုပ်ထုတ်မယ့်ပုံ။

မြန်မာ . . . . . . .
ရုပ်သေးရုပ်က ရုပ်သေးကြိုးဆွဲရင်း
မရှင်းမလင်း အခင်းအကျင်း
ရှင်းရင်းရှုပ်
ဒါအလုပ်မှ မဟုပ်တာဗျာ။  ။

                              (၂၅)
                         ////////////

အရောင်မဲ့ ရာသီ

ဟိုး . . . .
မြမြက်လွှာပေါ်မှာ ဆင့်ဆင့်မိုးခဲ့တဲ့မြူခြေ
ဘယ်အရာက မှုန်ဝေစေခဲ့သလဲကွယ်။
ဟာတာတာအလင်းဓာတ်အာရုဏ်နဲ့
မခုံမင်ဖြစ်တော့တဲ့ ရွက်စိပ်စိပ်ဗာဒံပင်မင်းမှာ
ချစ်ခြင်းကို ရိုးစင်းစွာ ယုယမိသူအတွက်
တစိမ်းဆန်မျက်လွှာတွေနဲ့
မဆီးကြိုပါနဲ့လား။
ဆွေ့ဆွေ့ခုန်နေတဲ့ လေညှင်းအလူးအလွန့်မှာ
ဖွဖွလေးဝဲတတ်တဲ့ ရွက်ကြွေတွေရဲ့ သဘာဝကို
နှစ်ဦးအတူ ရူငေးရတာလောက်ချိုမြိန်တဲ့ အရသာဟာ
ချစ်သူမြေမှာသာ တင့်တယ်မှာပေါ့
မိန်းကလေးရေ. . . . .။

ဟိုး. . . . .
မြမြက်လွှာပေါ်မှာ ဆင့်ဆင့်မိုးခဲ့တဲ့မြူခြေ
ဘယ်အရာက မှုန်ဝေစေခဲ့သလဲကွယ်။
အချိန်အတော်ကြာ တွေးဆကြည့်ပေမယ့်
အဖြေမရှိတဲ့ နိမိတ်ပုံတွေ
ဆေးမစုံပေမယ့်
အိမ်မက်ဖြစ်ခဲ့တာကိုက
ကြည်မွေ့စရာပါ။ ။

                             (၂၆)
                          ///////////

လှောင်ရယ်သံတွေ အဆုံးမှာ. . .

မင်းဆုတ်ဖြဲလိုက်တဲ့
စက္ကူဖြူ တပိုင်းတစ . . . . 
မင်းလွှတ်ပစ်လိုက်တဲ့
ကဗျာစာအုပ်လေးထဲမှာ
တို့အားလုံးရဲ့ နှလုံးသွေးနဲ့ ရေးခြစ်ထားတဲ့
ခပ်ညံ့ညံ့ဝါကျတွေဟာ
ဖြောင့်တန်းတဲ့ ရပ်တည်ချက်
ဘယ်တော့မှ  . . .
အိုဟောင်းမသွားတဲ့
အသစ်စက်စက်သံစဉ်ချိုတွေ. . . .

မိဖြူရေ . . . .

အညစ်အကြေး
ကိုယ့်ချွေးနဲ့ ပြန်ဆေးနေသူတွေပါ။

အဲ့ဒီခါးသီးမူတွေလေ. . .  
ဘဝတကွေ့ရဲ့
လမ်းတကွေ့မှာပဲ ထားခဲ့တယ်။
ကိုယ်တို့ဘဝရဲ့ နာကျဉ်းစရာဟာ
အသောဇာတ်ရဲ့ ပြက်လုံး
ပြီးလွယ် ပျောက်လွယ်
ဟက်ဟက်ပက်ပက် ရယ်ရွင်နေကြဆဲ။
အမည်မတပ်ဖြစ်တော့တဲ့
လစ်ဟာမူတခုနဲ့ပေါ့။ ။

                            (၂၇)
                         ///////////

အလင်းပျောက် ရာသီ

မိုးသည်းနဲ့ လေပြင်း
စီးချင်းခင်း
အလင်း . . . .
ဖျက်ခနဲပြို
တိမ်တခို
ညိုနေဆဲ။                            
 
သည်းပုံများကွယ်. . . .  
သာယာဖွယ်ကောင်းကင်အောက်
ရောက်ရမယ်ဆိုတဲ့နေ့
ငါတို့ တွေ့ရဦးမှာလား။

                     

                              (၂၈)
                         /////////////

ခေတ်
     
              အဖြူနဲ့ အမည်း
        မသဲကွဲ ဖန်သားပြင်
                         ကြန်းအင်မစုံခဲ့တဲ့
                     ဇာတ်ဝင်ခန်း . . . . .
                လူကြမ်းတွေ အဖမ်းခံရရင်
              လက်ခုပ်ထတီးကြ
                      လက်ခေါက်မှုတ်ရနဲ့
          သမိုင်းပေး တာဝန်တော့ မဟုပ်ပါ။
       တရားမျှတမူအတွက်
            သူတတ်တဲ့ ဘာသာစကားနဲ့
                        ထွက်ဆိုတတ်တဲ့
              ရွာကလေး . . . . . .။

       ချစ်သူတို့ရဲ့လမ်းခွဲ
                 ကြေကွဲပူဆွေးရ။
    မအောင်အီးတတ်တဲ့ ရွာကလေးဟာ
            ဘာမရ ညာမရ
          မျက်ရည်တွေ ကျခဲ့တယ်။

                   စိမ်းဝါနီပြာ
           ရောင်စုံတွေ မပါတဲ့ခေတ် . . . .။
ရွာကလေမှာ
          အဖြူနဲ့ အမည်း နှစ်မျိုးပဲ ရှိခဲ့တယ်။

          အခုတော့ . . . . .
       ရောင်စုံဖန်သားပြင်ကြီးရှေ့မှာ
         ကျရှုံးသွားတဲ့ ရက်စက်မူတွေအတွက်
     လက်ခုပ်သံတွေ တိတ်ဆိတ်ငြိမ်းသက်  . . .. . . . . . . .       ။
              ကြေကွဲစရာ လွမ်းခန်းတွေလဲ
            မျက်ရည်တွေ မဲ့လို့ဗျာ။

             သြော် . . . . .
           ခေတ်တွေ တကယ် ပြောင်းသွားခဲ့ပြီကိုး။   ။

                                  (၂၉)
                             ///////////

ဝေး

     အဲ့ဒီကျောက်သင်ပုန်းလေးပေါ်က
ဖြူဖြူစင်စင် ဝလုံးလေးတွေ
              အကြိမ်ကြိမ်ရေး
     အကြိမ်ကြိမ်ဖျက်ခဲ့ကြ။
            
           . . . . . . . .
. . . . . .
         . . . . .. .  .         . . .  . 
               
                သတိရခြင်းဘာသာစကားနဲ့
         ရေးထွင်းခဲ့ကြတဲ့ ယူကလစ်ပင်စည်က
                   အသည်းပုံမှတ်တမ်းလွှာ
           ရာသီတွေကျော်လွန်သွားချိန်တိုင်း
          မှိန်မှိန် ဝါးဝါး ပါးလျသွားခဲ့တယ်။
     ပင်အိုကြီးရဲ့ ရင်ဘတ်က တံဆိပ်ခတ်ခဲ့တဲ့ အမှတ်အသား
                   စည်းတချက်ခတ်တိုင်း
      သံစဉ်တွေ ရေစီးမှာ ကမ်းပြိုသွားခဲ့တယ်။
         . . . . . . . . . . .
. . . . . . . 
                   . . . . . . . . . . .
. . . . . . . .   . . . .
                  . . . . . . . . . .
        
        ထားခဲ့တော့ . . . .မေ
        မပြတ်စီးခဲ့သမျှ
                    သမုဒယရေအလျဉ်ကြောမှာ
                  ကိုယ်တယောက်သာ
                မျောပါရစေ။
            . . . . . . .
. . . . . . .
               . . . . . .   . . . ။    ။

                                 (၃၀)
                             ////////////

ခြေသလုံး အိမ်တိုင်

ကောင်းကင်ပြာနဲ့ မြေလွှာကြား
ပိတ်မိနေတဲ့ ပိုးမွှားတကောင် . . . . .
နေသာသလို နေခွင့်ရခဲ့ခြင်းဟာ
ကျေးဇူးတော်ရဲ့
အမြစ်လား
အသီးအပွင့်လား
အကြောင်းလား
အကျိုးလား
အမှန်လား
အမှားလား
. . . . .
. . . . . .
. . . . ။
ဒီလောကမှာ
" ဖြစ်ချင်တာ ဖြစ်ခွင့်ရှိတယ်"ဆိုတာ
" ရူသွပ်ချင်တာ ရူပ်သွပ်ခွင့်ရှိတယ် " ဆိုတာနဲ့
တူညီနေလား
ဆင့်ပွား အဓိပ္ပါယ်လား
ဆန့်ကျင်ဘက်သဘောတရားလား

ဒွိဟတွေသယ်လာတဲ့
ပိုးမွှာတကောင်
ကောင်ကင်ကိုမာန်ဖီး
မြေကြီးကိုအာခံခဲ့တယ်။
ဘယ်လောက်ပိတ်ပိတ်
တရိပ်ရိပ်ရွေ့ ။     ။

                             (၃၁)
                      ///////////////

သွက်ချာပါဒ
____________

လောင်းကျွမ်းတိုင်း
အလင်းမဆောင်နိုင်ကြတော့။

ပခြုပ်ဆိုင်ထဲမှာတော့
အလှတရားဆိုတာ တံဆိပ်ကပ်မထားတဲ့ရောင်းကုန်. . . .
မယုံရင်ဝင်ကြည့်ဗျာ။
လောကကြီးက မနူးညံ့ဘူးလို့
ညည်းငြူကြလိမ့်မယ်။

စနက်တံဖြုတ်ထားတဲ့ ဗုံး
ကိုယ်ဟန်ပြမယ်တွေနဲ့ ရင်ဘောင်တန်းကြမယ့်
ခေတ်တခေတ်ကို
လက်ခုပ်တီး လေချွန်ခေါ်ခဲ့ကြတာ။
ပြန်မလွှတ်နဲ့ . . .
ပြန်မလွှတ်နဲ့ . . . . .
ရင်ဘတ်နှစ်ခြမ်း ဗြန်းဗြန်းကွဲပါစေ
ပေါက်ကွဲစမ်းတဲ့ဗျာ။

ဟား ဟား . . . . .

အဲ့ဒီအမျိုးကောင်းသားတွေရဲ့
မျက်ကွင်းမှာ နံဟောင်နေတဲ့
ကီလေသာအညှီအဟောက်တွေ
ယင်မည်းရိုင်းတွေ တ၀ီဝီနဲ့တောင်
မျက်တောင်မခတ်ရက်လို့ပါတဲ့။

နှစ်ပြားမတ်တင်း ယဉ်ကျေးမူကို
န၀ရတ်ကိုးသွယ် အလိုက်ပေး အလဲအထပ်လုပ်ရတာကို
ဂလိုဘယ်လို့ ထမင်းရည်ပူ လျှာလွှဲချင်ကြတယ်။

သြော် . . . .
မြို့မငြိမ်း မြို့မငြိမ်း
အခုတော့
ခင်းများကို တန်ဖိုးထားတာ
လမ်းပေါ်ကထီသည်လေးပဲ ရှိတော့တယ်။

    

                           (၃၂)
                      /////////////

စိတ္တဇနာမ် ရှာပုံတော်

ကြိုးမပေးနိုင်လို့
ဖြတ်ချလိုက်ရတဲ့ လေတံခွန်လေး
ကဆုန်ပေါက်ပြေးလွှားနေချိန်မှာ
ကျနော်ပြောချင်တဲ့ ဘာသာစကားတွေ
သူမကြားနိုင်တော့ပါ။

ကိုထီးရေ . . .
" အမြင့်ပန်းကို ပန်ဆင်ချင် လာတတ်တဲ့တနေ့မှာ
ကမ္ဘာဟာ ရူပ်ထွေးတတ်သလား။"
ကျနော် မသိခဲ့ရိုးအမှန်ပါ။

ကျနော်ငယ်ငယ်က
စိတ်ကူးနဲ့ ဆစ်ခဲ့တဲ့
ဘ၀  ကြာပန်းကုံးလေးဟာ
ဒီထက်လှတယ်။
တကယ်တော့. . . . .
အလိုမကျမူဆိုတာ
လိပ်ပြာငယ်ရဲ့ အတောင်ပံမှာ
ရောင်စုံခြယ်ထားတဲ့ ဆေးစက်တွေပါ။

ရူးရူးမူးမူး ဖူးချင်ခဲ့တဲ့
ကုမုဒြာရေ . . . . .
ညရဲ့ အလှဟာ ဘယ်ဘုရားဆီမှာမှ
သစ္စာမဆိုခဲ့ဘူးနော်။
မိုးလေဆင်ချိန်မှာ
ကြွေရဲတဲ့ သတ္တိတွေ
အိမ်မက်ဆန်ဆန် ငုံခဲ့ရတာထက်
မြင့်မြတ်ပါလိမ့်မယ်။

ကျနော်ရှာခဲ့တဲ့ စိတ္တဇနာမ်တွေဟာ
ဂလိုဘယ်ခေတ်ရဲ့ အဆောင်ယောင်တွေကြား
ငွေဆည်းလည်းသံတချွင်ချွင်လို
ဘ၀င် ပသာဒမရှိတော့တဲ့အခါ
ကျနော်တယောက်ထဲ ညည်းမိတဲ့
သီချင်တပုဒ်ဖြစ်စမ်း
ဝမ်းမနည်းတော့ပါ ။ ။

                        (၃၃)
                      /////////

မာနတွေ ကာထားတဲ့ကောင်

မပိုင်ပေမယ့်
ဆက်နွယ်ပါတ်သက်သမျှ
ခရုခန္ဓာအိမ် . . . ။

သိမ်ငယ်မူ သမုဒယအတွက်
အရေခြုံ အယောင်ဆောင် ကျက်စား
တရွေ့ရွေ့နဲ့ တနေ့နေ့ဆီ . . . ။

အနိုင်ယူဖို့အတွက်ဆို . . .
အဆွယ်တချောင်း
သန်မာခိုင်ကျည်တဲ့ ကြွက်သား
ထက်ရှတဲ့ အားအင်
. . .
. . . . .
ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ရဲလောက်အောင်
ကြောက်ခဲ့တယ်။

တကယ်တော့ . . .
အသက်ရူဖို့ ကာကွယ်ကြတာဟာ
ဖြစ်တည်မူကို သက်သေပြဖို့
လောက သီအိုရီထင်တယ်။
ခုန်နေတဲ့ နှလုံးသားတခုရှိနေတာကိုက
လုံလောက်နေပါပြီ။

ကိုယ့်လမ်းကို ရဲရဲလျှောက်ဖို့
မာရေကျောရေ ခရုခန္ဓာအိမ်တခုမှာ
ခေါင်းမော့ပြီး သိမ်ငယ်ရတာများ
အရသာရှိပါရဲ့ဗျာ။ ။

                             (၃၄)
                          ///////////

ခရေဖတ်စာ

မြက်ရိုင်းသစ်နွယ်
လှိုင်းအထပ်ထပ်
ခြေချစရာ နေရာကျဉ်းကျဉ်းလေး
လမ်းကျဉ်းကျဉ်းလေး. . .
ဘ၀ကျဉ်းကျဉ်းလေးထဲမှာ
မြွေတွေ့ရင် ရင်ခုန်
ဖားတွေ့ရင် ရင်တုန်ရ
လွမ်းစရာ စုံစီနဖာနဲ့
ကျောင်းတော် . . . ။

ကျနော်တို့ရဲ့
လူမသိ သူမသိ
ပန်းကြွေတွေ ဖြန့်ခင်းထားတဲ့ ပရ၀ုဏ် . . . .
လူမသိ သူမသိ
ရွှေချထားတဲ့ ကြီးမြတ်မူ. . . . .
လူမသိ သူမသိသမျှ
ပွင့်အာဖို့ ရှက်နေတဲ့ ခရေတွေ . . . .

စိတ်စွဲတိုင်း မက်ခဲ့ကြတဲ့ အိမ်မက်မှာ
နှုတ်ခမ်းတလန် ပန်းတလန်နဲ့
ငယ်မူသွေးတွေ လိမ်းကျံထားတဲ့
ဆယ်ကျော်သက် ငှက်ကလေး . . .
ကျနော်တို့ဘ၀တွေထဲက
အခုတော့ ထပြန်သွာခဲ့ပြီ။

ဥဒါန်းမတွင်
သမိုင်းမ၀င်ခဲ့တဲ့ ခရေပင်တန်းကလေးမှာ
အခုထိ
မမွှေးမြနိုင်သေးတဲ့ ခရေပန်းကလေးတွေ
ရောင်းပန်းမလှခဲ့တဲ့ ခရေပန်းကလေးတွေ
သုံးရာသီပွင့်နေဆဲ။
ခင်းများဖတ်နေတဲ့ ၀ါကျတကြောင်းဟာ
ခရေဖတ်စာက လွင့်ကြွေကျခဲ့တဲ့
ကဗျာတပုဒ် . . . .
ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ။


                           (၃၅)
                      ///////////////

ပန်းပွင့်ခြင်း

စက္ကူပန်းပါ  မေ. . . . .
အလှမဝေ
ရနံ့မသင်း
ပန်းပွင့်ခြင်းကိုသာ အနုပညာလို့
တွယ်ဖက်မိတဲ့အခါ
ဘ၀ကိုခုံမင်တတ်ခဲ့ပြီ မေ. . . . ။ ။


                          (၃၆)
                     //////////////

ဒီတမိုးနှောင့်

မနက်အိပ်ယာနိုးရင်တောင်
ကောင်းကင်ကို တချက်မော့ကြည့်ပြီးမှ
မျက်နှာသစ်တဲ့ရွာကလေး. . . . . . .။

အပါယ်လားချင် လားပါစေ
မဲစာရွက်ပေါ်
" မိုးလေ၀သ ညီညွတ်ပါစေ" ဆိုတာသာ ရေးထားခဲ့တယ်တဲ့။
ကောင်းဗျာ. . . .

ဗျို့ . . . . .
ခင်များကက်ဆက်ကြီး ပိတ်လိုက်ပါတော့လား။
အဲ့ဒီ ကိုရင်သိန်းတန်ရဲ့
" မိုးရေ တက်ရေ တဖွေးဖွေး . . . .
. . . . . . . . . . . . . ." ဆိုတာကြီးက
ကျုပ်တို့ကို လှောင်နေသလိုကြီးဗျာ။

ဘကြီးညိုရဲ့
"ကြောင့်ကျခပ်သိမ်း ကင်းဝေးကြပါစေ"ဆိုတဲ့
မေတ္တာဓာတ်တွေလေ
လွှမ်းပါတ်ကမ္ဘာတည်ခဲ့ပြီလားတော့မသိ
ရွာကလေးကတော့ သက်ပြင်းပူပူကြီးတွေချ
ငူငူကြီး ငိုင်နေရပြီ။

လို၍မရသော ဆင်းရဲခြင်းတွေ
အုံနဲ့ကျင်းနဲ့ အထုပ်လိုက် အထည်လိုက်
နက္ခတ်မှားတဲ့ ရာသီခွင်တွေချည်း
ကန်ထရိုက်စွဲနေမိတယ်။

ကြည့်ပါလားဗျာ . . . .
ရင်ဘတ်ဟောင်းလောင်းနဲ့ ခရောင်းယာသားမှာ
ရေဆာတိုင်း အာခံတွင်း ပြင်းပြင်းဟခဲ့တာ
လက်တနှိုက် ပက်ကြားအက်တွေ . . . .
အဲ့ဒါတွေ ရွာကလေးက မချိ့တာဗျ။

အသုံးလုံးသာ သင်ခဲ့ရတဲ့ ရွာကလေးအတွက်
ဂေဟဗေဒစနစ်နဲ့ ဇလဗေဒကြားက ဆက်သွယ်ချက်ဟာ
ဝမ်းတထွာနဲ့ သမုဒ္ဒရာကြီးရဲ့ကြားက
နှိုင်းရသီအိုရီထက်
ဘယ်တန်ဖိုးကြီးမလဲဗျာ။

သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုးတွေ။
အခုတော့ . . . .
ရှိတန်ဆာ မရှိဝမ်းစာဆိုပဲ။
အရိတ်သင်းခံလိုက်ရတဲ့ တောင်တန်းကြီး
ကတုံးပြောင်ပြောင်မှာ အပူတွေကန်ထွက်နေရဲ့။

ဒီလိုပါပဲ . . . .
အင်းကောကြီးမှာလဲ ကြာဖြူတွေ မဝေနိုင်ရှာတော။့
ရွာကလေးကတော့
လောဘတ၀က် ထင်းတ၀က် သယ်တိုက်လာတဲ့
လှည်းကလေးပေါ်မှာ
ချွေးဒီးဒီးနဲ့ ရေဆာနေရှာပြီ။         ။

                                  (၃၇)
                             ////////////

" ရမ္မက် "

စုံစုံမြုပ်တော့မယ့်နေမင်းကြီးရေ. . . .

စက္ကူပန်းရုံလေးကြား ခဏမေးတင်ထားစမ်းပါ။

မိုးကြီးမချုပ်ခင်မှာ

ဘ၀ကို အပေါ့အငန် မြည်းစမ်းကြည့်ပါရစေ။

မြေလွှာရဲ့ အခေါင်ခိုက်ဆုံးတနေရာက

ပရိယေသန . . . . . .

ဟုပ်တယ်

ကုသိုလ် အကုသိုလ်ရဲ့ ဖြစ်တည်မူသစ္စာ

ခဏဆို ခဏ

မင့်မျက်တောင်တံခါးတွေ သော့မခတ်လိုက်ပါနဲ့။

ကျေးဇူးပြုပြီး သော့မခတ်လိုက်ပါနဲ့။

မင့်ဆီက အရာရာ တက်မက်ခြင်းထဲက

တစုံတရာ ဖဲ့ခြွေခွင့်ရမယ်ဆို

သိင်္ဂါရအသိသညာနဲ့ ထုသားပေသားကျနေတဲ့

စွန့်စားမူမျိုး . . . . . . . .

အနုရသရဲ့ ခက်ထန်မာကျောမူတွေ

ခိုအောင်းနားနေ လျောင်းစက်ကြပါစေ။

                            (၃၈)
                      //////////////

မျက်လုံးများ
             ______________

        အမေ့ဆီက
         မိခင်တယောက်ရဲ့ အားတွေအပြည့်ထည့်ထားတဲ့
မီးအိမ်တလုံး လက်ဆောင်ရခဲ့တယ်။

              အဖေ့က
              " ရွှေအိုးထမ်းလာတာ မြင်ရရင်
       ဘယ်လောက်ကောင်းမလဲ" တဲ့
      တဖွဖွပြောတယ်။

ကျနော့်အကိုက
နိုင်ငံရေး စိတ်ဝင်စားတယ်။
ကျနော်က ကဗျာကို ချစ်တယ်။
သူ "တောက်" တချက်ခေါက်တိုင်း
ကဗျာတပုဒ် ထထရေးတာလေ။
အဲ့ဒီလို အဲ့ဒီလို . . . .
ထမင်းမေ့ ဟင်းမေ့ရူးကြတိုင်း
အမေ့က
"ကိုယ့်အလုပ်ကို မလုပ်ဖူး"လို့မှတ်ချက်ပေးတယ်။
ကျနော်တို့ အလုပ်က ဘာမှန်းရေရေရာရာမသိပေမယ့်
ကျနော်နဲ့ ကျနော့်အကို
ဘယ်တုန်းကမှ ရန်မဖြစ်ခဲ့ကြဘူး။

                ညီ ညီမ တူ တူမတွေက
             အိုးဖင်ကပ်ပါတဲ့ ရေနဲ့
           ဘောင်ဘင်ခတ်ခိုင်းကြတယ်။
               ငါတော့
အဲ့ဒီ ပုစ္ဆာမတွက်တတ်ဖူးလို့ ပြောမိတာ
         သိပ်ဝမ်းနည်းတာပဲဗျာ။

                 အပေါင်းအသင်းတွေက
              " သားကြီးအဆင်ပြေလား"လို့ မေးရင်
           ထီလက်မှတ်တစောင် ကောက်ရသလိုဘဲ ။    
                   ဒါပေမယ့် . . . . .
               ကျနော်ပျော်တယ်။

               ကျနော်တနှစ်က
            မျက်စောင်းထိုးတတ်တဲ့ အရုပ်ကလေးတရုပ် ကောက်ရခဲ့ဖူးတယ်။
               ကလေးမဟုပ်တော့
           တယုတယသိမ်းမထားမိဘူး။
        မခို့တရို့ မျက်စောင်းတွေ ဖွေးဖွေးလှုပ်ပွင့်နေချိန်မှာ
                 ကျနော်မူးမေ့သွားခဲ့တယ်။
             သတိရချိန်မှာ သူမရှိတော့ဘူးဗျာ။
           
              ကျနော်က မြေကြီးပေါ်မှာလမ်းလျှောက် ကျင့်တယ်။
              ကျနော့်ပါတ်ဝန်းကျင်က
            ကောင်းကင်ကို ခြေကန်ပြီး ဇောက်ထိုးလျှောက်ကြတယ်။
        သူတို့ကပြောတယ်။
"လူ့ဂွစာလေး"တဲ့။
       သိပ်လှတဲ့ အနွတ္တသညာဗျာ။
     တကယ်တော့ ကမ္ဘာကြီးဟာ
               စကြ၀ဠာကြီးထဲက မြူမှုန်မွှားလေးဆိုပဲ
                ဘာမှ သိပ်မဆန်လှပါဘူးဗျာ။

                မယုံမရှိနဲ့ဗျာ . . . .
              ကျနော့်တကိုယ်စာ လမ်းကလေးရဲ့
          ဘေးတဖက်ဆီမှာ နီယွန်မီးချောင်းတွေထိန်လင်းလို့။
                  ဒါနဲ့တောင်
              ကျနော်ဟာ
ညငှက်တကောင် ဖြစ်ချင်နေခဲ့တယ်။    ။

                             (၃၉)
                       //////////////

အတုအယောင်

ပျော်သလိုလိုရှိခဲ့တယ်။
တကယ်တော့
ဒါဟာလဲ. . . .
လှည့်စားမူ မာယာတွေနဲ့
သရိုးမံထားတဲ့
သွက်သွက်ခါ ရူးသွပ်မူ ဖြစ်နေမလား။

ငါကလဲ ငါပဲလေ . . . . .
အနှစ်သာရနဲ့ ပကတိတရားကို မမြင်နိုင်အောင်
ဥမ္မတကောခဲ့မိတယ်။
ဆုံတွေ့ခြင်း အတု
ချစ်ခြင်းအတုတွေနဲ့
အခုတော့ လေ
လမ်းခွဲအတုမှာ
မျက်ရည်အတုတွေ . . . ။
ငါမှာလဲ . . .
နာကျည်းချက် အတုတွေနဲ့ ပါပကော။  ။

                            (၄၀)
                    ///////////////////

ကိုယ်စီ

သူတို့ဟာ. . . . .
ဟိုး . . . မိုးသားတိမ်စွန်း
လွန်းထိးုခေါက်တုံ ပျံသန်းကြ။
ငါက . . . .
မိုးကုတ်စက်ဝိုင်း အနားသတ်က
ငါ့ဋ္ဌာနေ အရပ်ဆီ . . . . . .။

သူတို့တွေ . . .
ဂလိုဘယ်နံရံတွေကြား
ခေါင်းကြပ်ကိုယ်ကြပ်
တိုးဝှေ့နေချိန်မှာ
ငါ့ကြမ်းကြားလေတွေ
ကာဗွန်ဖလူရိုမဲ့ အေးစက်စက်။

သူတို့်ရဲ့ မနက်စာ
ဟန်ဘာဂါတလုံး သီအိုရီတွေနဲ့
မြိုချလိုက်ချိန်မှာ
ငါက
ကာရန်တွေ ကုတ်ဖဲ့လို့
ကိုက်ခဲနေတဲ့ မှုံဝါးဝါး ခံစားမူတွေနဲ့
အရင်ကထက် ပြာလွင်လာတဲ့
ကောင်းကင်ကြီးကို
သိမှတ်လွတ် ငေးကြည့်နေမိတယ်။

... . . . . .
. .
. . . . . .
. . . . .
. . . . . . .
. . . . .။


သူတို့မှာ . . .
ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့
ဦးနှောက်ရင့်ရင့်ကြီးတွေ ရှိတယ်။
ငါ့မှာ . . . .
ထိခတ်တိုင်း ပွန်းပဲ့တတ်တဲ့
နှလုံးသား နွမ်းနွမ်းလေးရှိတယ်။

အချိန်ဆိုတဲ့ ပန်ပုဆရာဟာ
ဘာသာဓလေ့နဲ့ အသက်ရူသံတွေ
တလွှာချင်းပိုင်းဆစ် ။
အသစ်ဖြစ်ခဲ့ရတယ်။
သို့ပေမယ့် . . . .
ကျောင်းလမ်းကလေးရဲ့
နဘေးဝဲယာက ခရေပင်တန်းကလေးတွေဟာ
ဘယ်သူဘယ်ဝါမရွေး
ပြန်ဆိုတိုင်း သီချင်းတပုဒ်ဖြစ်နေဆဲ။
ပြန်ရွတ်တိုင်း ကဗျာတပုဒ် ဖြစ်နေဆဲပါ။

                             (၄၁)
                        ////////////

ကွမ်းတောင်ကိုင်
________________

ငါ့ရဲ့
ကွမ်းတောင်ကိုင်မလေးရေ. . . .
ပွဲမ၀င့်သူမှာ
မင့်မျက်လွှာတခါပွင့်ချိန်ဆို
စည်ဗျောသံတွေ သာလှရဲ့ ။

သဲဖြူဖြူလမ်းကလေးဟာ
မြန်မာဆန်သူတွေ လျှောက်ခဲ့တဲ့
ခေတ်အဆက်ဆက်
ကုဋေတသန်းတွေ ဖိတ်စင်လို့
အညာလေ အထိအရှမှာ
လူးလွန့်ခါသွားတဲ့
ရှေးရိုးဟန် ဆံနွယ်တွေများ
လျှိုးလိုက်ရတုတွေ မှေးမှိတ်သွားခဲ့တယ်။

ငါ့ရဲ့
ကွမ်းတောင်ကိုင်မလေးရေ .. . .
ဓာတ်စက်ကလွင့်လာတဲ့
ဦးရွှေရိုး နဲ့ ဒေါ်မိုး
အချီအချ သရော်တေးဆိုတာ
ငါ့ကို လှောင်ပြောင်နေကြသလို။
မင်းနဲ့ဝေးဝေး
ဟော့ဒီလို . . . နွေလများ
အလွမ်းခက်ခက်
ခါးသက်သက်နိုင်လှချည့်။

သိလိုက်ပြီလေ. . .
အောက်ကလိအာရဲ့ အလင်္ကာမှာ
ပန်းတွေဝေတဲ့ ညနေခင်းလေး
အလှပေါ်အယဉ်ဆင့်လို့။

ငါရဲ့
ကွမ်းတောင်ကိုင်မလေးရေ. . . . .
မင်းဟာ
ရွှေမြန်မာရဲ့ ဣနြေ္ဒရင့်ရင့် မှတ်တမ်းမှာ
ရွှေတံဆိပ်တွေ တပွေ့တပိုက်နဲ့
ပြုံးပြုံးလေး လှနေခဲ့သူပါကွယ် ။     ။

                                (၄၂)
                         //////////////

ညည်းချင်း
_________

ခဏခဏ ပြန်စခဲ့တဲ့ " တစ် "တွေ
ဘ၀မှာ ကျိုးကြေလို့။
ဒီမိုးအောက်
အများသောက်တဲ့ မိုးခါးရေကများ
မြိန်ရှက်နေလေသလား  ။     ။

                                (၄၃)
                          ////////////

အမြိုက်တေး
_____________

အတ္တတံလျပ်တွေ တရိပ်ရိပ် ယိုဖိတ်နေတဲ့
ကတ္တရာလမ်းလေးပေါ်မှာ
ချွန်မြစူးရဲနေတဲ့ နေညိုနှုတ်ခမ်းသားတွေနဲ့ ငါ
ရင်မြေမှာပွင့်တဲ့ နှင်းဆီတခင်း စိုက်ခဲ့ကြတယ်။
တချိန်မှာ ကဗျာဖြစ်ကောင်းရဲ့။
နီးနီးလေးနဲ့ နံရံတဖက်ဆီခြားနေခဲ့ကြတာလေ။
ဒီကောင်းကင်က သာယာတယ်မဆိုသာပေမယ့်
အိမ်ယာမဲ့တယောက်ရဲ့ ကျောပြင်က
ပထ၀ီဓာတ်နဲ့ နီစပ်ပါတယ်။
ငိုးကြွေးခြင်းဟာ လောကဓံစနက်ကြောင့် ဖြစ်ရတာဆိုရင်
ရယ်မောခြင်းဟာလဲ သိပ်မဆန်းလှပါဘူးကွာ။
ပေါက္ခရ ၀ဿ မိုးရေစက်တွေ သွန်းဖြိုးတဲ့အခါ
အသင့်ခံဖို့ မွတ်သိပ်ဆာလောင်နေတဲ့ ပက်ကြားအက် ရင်ဘတ်ရိုင်းရိုင်းကြီးအတွက်
နတ်မိမယ်. . . .
မင်းဟာမေခလာ မဖြစ်ခဲ့ဘူးနော်။
ရပါတယ်။
လောကနဲ့ မင့်ဆီက အများကြီး မမျှော်လင့်ဖြစ်ခဲ့တော့
မျှားတစင်းရဲ့ အဟုန်ဟာ ဆူးတချောင်းလောက်သာ အနာရခဲ့တယ်။
ဒီနောက်တော့ ငါနဲ့ငါဟာ
ဘယ်တော့မှ မဆန့်ကျင်ကြတော့တာ
ဒီနေ့အထိ ။
သိခြင်းနဲ့ မသိခြင်းကြားမှာ ခေါင်းတိုးဝင်လို့။
အိမ်မက်နဲ့ အိပ်စက်ခြင်းကြားမှာ ရှိနေမလား။
တွေးဆမူနဲ့ မေ့လျော့ခြင်းတွေကြား ခိုးနား။
ဖြစ်တည်မူနဲ့ လွန်မြောက်မူကြား ဝေေ၀၀ါးဝါး။ လူတန်းစား အဘိဓာန်မှာ
ဝိသေသ အမည်နာမ မရှိ။
တွယ်ညှိခြင်း မဟုပ်သလို
စွန့်ပယ်မူမဟုပ်တဲ့ ငြိမ်းအေးမူ အမြိုက်တေး
(မျက်စိများလည်သွား သလား။ )
လက်တကမ်းမှာရှိတယ်။
ဆေးမဖြစ်ခဲ့ရင်တောင် အဆိပ်မဟုပ်နိုင်ပါ။     ။

                                (၄၄)
                        ////////////////

ရွေးချယ်မူ သတ္တ၀ါ ( သို့ ) လူ

သဘာဝဆီက
အစာ၊ အဆိပ် ၊ ဆေး။

သခ်ာၤဆီက
သုည၊ ႀထီဂို ။

သိပၸံဆီက
ပင်နဆလင်၊ အဏုမြူ ၊ အင်တာနက်။

သမိုင်းဆီက
ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး ၊ စစ်။

ဒီခရီး ဒီထီးနဲ့ တန်သလား။
ဒီလမ်း ဒီပန်းနဲ့ တန်မလား။

လူဟာ
ရွေးချယ်ခွင့်ကို ပိုင်ဆိုင်တယ်။ ။

                             (၄၅)
                       ////////////

  ကြိုး
_________________________________________
_______________________
__________________________________________

•   သူ့သဘာဝကိုက
     ပျော့ပျော့ပြောင်းပြောင်း  
     နှောင်းနှောင်းနွဲ့နွဲ့
         သို့ပေမယ့်
         သန်မာတယ်။ 

  •   သူ့ ရပ်တည်မူဟာ
     အရိုင်းဆန်တဲ့ အနုပညာ။
     သို့ပေမယ့်
           ယိုင်နဲ့နဲ့ သစ္စာကို
          ကျားကန်လို့။

•    သူ့နိယာမဟာ
      တုပ်နှောင်ရစ်ပတ်
      အလှဓါတ်တွေ ကိန်းဝပ်နေရဲ့။

•   သူ့တကိုယ်ရေ ရှင်သန်မူအတွက်
      ဘယ်နှခါများ နေရာယူသလဲဗျ။
     သို့ပေမယ့်
            အပိုင်းပိုင်းခုတ်ဖြတ် သူ့ရပ်တည်မူကို
            ချေမှုန်းရက်ကြတယ်။

          သူ့ကိုဖြတ်တောက် ကြောက်မတဲ့လား။
                       ဆက်ထုံးရာ ဗရပွနဲ့
                  အဆမတန် သန်မာသွားတဲ့အခါ
                     သူဟာ . . . . .
                 ဒီလောကရဲ့ အလှသစ္စာကို
                              အသူရာကမ်းနက်ဆီက
                ဆွဲတင်နိုင်လိမ့်မယ်။   ။

"  သူဟာ ကြိုးတချောင်းပါ။  "

                               (၄၆)
                      ///////////////////

ကဗျာ

ဦးဏှောက်ဆီ
" ဒိန်း  "ခနဲ ၀င်ဆောင့်
နှလုံးသားဆီရောက်တော့
တသိမ့်သိမ့်စီးဆင်းသွားတယ်။
ကဗျာ . . . .
ချစ်တတ်သူတွေရဲ့ အက္ခရာနဲ့
ကောင်းကင်ပြာကို
ဆွဲဆန့်နေကြတယ်။  ။

                                   (၄၇)
                            //////////////

လူငယ်

    ဟုပ်ပါတယ်။
ခင်များတို့ပြောတဲ့ပိုးဖလံမျိုးပေါ့။
လူ့အန္ဓလို့တော့ အနွတ္တမမှတ်ကြပါနဲ့ဗျာ။
အလင်းတွေ . . .
ဆာငတ်တိုင်း
ကိုယ့်ကိုကိုယ် လောင်ကျွမ်းခံခဲ့ကြတာပါ။

                             (၄၈)
                     ////////////////

ဝိဥာဉ်ဝှက်တမ်းကစားခြင်း

နောက်ဆုံး . . . .
ဒါနောက်ဆုံးပါ။
မနွေးထွေးတတ်တဲ့
ရင်ခွင်ရိုင်း
ကျောခိုင်းခဲ့ပြီ။

ရုပ်ဆန်တဲ့ ရသမှာ
မွေ့လျော်သတဲ့လား. . . .
တိမ်ညိုတအုပ်မှာ အရုပ်ရေး
သွေးအေးအေးညနေက
ရော်ရွက်ဝါတွေပေါ်
ဖြတ်ပြေးတဲ့အခါ
အဆုံးအစမဲ့
လစ်ဟာမူတွေ ပြန်ရခဲ့တယ်။

ဘယ်အခါမှ
ပြန်မလာတော့ပါ။
မုတ်သုံတွေ .............
စိတ်တေလေသမျှ
အရူးထထနေရတာလဲ
ပင်ပန်းခဲ့တာ
ဘယ်နှရာသီ ချီနေပြီလဲ။

ပါတ်သတ်ဆက်နွယ်သမျှ
ခေါင်းငုံ့ခဲ့ရသူပါ။
ဆုံတွေ့ခြင်းရဲ့
နောက်တမျက်နှာမှာ
ခွဲခွာရမှာ ဓမ္မတာမို့
လွမ်းရဲနေပါပြီ။
လမ်းခွဲမှာပဲဆုံဆုံ
လမ်းဆုံမှာပဲ ခွဲခွဲ
ဘ၀နွေထဲမှာ
ဟိုတခါကလို
ခေါင်းငုံ့နိုင်တဲ့ သတ္တိရှိချင်တယ်။

                                (၄၉)
                          /////////////

လမ်းခွဲ

အဲ့ဒီခဏ. . .

သူက . . . .
. . .
. . . . .
စင်္ကြာဝဠာကြီးရဲ့
နက်ရှိုင်းမူကို ဦးညွတ်နေဆဲမှာ. .

ငါက. . . . .
အဏုမြူတလုံးရဲ့
ရှင်သန်မူကို
မေ့လျော့စွာ
ကဗျာစပ်နေမိတယ်။ ။

                          (၅၀)
                  /////////////////

ငယ်ချစ်
<>><<>>>

မျက်နှသွယ်လှစ်ဟ
ခဏဆိုခဏ
တယုတယ ကြည့်စေချင်။
သူမမြင်မှာ စိုးခဲ့တယ်။

သောတာရုံအသိ
သတိတရ
နားစွင့်ခံစား
သူမကြားမှာ စိုးခဲ့တယ်။

ရင်ခုန်ခြင်း ပန်းတပွင့်
ရနံ့ဝေစည်
ကြည်မွေ့နမ်းရှိုက်
သူမကြိုက်မှာ စိုးမိတယ်။

မကြားမမြင်
မကြင်မမွေ့
ဒီနေ့ထိမျော်လင့်နေဆဲ
မနက်ဖြန်ဆိုမရဲတရဲပေါ့ . . .
ဒီလိုနဲ့ . . .
တဖြည်းဖြည်း မှုန်ဝါးသွားခဲ့တယ်။

                             (၅၁)
                      //////////////

နှူတ်ခွန်းချိုသူ

ပြောလျှင်သွားတက်၊
ဖြူဝင်းလဲ့နှင့်
နှူတ်ဆက်တတ်သော ချစ်သူခင်။

သူနှင့်တွေ့စဉ်
ချိုလွင်မျက်နှာ၊ ကြည်သာမျက်ဝန်း
အနှံ့ရှက်သွေး၊ ချစ်သူလေးက မပီကလာ၊ ပီကလာနှင့်
ခွန်းနှုတ်တရာ ၊ တီတီတာတာ
ဆိုတတ်သည်။

နုထွေးနီမြန်း၊ သူ့နှုတ်ခမ်းက
ချိုတေးညင်သာ၊ ဆင်တန်ဆာကို
စိမ့်ဝင်ယစ်မူး၊ ကြည်နူးစဉ်က
သူ့အလှတွင်
ဖြူစင်ချွန်ထက်၊ သွားတက်ကလေး
အိမ်မက်မြေပင်၊ နှောင်ရစ်ငင်တတ်။

အခုမှ
ပြန်စဉ်းစားကြည့်။
ချစ်မိသူက၊ လူတကာကို
ကြည်သာမြူးပြ၊ အနုသယနှင့်
သွားလျှင်ချွန်ထက်၊ သွားတက်ဖြစ်အောင်
မြူဆွယ်တတ်သူလေး,များလား။
သံသယနှင့်အတွေး
ချစ်သူလေးရဲ့
ဖြူစင်ဖွေးလက်၊ သွားတက်လေးကြောင့်
မှေးစက်မရ
အိပ်ပျက်ညတွေများခဲ့သည်။

                             (၅၂)
                        ///////////

အလင်းနှစ်များနှင့် ခရီးသွားခြင်း
  
            ရေဒီယို အမြဲနားထောင်တတ်တဲ့
               အဖေကပြောတယ်။
             အဲ့ဒီနှစ်က
                 လာနီညာနှစ်ဆိုပဲဗျ။
                သူ့အခင်းက နှမ်းတွေလဲ
             သောက်သောက်လဲ ပိုးကျသတဲ့။
             လမ်းပြောင်ပြန်မောင်းတတ်တဲ့
                ရေနွေးစီးကြောင်းနဲ့ 
              ရေအေးစီးကြောင်းတွေကို
                  ဘယ်ဥပဒေနဲ့ တရားစွဲရမလဲ။
              ဒါ ကျုပ်စိတ်နဲ့ ကျုပ် ပဋိပက္ခမှာ
                  ပွင့်လာတဲ့ စကားတပွင့်ဖြစ်လိမ့်မယ်။
          
            သူဟာသူမှ
             ကျုပ်တို့ မတ်မတ်ရပ်ဖို့
                 ၂၃ ၁/၂ဒီဂရီတိမ်းစောင်းလိုက်ရတဲ့
            ကမ္ဘာဆီက
          ကျုပ်တို့ ထပ်ကာထပ်ကာ ပူဆာနေရတာရော
              ကောင်းကြသေးရဲ့လား။

                စကြာဝဠာ ယန္တရားမှာ
             အံချော်နေတဲ့ ခွေးသွားစိတ်တွေထဲ
                ကျုပ်လဲ ဘာသားနဲ့ ထုခဲ့တာမို့လဲဗျာ။
             ပါတာပေါ့   . .  . .  .။
                
                ဒီလိုသာနေကြရင်
            ကမ္ဘာကြီးပူနွေးရတဲ့ အကြောင်းချင်းရာမှာ
               ကျုပ်လဲ
               တရာခံ စက်ကွင်းလွတ်မယ်မထင်ဘူးဗျ။
           အဖေကို တိုင်ပင်ကြည့်တော့
               " ငါစဉ်းစားထားပါတယ်ကွာ၊
               ဒီနှစ်တောင်ရိုးမှာ သနပ်ခါးချမလားလို့" တဲ့။
                ဦးဏှောက်မှာ
            နောက်ထပ် ၀ိရောဓိတခု
            တိုးလာတာပဲ အဖတ်တင်တယ်။
  
               ထောင်ချောက်မှာ အစာငမ်းမိလို့
            သေးရတဲ့ ကြွက်ကလေးတွေရယ်။
                 ပျံသန်းရင်း ကွန်ချက်ဝမ်းမှာ
          နေရတဲ့ ငှက်ကလေးတွေရယ်။
                စိတ်လှောင်အိမ်ထဲမှာ
              အလင်းနှစ်နဲ့ ခရီးသွားခဲ့ရင်း
              စိတ်အကျဉ်းသားဖြစ်နေဆဲ ကျုပ်ရယ်။
           အရာရာဟာ လွတ်လမ်းမဲ့  . . . .
              
                   ဒီတရာသီမှာ
              ဘာကြောင့် နာရီလက်တံတွေ
            ပြောင်းပြန်လည်ခဲ့သလဲ ဆိုတာ
                 သိဖို့လိုသေးလား။

                   တကယ်တော့
                ကျုပ်စိုက်ခဲ့တဲ့ သစ်ပင်ဟာ
              ဖုန်းဆိုးမြေယာမှာမို့
                ကြုံလှီသေးကွေးခဲ့တာ
                ထင်ပါတယ်။   ။

                               (၅၃)
                            //////////

ဇော်တင် အင်းတဲ


သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...